မန္တလေး၊ ဖေဖော်ဝါရီ ၂၆
မန္တလေး တိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အောက်ညဉ့် ဘုန်းတော်ကြီးကျောင်းရှေ့ရှိ တမာပင်မှ ထန်းရည်ချိုများကဲ့သို့ အရည်ထွက် ရှိနေ၍ အဆိုပါအရည်များကိုဒေသ ခံများက ဆေးအဖြစ် သုံးစွဲနေကြကြောင်း သိရသည်။
ထန်းရည်များ ထွက်ရှိသည့် တမာပင်မှာ အခေါင်းမရှိဘဲ လုံးချော ပင်စည်မှ ကွဲအက်၍ အမြှုပ်ထကာ အရည်များတစ်ပေါက်ပေါက်နှင့် အဆက်မပြတ် စီးကျနေခြင်းဖြစ်သည်။ တစ်နေ့လျှင် ထန်းရည်ချိုရေပုံးနှင့် နှစ်ပုံးခန့်ရရှိပြီး ထန်းရည်ချိုမှာ အနံ့သင်းသည့်အတွက် ရပ်ဝေးရပ်နီးမှလည်း လာရောက် ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။
''ကျွန်တော်တို့ကတော့ ဒူးနာလို့ တမာပင်က ထွက်တဲ့အရည်ကို ညမှာ လိမ်းအိပ်တယ်။ မနက်ကျတော့ တော်တော်သက်သာသွားတယ်။ ဒီ တမာပင်မှအရည်ကို ယားနာသမား တွေလဲ လိမ်းကြတယ်'' ဟု ဒေသခံတစ်ဦးထံမှ သိရှိရသည်။
အဆိုပါတမာပင်မှ ယခုကဲ့သို့ ထန်းရည်ချိုကဲ့သို့ အရည်များထွက် ကျနေမှုသည် ယခင်နှစ်ကတည်းက ထွက်ရှိနေခြင်းဖြစ်သည်ဟု သိရသည်။
''တမာပင်ရဲ့ ပင်ကိုယ်သဘာဝ သတ္တိက ဆေးဖက်အသုံးဝင်တယ်လို့ ဥတုဘောဇနကျမ်းမှာလဲ တွေ့ရှိရတယ်။ တမာပင်တွေ အများကြီးရှိပေမယ့် ဒီလိုတမာပင်မျိုးက တစ်ထောင်မှာ တစ်ပင်လောက်ပဲရှိတယ်၊ အရည်ထွက်လာပြီ ဆိုမှတော့ တမာပင်ရဲ့ထူးခြားချက်က သဘာဝအစွမ်းသတ္တိ ထက်မြက်ခြင်း အဓိပ္ပာယ်ပြ ပါတယ်။ တမာအရည်ကို ဥာဏ်ရှိသလို ချဲ့ထွင် အသုံးချမယ်ဆိုရင် ဆေးဘက်မှာ အများကြီး အသုံးဝင်ပါတယ်။ တမာပင်ရဲ့ ဆေးစွမ်းထက်ပုံများကိုလဲ ရှုတော်မူဆေးကျမ်းမှာ အများကြီး ဖတ်ရှုရဖူးတယ်'' ဟု သက်တော် ၇၄ နှစ် ဝါတော်၅၄ ရှိ ကျောင်းထိုင်ဆရာတော် ဦးပညာဇောတက မိန့်ကြားသည်။
ဒေသခံပြည်သူများက ဆရာတော်ကြီး၏ မေတ္တာတန်ခိုး အာနုဘော်အစွမ်းတို့ကြောင့် တမာပင်မှ ထွက်ရှိသော အရည်များကို ဆေးအဖြစ်သုံးစွဲရာ ဆေးစွမ်းထက်သည် ဟု ယူဆလျက် ဆေးဝါးအဖြစ် သုံးစွဲနေကြကြောင်း သိရသည်။
''ကျွန်မတော့ လေးဖက်နာ ဖြစ်နေတာကြာပြီ။ ဒီတမာပင်က အရည်ကို လိမ်းလိုက်တာ အခုလော လောဆယ်မှာတော့ ပေါ့နေတာပဲ'' ဟု ဒေသခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။
OKH
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
Friday, February 27, 2015
"တမာပင်မှ ထန်းရည်ချိုကဲ့သို့ အရည်များထွက်ရှိနေ၍ ဆေးဝါးအဖြစ်သုံးစွဲနေ"
Labels:
ပြည်တွင်း သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment