မိဘတိုင်းဟာ သားသမီးတွေကို ချစ်ကြတယ်။ သူတို့တတ်နိုင်တဲ့ဘက်က ဖြည့်ဆည်းပေးကြတယ်။ ဒါပေမယ့် ကလေးတွေ စိတ်ထဲ၊ သားသမီးတွေစိတ်ထဲ ဘာတွေရှိနေတယ်ဆိုတာကိုတော့ သူတို့မြင်ချင်မှ မြင်ကြပါလိမ့်မယ်။ တစ်ခါတစ်လေ ကိုယ့်သားသမီးတွေက ဘာဖြစ်ချင်နေတယ်၊ သူတို့ဆန္ဒကဘာဆိုတာကို နားမလည်ပဲ စေတနာ ဖြစ်ချင်ဇောတွေနဲ့ အတင်းတွန်းအား ပေးတတ်တာမျိုးတွေ ရှိပါတယ်။ ဒီအချက်တွေထဲကမှ ဖခင်နဲ့သမီးဖြစ်သူတို့ရဲ့ စိတ်ခံစားချက်ခြင်း၊ ဆက်ဆံပုံခြင်း နည်းနည်းလေး လွဲနေတာလေးတွေ ရှိနေပါတယ်။ သမီးတွေဟာ ဖခင်ရဲ့မေတ္တာ၊ သူတို့အပေါ် နွေးနွေးထွေးထွေး ဆက်ဆံမှုတွေကို ဘ၀ကို ရင်ဆိုင်ဖို့အားအဖြစ် အသုံးချတတ်ကြပါတယ်။ ဖခင်ရဲ့ စကားတစ်ခွန်းဟာ သမီးတွေရဲ့ ခွန်းအားတစ်ခု ဖြစ်သလို တစ်ခါတစ်လေ ဆုံးမပြောဆိုတဲ့ပုံ မှားသွားရင်တော့ သမီးတွေရဲ့ ရင်ထဲ နာကျင်မှုတစ်ခုအဖြစ် ပုံစံပြောင်းသွားတော့တာပါပဲ။ ဒီတော့ သမီးတွေရဲ့ ရင်ထဲက ဖခင်တွေအပေါ် မပြောပဲ နားလည်စေချင်တဲ့ ဆန္ဒတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ဖခင်ဖြစ်သူက ငါ့သမီးလည်း လှလိုက်တာလို့ ပြောဆိုတာမျိုး ခံချင်ကြပါတယ်။
ဒါအူကြောင်ကြောင်နိုင်လိုက်တာလို့ တွေးစရာမလိုပါဘူး။ ဒီလို ကိုယ့်သမီးရဲ့ အလှအပကို ချီးမွမ်းပေးခြင်း၊ ကိုယ့်သမီးကို ချီးကျူးခြင်းဟာ နောင်သူမရဲ့ အနာဂတ်သတို့သားလောင်းကိုလည်း ကိုယ့်လိုပဲ ကိုယ့်သမီးကို ဆက်ဆံစေချင်၊ ပြောဆိုချီးမွမ်းစေချင်တဲ့ သဘောသက်ရောက်သလို သမီးအနေနဲ့လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသွားစေပါတယ်။
၂။ဖခင်ဖြစ်သူက ကိုယ့်ကို ကာကွယ်ပေးစေချင်ကြပါတယ်။
ပြသနာတစ်ခုခုဖြစ်လို့ ကိုယ့်ဘက်ရပ်တည်တာ၊ ဖြေရှင်းပေးတာမျိုး၊ စကားနဲ့ပဲ ငါကတော့ ငါ့သမီးကို ဘယ်အရွယ်ရောက်ရောက် ကာကွယ်ပေးနေဦးမှာပဲလို့ ဆိုဆို ဒါဟာ သမီးတွေရဲ့ ရင်ထဲ ပီတိဖြစ်စေတဲ့ အရာလို့ ပြောပါရစေ။
၃။ကိုယ်ရွေးချယ်ထားတဲ့ ချစ်သူကို ဖခင်ဖြစ်သူက ခေါ်ယူစကားပြောကြည့်စေချင်ကြတယ်။
တွဲတာ မကြာသေးလို့ ကိုယ့်ကို လျစ်လျူရှုထားလိုက်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သမီး ကောင်လေးက ဘယ်လိုမျိုးလဲဆိုတာမျိုး မေးစေချင်ကြပါတယ်။ ဒါမှမဟုတ် သူတို့ချစ်သူကို ခေါ်တွေ့တာမျိုးကိုလည်း သမီးတွေက လုပ်စေချင်ကြပါတယ်။
၎။ဖခင်ဖြစ်သူကို မိခင်နဲ့အတူ ဟာသတွေပြောပြီး ရယ်မောနေတာမျိုး တွေ့ချင်မြင်ချင်ကြတယ်။
မိသားစု နွေးနွေးထွေးထွေးရှိနေခြင်းဟာ သားသမီးတွေအတွက် စိတ်လုံခြုံမှုအရှိဆုံးအရာပါ။ သမီးတွေမှ မဟုတ်ပါဘူး။ ဒီလို အဖေနဲ့အမေ ချစ်ခင်ကြင်နာစွာနေထိုင်တာ၊ ပျော်ပျော်ရွှင်ရွှင်နေထိုင်တာကို မြင်ရတဲ့ သမီးတွေဟာ အိမ်ထောင်ရေးကို ယုံကြည်မှု ရှိလာတတ်ပါတယ်။ သာယာတဲ့အိမ်ထောင်ရေးတစ်ခု ဘယ်လိုထူထောင်မလဲ ဆိုတာကိုလည်း သူတို့ စဉ်းစားတတ်ကြပါတယ်။
၅။ကိုယ့်ကောင်းကြောင်းတွေ ဖခင်က သူ့အသိမိတ်ဆွေတွေကို ပြောတဲ့အခါ တိတ်တိတ်ကလေး ကျေနပ်နေတတ်ကြတယ်။
တစ်ခါတစ်လေ ငါ့သမီးကတော့ ဘာတွေလုပ်တတ်တယ်။ ကျောင်းမှာ သိပ်တော်တာ။ ဘာပညာရပ်မှာ အရမ်းထူးချွန်တာ စသဖြင့် ဖခင်ဖြစ်သူက သူ့အသိမိတ်ဆွေတွေကို ကြွားတာသိရရင် သူတို့ရဲ့ရင်ထဲ အဖေငါ့ကို သိပ်ချစ်ပါလားရယ်လို့ တိတ်တိတ်ကလေး ပျော်ရွှင်တတ်ကြပါတယ်။
၆။တစ်ခါတစ်လေ ကိုယ့်ကို အနားပေးဖို့နဲ့ နားလည်မှုလေးထားပေးဖို့ စိတ်ထဲက တောင်းဆိုနေတတ်ကြတယ်။
အရှုံးနဲ့ရင်ဆိုင်ရချင်တိုင်း အဖေတွေက ဖေးမတွဲကူပြီး ကိုယ့်ဘေးမှာ မားမားမတ်မတ် ရပ်ပေးစေချင်တတ်ကြတယ်။ ဒါလေးတောင် မလုပ်နိုင်ဘူးလားဆိုပြီး ဝေဖန်အပြစ်တင်တာမျိုး၊ စိတ်မရှည်တဲ့ပုံစံမျိုးနဲ့ ဆက်ဆံတာကို သူတို့ စိတ်မကောင်းဖြစ်တတ်ကြတယ်။
Credit : Trend Myanmar
Wednesday, February 25, 2015
" သမီးတွေတိုင်း သူတို့ရဲ့ဖခင်တွေကို သိစေချင်ကြတဲ့ သူတို့စိတ်ထဲက အရာများ "
Labels:
မိဘမေတ္တာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment