Thursday, February 26, 2015

" အလုပ်လက်မဲ့ ဖြစ်သွားရင် အခြေခံ လူမှုဆက်ဆံရေးပါ ညံ့ဖျင်းသွားတတ် "

" အလုပ်လက်မဲ့ ဖြစ်သွားရင် အခြေခံ လူမှုဆက်ဆံရေးပါ ညံ့ဖျင်းသွားတတ် "

အလုပ်လက်မဲ့ ဖြစ်နေပါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါ ကျသွားရကြောင်း လူတွေ ပြောတတ်ကြသည်။ ထိုစကားကို သိပ္ပံကလည်း လက်တွေ့သက်သေပြကာ ထောက်ခံလိုက်ပြီ။ ယုံကြည်မှု ကျသွားရုံသာမက ပေါင်းသင်းဆက်ဆံနိုင်စွမ်းပါ ကျသွားပြီး ပေါင်းလို့သင်းလို့ မကောင်းသူ အဖြစ်သို့ပါ စိတ်အခြေအနေက ရောက်ရှိ သွားတတ်ကြောင်းလည်း လေ့လာမှု စစ်တမ်းသစ်တစ်ရပ်က ဆိုလိုက်သည်။

အလုပ်လက်မဲ့ ဖြစ်ခြင်းကြောင့် ကိုယ့်စိတ်သည် မာထန်သည့်ဘက် ပြောင်းသွားကာ ပေါင်းသင်းရ အဆင်မပြေသော လူဖြစ်သွားသည်တွင် နောက်အလုပ်တစ်ခု သွားလျှောက် ရာတွင်လည်း အလုပ်ရှင်ဘက်က မနှစ်သက်နိုင်ခြေ ပိုများသွားသဖြင့် အလုပ်မရ ဖြစ်ပြန်ကာ အဆိုး သံသရာက ပို၍ပို၍လည် သွားရတော့သည်။

““အလုပ်လက်မဲ့ အခြေအနေဟာ ကျွန်တော်တို့ရဲ့ အခြေခံ စိတ်နေ စိတ်ထားအပေါ်ပါ ဆိုးကျိုး သက်ရောက်မှု ရှိပါတယ်”” ဟု စစ်တမ်းကို ဦးဆောင်ခဲ့သော စကော့တလန်ရှိ စတားလင်း တက္ကသိုလ်မှ စိတ်ပညာ ပါမောက္ခ ဒေါက်တာ ခရစ္စတိုဖာဘွိုက်စ် က ပြောသည်။

သုတေသနတွင် ဂျာမနီနိုင်ငံသား အရွယ်ရောက်ပြီးသူ (၆၇၆၉) ဦး ပါဝင်သည်။ ၂၀၀၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၉ ခုနှစ်တွင် တစ်ကြိမ် ထိုသူများ၏ အခြေခံ စိတ်နေစိတ်ထားကို လေ့လာ သုတေသန ပြုခဲ့သည်။ သုတေသန စစ်တမ်း ကောက်သည့် နှစ်ကြိမ် အတောအတွင်း ဦးရေ (၂၁၀) သည် လုံးဝ အလုပ်ပြုတ်နေသည်။ (၂၅၁) ဦးက တစ်နှစ်ခန့် အလုပ်ပြုတ်နေကြသည်။

ထိုသူများ၏ ဆင်ခြင်နိုင်စွမ်း၊ အဆိုးမြင်စိတ် လွန်ကဲခြင်း၊ လိုက်လျောညီထွေ နေတတ်ခြင်း၊ သူစိမ်းများနှင့် ပေါင်းသင်း ဆက်ဆံနိုင်စွမ်း၊ ပွင့်လင်း မြင်သာရှိမှု ဟူသော အချက် ငါးချက်တွင် ထိုလူများကို အမှတ်ပေး အကဲဖြတ်သည်။

ထိုအခါ အလုပ်ပြုတ်ပြီး နှစ်နှစ် အထိ ထိုသူသည် အလုပ်ရှိသူများထက်ပို၍ ဖော်ရွေနေတတ်ကြောင်း သိရသည်။ အကြောင်းမူကား နောက် အလုပ်တစ်ခုရရန် မျှော်လင့်ချက်ဖြင့် ပို၍ ဖော်ရွေစွာ နေထိုင်ဖြစ်ခြင်း ဖြစ်သည်။ နှစ်နှစ် ကျော်သွားလျှင်မူ အလုပ်ရှိ နေသူများလောက်ပင် မဖော်ရွေနိုင်တော့ဘဲ လူသည် ခါးသီးသည့် ဘက်ကို ရောက်လာကြောင်းလည်း စစ်တမ်းအရ တွေ့ရသည်။

အမျိုးသမီး များတွင်ကား အလုပ်လက်မဲ့ ဖြစ်တာ တစ်နှစ်ပြီးတစ်နှစ် ကြာလာလေ ဖော်ရွေမှု နည်းကာ ခါးသီးမှု တိုးလာလေ ဖြစ်သည်။ လေ့လာမှု စစ်တမ်းကို Applied Psychology ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

အမျိုးသားများ အလုပ်ပြုတ်နေတာ ကြာလာလေ ဆင်ဆင်ခြင်ခြင် လုပ်ကိုင်နိုင်စွမ်း ကျလာလေ ဖြစ်ကြောင်း သိရသည်။ အမျိုးသမီး များကြား အလုပ်ပြုတ်ပြီးချိန်နှင့် နောက် အလုပ်တစ်ခု ရခါနီး အချိန်တို့တွင် ဆင်ခြင် လုပ်ကိုင်နိုင်စွမ်း မြင့်မားပြီး ကြားအချိန်တွင် နိမ့်ပါးကြောင်း တွေ့ရသည်။

အလုပ်လက်မဲ့ အမျိုးသားသည် ပထမ တစ်နှစ်အတွင်း ပွင့်လင်း မြင်သာ ဆက်ဆံတတ်သော်လည်း အလုပ်ပြုတ်တာ ကြာလာလေ ကိုယ့်အကြောင်း လူသိမခံချင်လာလေ ဖြစ်လာကြောင်းလည်း တွေ့ရသည်။ အမျိုးသမီးများကား အလုပ်ပြုတ် ပြီးနောက် ကိုယ့်အကြောင်း လူသိမခံဘဲ ပိုနေတတ်ကြပြီး အလုပ်ရဖို့ နီးစပ်လာလေ ပွင့်လင်းလာလေ ဖြစ်ကြောင်းလည်း စစ်တမ်းက ဖော်ပြသည်။

Credit : messenger


No comments:

Post a Comment