" စတော့ဈေးကွက်ဆိုတာကို သိလိုသူတိုင်းအတွက် "
ရန်ကုန်စတော့အိပ်ချိန်းသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင်ပဲ ဖွင့်လှစ်တော့မည်ဖြစ်သည်။ ထို့ကြောင့် အများပြည်သူများနှင့် ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ဖြင့် ပေါ်ပေါက်လာမည့် စတော့ဈေးကွက် အပေါ်တွင် အထူးစိတ်ဝင်စားလျက် ရှိကြသည်။ ဤအနာဂတ်ကို ရှုမျှော်၍ အများပြည်သူများ စတော့ဈေးကွက်ဆိုင်ရာ အသိပညာများတိုးပွားရန် ယခုလိုတင်ပြလိုက်ရပါသည်။
စတော့ဈေးကွက်ဆိုတာဘာလဲ။ စတော့အိပ်ချိန်းဆိုတာဘာလဲ။
========================
စတော့ဈေးကွက် တစ်နည်းအားဖြင့် ငွေချေးသက်သေခံလက်မှတ် ဈေးကွက်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံရှိ စတော့များ Stocks ငွေချေးစာချုပ်များ Bonds ပုံမှန်အရောင်းအဝယ်လုပ်နေသည့် ဈေးကွက်ကိုဆိုသည်။ ကားအရောင်းအဝယ် ပြုလုပ်သည့်အခါ ကားဈေးကွက်၊ ကျောက်မျက်အရောင်း
အဝယ်ပြုလုပ်၍ ကျောက်ဈေးကွက်ဟုဆိုကြသလို စတော့များ အခြားငွေချေးသက်သေခံ လက်မှတ်များ အရောင်းအဝယ်ပုံမှန် ရှိသည့်နေရာသို့ စနစ်သည် စတော့ဈေးကွက်ပင်ဖြစ်သည်။ နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်စတော့ဈေးကွက် ကျဆင်းနေပြီဟေ့ The US Stock market is going down ဟုပြောဆိုလေ့ရှိကြသည်။ ထိုသို့ မှတ်ချက်ပြုတိုင်း သိရမည်မှာ အမေရိကန်စတော့ဈေးကွက်ရှိ စတော့ဈေးနှုန်းများ ပျမ်းမျှအားဖြင့် ကျဆင်းသွားသည်ကို ဆိုလိုခြင်းပင်ဖြစ်သည်။ ရှင်းရှင်းဆိုသော် စတော့ဈေးကွက်သည် တစ်နိုင်ငံလုံးရှိ စတော့များ အရောင်းအဝယ်ပြုမှု အခြေအနေပင်ဖြစ်သည်။
စတော့အိပ်ချိန်းသည် စတော့ဈေးကွက်တွင်ရှိသည့်
ဈေးတစ်ခုပင်ဖြစ်သည်။ စတော့အိပ်ချိန်းတွင် အရည်အချင်း ပြည့်မှီသော ကုမ္ပဏီလုပ်ငန်းများ၏ စတော့များ သက်သေခံလက်မှတ်များ ရောင်းဝယ်မှု ပြုလုပ်နိုင်သည်။ ထို့အပြင် စတော့အိပ်ချိန်းသည် ကုမ္ပဏီလုပ်ငန်းများ၏ အစုရှယ်ယာစတော့များ ထုတ်ဝေရောင်းချခြင်း ပြန်လည်ရုတ်သိမ်းခြင်းတို့
အပြင် အစုရှယ်ယာအကျိုးအမြတ်Dividends များ ပေးဝေခြင်းကိုလည်း ပံ့ပိုးဆောင်ရွက်ပေးသည်။ ထို့ကြောင့် စတော့အိပ်ချိန်းသည် ကုန်စည်ဒိုင် တစ်ခုကဲ့သို့ပင်ဖြစ်သည်။ ကုန်စည်ဒိုင်တစ်ခုတွင် အရည်အသွေးမှီ ကောက်ပဲသီးနှံများသာ ရောင်းဝယ်သကဲ့သို့ စတော့အိပ်ချိန်းတွင်လည်း စတော့ဈေးကွက်တစ်ဝန်းလုံးရှိ စတော့များထဲမှ အရည်အချင်းပြည့်မှီသော အများပိုင်ကုမ္ပဏီ လုပ်ငန်းများ၏ စတော့များကိုသာ လဲလှယ်ရောင်းဝယ်ခြင်းဖြစ်သည်။ ကုန်စည်ဒိုင်တွင် ကုန်စည်ဈေးနှုန်းများ နေ့စဉ်ထုတ်ပြန်သကဲ့သို့ စတော့အိပ်ချိန်းတွင်လည်း
လုပ်ငန်းကုမ္ပဏီအမျိုးမျိုး၏ စတော့ဈေးနှုန်းများအား
စက္ကန့်နှင့်အမျှ တိုက်ရိုက်ထုတ်ပြန်သည်။ ထို့ကြောင့်စတော့အိပ်ချိန်း Stock Exchange အား ကုန်စည်ဒိုင် Commodities Exchange နှင့် နှိုင်းယှဉ်ပါက သဘောပေါက်ရန် လွယ်သည်။ ကောင်တာဈေးကွက်ဆိုသည်ကိုလည်း ဆက်လက်ရှင်းပြလိုပါသည် ။ ကုန်စည်ဈေးကွက်တွင် ပွဲရုံများသည် ကုန်စည်များကို ကုန်စည်ဒိုင်ပြင်ပတွင်လည်း အရောင်းအဝယ် ပြုလုပ်လေ့ရှိသည်။ အလားတူ စတော့အိပ်ချိန်းတွင် စာရင်းမဝင်သည့် ကုမ္ပဏီလုပ်ငန်းများ၏ စတော့များ ရောင်းဝယ်ခြင်းကို စုစည်းဆောင်ရွက်သည့် ဈေးကွက်သည် ကောင်တာဈေးကွက်ဖြစ်သည်။ ထိုအိပ်ချိန်းပြင်ပ ကောင်တာဈေးကွက်တွင် အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီ၏ စတော့များကိုလည်း အရောင်းအဝယ်ပြုလုပ်နိုင်သည်။ သို့သော် ကောင်တာဈေးကွက်တွင် ရောင်းဝယ်သည့် စတော့များ၏ ဈေးနှုန်းနှင့်အရေအတွက်ကို စတော့အိပ်ချိန်းတွင်ကဲ့သို့ ထုတ်ပြန်ကြေငြာရန် မလိုသဖြင့် ရောင်းသူဝယ်သူမှ အပ မသိရှိနိုင်ပါ။ ထို့ကြောင့် စတော့အိပ်ချိန်းနှင့် ကောင်တာဈေးကွက် များသည် မြန်မာနိုင်ငံစတော့ဈေးကွက်၏ အစိတ်အပိုင်းများ ဖြစ်သည်ဟုဆိုနိုင်ပါသည်။
ရန်ကုန်စတော့အိပ်ချိန်း၏ အရောင်းအဝယ်လုပ်ဆောင်မှုများ အွန်လိုင်းပလက်ဖောင်းပေါ်တွင်ပဲ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသည်။ ရင်းနှီးမြှုပ်နှံသူများသည် အင်တာနက်မှတစ်ဆင့် စတော့နှင့် အခြားငွေချေးသက်သေခံ လက်မှတ်များကို ရောင်းဝယ်မှုပြုလုပ်နိုင်မည်ဖြစ်သည်။ ရန်ကုန်စတော့အိပ်ချိန်းသည် အများပိုင်ကုမ္ပဏီ၏ စတော့များ စတင်ဖြန့်ဖြူးရောင်းချခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများအား အစုရှယ်ယာ အကျိုးအမြတ်များ ခွဲဝေပေးအပ်ခြင်း တို့ကိုလည်း လက်ခံဆောင်ရွက်မည် ဖြစ်သည်။
ရန်ကုန်အိပ်ချိန်းတွင် ရောင်းဝယ်နိုင်မည့် စတော့များ
ငွေချေးသက်သေခံလက်မှတ်များကို ဘယ်သူ
ထုတ်ဝေသလဲ။
………………………………………
ရန်ကုန်အိပ်ချိန်းရှိ စတော့များသည် အိပ်ချိန်းဝင်ရန်
အရည်အချင်းပြည့်မှီသည့် အများပိုင်ကုမ္ပဏီများမှ
အရင်းအနှီးစုဆောင်းရန် ထုတ်ဝေထားခြင်းဖြစ်ပါသည်။ အရင်းအနှီးလိုအပ်ချက်ကြောင့် အောင်မြင်သည့် ကုမ္ပဏီတစ်ခုသည် အများပိုင်ကုမ္ပဏီ ပြောင်းလဲကာ ၄င်း၏ စတော့များကို အများပြည်သူသို့ ကနဦး ဖြန့်ဖြူးရောင်းချခြင်း Initial Public Offering ပြုလုပ်ရပါသည်။ ထို့ကြောင့် IPO သည်ကုမ္ပဏီတစ်ခု၏ စတော့များ အများပြည်သူထံသို့ ပထမဆုံးအကြိမ်ဖြင့် ရောင်းချခြင်းဖြစ်သည်။ ထို IPO ကြောင့် ၄င်းကုမ္ပဏီ၏ စတော့နှင့် ငွေချေးသက်သေခံလက်မှတ်များ စတော့ဈေးကွက် အတွင်းသို့ ရောက်ရှိလာပြီး ရင်းနှီးမြှုပ်နှံသူများသည် ဤစတော့များကို စတော့အိပ်ချိန်းတွင် အရောင်းအဝယ် ပြုလုပ်နိုင်ပြီဖြစ်သည်။
ယခုအချိန်တွင် ကုမ္ပဏီအချို့သည် ရန်ကုန်အိပ်ချိန်းမဖွင့်မှီပင် ယင်းတို့၏ စတော့များအား IPO ပြုလုပ်၍ စိတ်ဝင်စားသူ ရင်းနှီးမြှုပ်နှံသူများထံ ရောင်းချရန် ပြင်ဆင်နေကြပြီး ဖြစ်သည်။ လောလောဆယ်တွင် ကုမ္ပဏီခြောက်ခုသည် အများပြည်သူသို့ စတော့များ ကနဦးဖြန့်ဖြူးရောင်းချခြင်းကို ရန်ကုန်စတော့အိပ်ချိန်း မဖွင့်မှီ ဆောင်ရွက်ရန် စာရင်းပေးလျှောက်ထားပါသည်။
IPO စတော့ရောင်းချမှုတွင် လူတိုင်းဝယ်ယူနိုင်ပါသလား။
………………………………………
လူတန်းစားအလွှာအသီးသီးမှ ရင်းနှီးမြှုပ်နှံလိုသူတိုင်း ဝယ်ယူနိုင်ပါသည်။ IPO ပြုလုပ်သည့် ကုမ္ပဏီသည် မိမိစိတ်ဝင်စားရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီလုပ်ငန်းဖြစ်ပြီး ထုတ်ဝေသည့်စတော့၏ ဈေးနှုန်းသည်လည်း အဖိုးထိုက်တန်သည်ဟု ယူဆပါက ထုတ်ဝေသည့်စတော့ အရေအတွက် မကုန်မချင်း ဝယ်ယူနိုင်ပါသည်။
အွန်လိုင်းစတော့အိပ်ချိန်းက ဘယ်လိုဆောင်ရွက်တာလဲ။
………………………………………
ရန်ကုန်စတော့အိပ်ချိန်း YSE သည် အွန်လိုင်း အိပ်ချိန်းဖြစ်သည့်အတွက် လူကိုယ်တိုင်သွားရန်မလိုပဲ
အင်တာနက်မှတစ်ဆင့်သာ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်မှုတွေ ဆောင်ရွက်နိုင်မည့် အိပ်ချိန်းဖြစ်ပါသည်။ ကုန်စည်များရောင်းဝယ်ရန် ဘုရင့်နောင်ကုန်စည်ဒိုင် သွားရသလို FMI ကုမ္ပဏီ၏ စတော့ကိုဝယ်ယူရန် စတော့အိပ်ချိန်း ဝက်ဘ်ဆိုဒ်တစ်ခုထံ သွားရောက်ဝယ်ယူရုံပင် ဟု ဥပမာပြရပါမည်။ စတော့ဝယ်ယူသည့်အခါ အရောင်းအဝယ်စာချုပ်ကို ရောင်းသူဝယ်သူအကြား အွန်လိုင်းပလက်ဖောင်း တွင်သာ ချုပ်ဆိုပေးနိုင်မည့်စနစ်ဖြစ်သည်။ ဝယ်သူ၏ ဘဏ်မှ ငွေပမာဏကို ရောင်းသူထံ လွှဲပြောင်းပေးပြီးအခါတွင် စတော့ပိုင်ဆိုင်မှု စာချုပ်တွင် ဝယ်ယူသူအမည်ပေါက်ရန် အလိုအလျောက် ပြောင်းလဲပေးသွားမည်ဖြစ်သည်။
စတော့များကို ဘယ်လိုဝယ်ယူရမှာလဲ။
………………………………………
ရန်ကုန်စတော့အိပ်ချိန်းမှ စတော့များကို တိုက်ရိုက်
မိမိကိုယ်တိုင်ဝယ်ယူလိုပါက စတော့အိပ်ချိန်းတွင် အသင်းဝင်ရပါမည်။ အသင်းဝင်ခြင်းနှင့်အတူ လစဉ် သို့ နှစ်စဉ် အသင်းဝင်ကြေးများ ကြီးမြင့်စွာ ပေးရရန်ရှိပါသည်။ ထို့ကြောင့် အရင်းအနှီးပမာဏ
များစွာဖြင့် စတော့များ ဝယ်ယူရန်မဟုတ်ပါက အသင်းဝင်ရန်မလိုအပ်ပါ။ အကြောင်းမှာ ရင်းနှီးမြှုပ်နှံလိုသူများသည် မိမိတို့ဝယ်ယူလိုသည့်
စတော့များကို ငွေချေးသက်သေခံလက်မှတ် အကျိုးဆောင်လုပ်ငန်းများ Brokerage firm မှတစ်ဆင့် ဝယ်ယူနိုင်၍ဖြစ်သည်။ ထိုငွေချေး သက်သေခံလက်မှတ် အကျိုးဆောင်ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံသူများကိုယ်စား စတော့များ အခြားငွေချေး
သက်သေခံလက်မှတ်များအား ဝယ်ယူခြင်း ရောင်းချခြင်း ပြုလုပ်ပေးသည့် စတော့အကျိုးဆောင် လုပ်ငန်းဖြစ်သည်။ စတော့အကျိုးဆောင်ကုမ္ပဏီသည်
ရင်းနှီးမြှုပ်နှံသူများ ပိုင်ဆိုင်သော စတော့များကို မှတ်ပုံတင်ပေးမည်ဖြစ်ကာ စတော့ပိုင်ဆိုင်မှု ထောက်ခံချက်များ Ownership Statement လည်း ရင်းနှီးမြှုပ်နှံသူများ အလိုရှိလျှင် ထုတ်ပေးမည်ဖြစ်သည်။ ထိုဝန်ဆောင်မှုများအတွက် အကျိုးဆောင်ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံသူများထံ စတော့ဝယ်ယူရောင်းချမှုပြုတိုင်း ကော်မရှင် အခကြေးငွေရယူသွားမည်ဖြစ်သည်။
စတော့အကျိုးဆောင်ကုမ္ပဏီသည် ကုန်စည်ဒိုင်ရှိပွဲရုံများသဖွယ် ဖြစ်ပေသည်။
စတော့ဈေးကွက်တွင် ပါဝင်ခြင်းဖြင့် အမြတ်ငွေများစွာ ရရှိနိုင်ပါသလား။
………………………………………
ဤမေးခွန်းကို ဖြေဆိုရန် အရင်ဆုံးစတော့ဈေးကွက်တွင် ပါဝင်မည့် စတော့ရင်းနှီးမြှုပ်နှံသူနှင့် စတော့ဝယ်ရောင်းသူတို့ နှစ်ဦးအကြား ကွာခြားချက်ကို သိရပါမည်။ စတော့ရင်းနှီးမြှုပ်နှံသူသည် ရေရှည်အကျိုးစီးပွား တိုးပွားရန်အတွက် စတော့များကို အဓိကဝယ်ယူ ရင်းနှီးခြင်းဖြစ်ပြီး ၄င်းစတော့များမှ နှစ်စဉ် ရရှိမည့်အကျိုးအမြတ်များနှင့် ရေရှည်တွင် မြင့်မားလာမည့် စတော့တန်ဖိုးများအပေါ် မျှော်ကိုးခြင်းဖြစ်သည်။ စတော့ဝယ်ရောင်းသူသည် ရေတိုကာလ စတော့ဈေးနှုန်း အပြောင်းအလဲဖြစ်မှုများပေါ်တွင် အကျိုးအမြတ် ရရှိရန် စတော့များ ရောင်းခြင်းဝယ်ခြင်းပြုလုပ်သူဖြစ်သည်။
စတော့ရင်းနှီးမြှုပ်နှံသူသည် မိမိစိတ်ပါဝင်စားသည့် စီးပွားရေးကဏ္ဍရှိ ရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီလုပ်ငန်းများ လည်ပတ်ပုံကို ကောင်းစွာနားလည်ရမည်။ မိမိရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီလုပ်ငန်းမှ ထုတ်ပြန်သည့် ငွေစာရင်းရှင်းတမ်း အမြတ်ငွေ ထုတ်ပြန်ချက် အစရှိသည့် ဘဏ္ဍာရေးအခြေအနေများကို သိရှိနားလည်ပြီး ယင်းကုမ္ပဏီလုပ်ငန်း၏ အနာဂတ်တွင် ဖြစ်နိုင်မည့် ကြီးထွားမှုနှုန်း Growth အပေါ် သုံးသပ်နိုင်ရမည်။ စတော့ရင်းနှီးမြှုပ်နှံသူသည် အိမ်ခြံမြေဈေးကွက်တွင် ရေရှည်ရင်းနှီးမြှုပ်နှံသူတစ်ဦးနှင့် တူသည်။ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူသည် မြေကွက်တစ်ကွက် မဝယ်ယူမှီ မြို့ရွာပတ်ဝန်းကျင်၏ အနာဂတ်တိုးတက်မှု ရှိနိုင်မရှိနိုင် ခန့်မှန်းရသကဲ့သို့ စတော့ရင်းနှီးမြှုပ်နှံသူသည်လည်း မိမိနှစ်သက်သည့် ရင်းနှီးမြှုပ်နှံမှုအပေါ် စုံစမ်းစစ်ဆေးရမည်ဖြစ်သည်။ စတော့ရင်းနှီးမြှုပ်နှံသူအဖို့ ရေရှည်ကာလတွင် မိမိ၏ ရင်းနှီးမြှုပ်နှံမှုများမှ အနည်းဆုံးအနေဖြင့် လက်ရှိဘဏ်တိုးနှုန်းနှင့် ရွှေဈေးအတက်နှုန်းထက်
၅ ရာခိုင်နှုန်းခန့် ပိုမိုအကျိုးအမြတ်ရရှိရန်မခက်ပါ။ ရေရှည်ဟုဆိုရာတွင်လည်း ၁၀ နှစ်နှင့် အထက်ကို ဆိုလိုပါသည်။ မှန်ကန်သောရင်းနှီးမြှုပ်နှံမှုကို ရေရှည်ပြုလုပ်ခဲ့ပါက ကြွယ်ဝသောဓနများ အတိုင်းထက်အလွန် ရရှိမည်မှာ သေအချာပင်ဖြစ်ပါသည်။ စတော့ဝယ်ရောင်းသူမှာ အိမ်ခြံမြေဈေးကွက်တွင် ရေတိုကာလအတွင်း မြေဈေးတက်ကျမည်ကို ခန့်မှန်းကာ အရောင်းအဝယ်ပြုလုပ်သူတစ်ဦးနှင့် တူသည်။ စတော့ဝယ်ရောင်းသူသည် နေ့စဉ်နှင်အမျှ ရရှိမည့် စတော့ဈေးကွက် သတင်းများအပေါ်အခြေခံ၍ သုံးသပ်ခန့်မှန်းမှုများ ပြုလုပ်ရမည်ဖြစ်သည်။ အချိန်ပြည့်ပိုင်းခြားသုံးသပ်မှုများ လုပ်ရန်လိုအပ်ပြီး စတော့ရင်းနှီးမြှုပ်နှံသူထက် စတော့ဈေးကွက်ကို ပိုမိုနားလည်ရမည်ဖြစ်သည်။ စတော့ဝယ်ရောင်းတစ်ဦး၏ အကျိုးအမြတ်သည် ဈေးကွက်အပေါ် ပိုင်းခြားသုံးသပ်နိုင်မှုအပေါ် မူတည်သည်။ စတော့ရွေးချယ်မှု အပေါ်မူတည်၍ အရှုံးများနိုင်သလို အမြတ်အစွန်းလည်းများစွာရ
ရှိနိုင်သည်။
အချုပ်အားဖြင့်ဆိုသော် စတော့ဈေးကွက်သည် ကျပ်တစ်သိန်းခန့်ရင်းရုံဖြင့် ကျပ်သန်းပေါင်းများစွာ အချိန်တိုအတွင်း ရရှိနိုင်ရန်တော့ မစွမ်းဆောင်နိုင်သည်ကို သတိချပ်စေလိုပါသည်။
Credit to: Myanmar Investment Watch
Wednesday, February 25, 2015
" စတော့ဈေးကွက်ဆိုတာကို သိလိုသူတိုင်းအတွက် "
Labels:
စီးပွါးရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment