Sunday, February 22, 2015

" ချစ်တတ်တဲ့‬ ယောကျာ်းတို့ရဲ့ အတုယူဖွယ်ရာ အပြုမူလေးများ "

" ချစ်တတ်တဲ့‬ ယောကျာ်းတို့ရဲ့ အတုယူဖွယ်ရာ အပြုမူလေးများ "

ယောကျာ်းတစ်ယောက်ရဲ့ အောင်မြင်မှုလမ်းကြောင်းရဲ့ နောက်ကွယ်မှာ သူတို့ရဲ့ လက်တွဲဖေါ်မိန်းမရဲ့ ပံ့ပိုးမှုဟာ တစ်စိတ်တစ်ဒေသ ပါဝင်သလို မိန်းမတစ်ယောက်ရဲ့ ဘ၀ကံ ကောင်းခြင်းတွေဟာလည်း သူမရဲ့လက်တွဲဖေါ် ယောကျာ်းအပေါ်မှာလည်း အများကြီး မူတည်နေတတ်ပါတယ်။

ကိုယ့်ရဲ့လက်တွဲဖေါ်ပေါ်မှာ သံသယတွေကင်းစင်ပြီး စိတ်ချလို့ရတဲ့ခံစားချက်မျိုး ပိုင်ဆိုင်နေပြီဆိုကတည်းက သူမရဲ့အချစ်ရေးက တစ်ဝက်အောင်မြင်ပြည့်စုံ နေပြီလို့ ပြောလို့ရပါတယ်။

ကိုယ်ချစ်တဲ့ မိန်းကလေးတွေပေါ်မှာဆို ယောကျာ်းလေးတွေရဲ့ သဘောထားတွေက ဘယ်လိုတွေ ရှိသင့်သလဲ။

၁။သူမရဲ့ ရွေးချယ်မှုလမ်းကြောင်းတွေပေါ် လေးစားပေးပါ။

သူမရဲ့ လုပ်ငန်းခွင်နဲ့ ပက်သတ်တာတွေကို အကြံပေးရုံကလွဲပြီး ၀င်ရောက်စွက်ဖက်ခြင်း မပြုပါနှင့်။
သူမရဲ့ တိုးတက်ရာတိုးတက်ကြောင်း လမ်းကြောင်းက မှန်ကန်နေမယ်ဆိုရင် အားပေးပါ။
ကိုယ်ဝါသနာ မပါတဲ့ လမ်းကြောင်းကို ရွေးချယ်တိုင်း ကိုယ်မနှစ်သက်လို့ဆိုပြီး တုန့်ပြန်ဝေဖန်တာမျိုး ရှောင်ကြဉ်ပါ။ ကိုယ်ဝါသနာပါတဲ့ လုပ်ငန်းတိုင်း သူဝါသနာ ပါချင်မှ ပါပါလိမ့်မယ်။ သူဝါသနာပါတဲ့ အရာကိုလည်း ကိုယ်စိတ်ဝင်စားချင်မှ စိတ်ဝင်စားပါလိမ့်မယ်။ ဒါကြောင့် အကောင်းဆုံးက နားလည်မှုရှေ့ထားပြီး ကိုယ်နားမလည်တဲ့အပိုင်းမှာ အကြံမပေးနိုင်ရင်တောင် အတတ်နိုင်ဆုံး အားပေးဂရုစိုက်ပေးပါ။

၂)။နွေးထွေး ကြင်နာစွာ ဆက်ဆံပါ။

တစ်ခါတစ်လေမှာ တန်ဖိုးကြီးတဲ့ လက်စွပ်တစ်ကွင်းရဲ့ အေးစက်တဲ့အထိတွေ့ထက် ဘာမှတန်ဖိုးမရှိတဲ့ လက်မောင်းတစ်ဖက်ရယ် ၊ ပုခုံးတစ်ဖက်ရယ်ကိုပဲ မိန်းကလေးတွေ ပိုမိုတမ်းတမက်မော မိပါလိမ့်မယ်။
တန်ဖိုးရှိတဲ့ လက်ဆောင်လေးတွေထက် ဂရုတစိုက်ကြင်နာစွာ ကမ်းပေးမဲ့ လက်တစ်ဖက်ကိုပဲ မက်မက်မောမော တွယ်ဖက် မိပါလိမ့်မယ်။
ဒါကြောင့် ကိုယ့်ရဲ့နွေးထွေးကြင်နာမှုက အတိုင်းမတိ တန်ဖိုးရှိတတ်တာကို အမြဲဂရုပြုမိပါစေ။

၃။သင့်တော်တဲ့ချိန်မှာ မှန်ကန်သော ဂရုစိုက်မှုမျိုး ပေးပါ။

ကိုယ့်ပေါ် ဂရုတစိုက်ရှိတာကိုတော့ တော်တော်များများ မိန်းကလေးတွေက သဘောကျတာချည်းပါပဲ။
ဒါပေမဲ့ အိုဗါဖြစ်လာတဲ့ ဂရုစိုက်မှုမျိုး စွက်ဖက်မှုမျိုးကိုတော့ ရွံရှာကြောက်ရွံ့ကြပါတယ်။
ဒါကြောင့် သူမစိတ်ရှုပ်စိတ်ညစ်လာလို့ ကိုယ့်ကိုလာပြောပြတဲ့အခါ ကိုယ့်ကို သွားရောက်ဖြေရှင်းစေချင်တာထက် စိတ်ပေါ့သွားအောင် ပြောပြချင်တာမျိုးက ပိုများပါလိမ့်မယ်။ ဒီလိုချိန်မျိုးမှာ အတတ်နိုင်ဆုံး မှားတယ်မှန်တယ်ဆိုတဲ့ ဝေဖန်မှုထက် Short to the point အကြံလေးလောက်ပဲ ပေးပေးပါ။ ပြစ်တင်ဝေဖန်တာတွေကိုတော့ တတ်နိုင်ဆုံး ဝေးဝေးရှောင်ပေးပါ။

၎။သူမရဲ့ မိသားစု၊ ပတ်ဝန်းကျင် အသိုင်းဝိုင်းမှာ သင်က ဂုဏ်ယူနေစရာဖြစ်ပါစေ။

လူကြီးမိဘ၊ သူငယ်ချင်းတွေရဲ့ စကားတွေဆို မိန်းကလေးတွေက လိုက်နာကြတာများပါတယ်။
သူတို့ရဲ့စကားဆိုရင်လည်း နားဝင်ကြတာများပါတယ်။ လူနှစ်ဦးနှစ်ယောက်ပက်သတ်ကြပြီဆိုတာနဲ့ နှစ်ဦးတည်း အဆင်ပြေနေလို့လည်း မပြီးပါဘူး။ ဒါကြောင့် သူမအသိုင်းဝိုင်းမှာ ကိုယ်ဟာ စံပြဖြစ်နေပါစေ။ ထောက်ခံသူတွေများပြီဆိုတဲ့အခါ ဒီအချစ်ခရီးလမ်းကလည်း အတော်လေးကို ဖြောင့်ဖြူးနေပြီလို့ ပြောလို့ရပါတယ်။

၅။တတ်နိုင်သမျှ သဘောထားကြီး ခွင့်လွှတ်ပေးပါ။

ခုခေတ်မှာ မိန်းကလေးတွေလည်း ယောကျာ်းလေးတွေနဲ့အတူတူ ရင်ဘောင်တန်း အလုပ်လုပ်ကိုင်နေကြပါပြီ။ သူလည်းသူ့ဖိအားတွေရှိသလို ကိုယ်လည်း ကိုယ့်ဖိအားတွေနဲ့ရှိနေတတ်ကြပါတယ်။ နှစ်ယောက်စလုံး အလုပ်တွေများ စိတ်တွေညစ်ရတဲ့ အချိန်မျိုးတွေမှာ ရန်ပွဲတွေက ပိုမိုအားကောင်းသွားတတ်ကြပါတယ်။ ဒါပေမဲ့ ဘာပဲပြောပြော မိန်းမတွေက မိန်းမပါပဲ။ ယောကျာ်းတွေထက်တော့ အားနွဲ့ကြပါတယ်။ ဒါကြောင့်တစ်ခုခုဖြစ်ရပြီဆိုရင် ကျေးဇူးပြုပြီး ယောကျာ်းလေးက ခြေတစ်လှမ်း နောက်ဆုတ်ပေးလိုက်ပါ။ မိန်းကလေးဆိုတဲ့ အမြင်တစ်ခုတော့ ဒေါသတွေဘယ်လောက်ပဲဖြစ်ဖြစ် မြင်အောင်ထားပေးပါ။ ဒေါသအလျောက် အော်ကြဟစ်ကြ နာကျဉ်းရတဲ့စကားပြောရင်တောင် ကိုယ်နှုတ်က ထွက်တာမဖြစ်ပါစေနဲ့။ ရန်ဖြစ်တိုင်းဘယ်တော့မှလက်မပါပါစေနဲ့။ သူလက်ပါလာရင်ရောလို့ မေးကောင်းမေးလာပါလိမ့်မယ်။ ဘယ်သူရိုင်းရိုင်း ကိုယ်ကတော့ မရိုင်းပါနဲ့။

၆။သံသယဆိုတာထက် စိတ်ချမှုဖြစ်စေတဲ့ စိတ်ခံစားမှုမျိုးပဲ ပေးပါ။

မွေးရာပါ အတွေးများ သံသယများတတ်တဲ့ မိန်းမတွေရဲ့စိတ်ဟာ အင်မတန်မှ ခန့်မှန်းရခက်ပါတယ်။ သူတို့ကို မတွေးပါနဲ့လို့တော့ တားမြစ်လို့မရပေမဲ့။ အတွေးမ၀င်အောင်ကိုတော့ အတတ်နိုင်ဆုံး ကိုယ့်ဘက်က အများသူငှာနဲ့ ဆက်ဆံတဲ့အခါ သတိထားရှောင်ကြဉ်ပါ။
အထူးသဖြင့် မိန်းကလေးတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါ။

၇။ ပြည့်ဝတဲ့ အမှိုက်ပုံးဖြစ်နေပါစေ။

သူမကို ကိုယ့်ကိုယုံကြည်လို့ ရှိရှိသမျှ သွန်ဟပြောချလာပြီဆိုရင် ကိုယ်ဟာသူ့ရဲ့ စိတ်အမှိုက်သရိုက်တွေကို အပြည့်ဝလက်ခံနိုင်တဲ့ အမှိုက်ပုံးကောင်း ဖြစ်နေပါစေ။ ဒီအမှိုက်တွေကို လက်ခံပြီးတာနဲ့ သူမဆီကပါ ပျောက်ပျက်သွားနိုင်အောင် တတ်နိုင်ဆုံး ကူညီပေးပါ။

၈။သူမကို ဂုဏ်ယူစွာနဲ့ လူရှေ့ထွက်ရပ်နိုင်ပါစေ။

ကိုယ့်ရဲ့ချစ်သူကို ကိုယ်မှ အမွှန်းမတင်ရင် သူများကလည်း သိတော့မှာမဟုတ်ပါဘူး ။
မိတ်ဆွေသူငယ်ချင်းတွေနဲ့ ကြုံကြိုက်တဲ့အခါ မိတ်ဆက်ပေးရမယ်ဆိုရင် အပိုလိုမရှိ ကောင်းကွက်တွေကို ရှာကြံပြီး ပြောဆို မိတ်ဆက်ပေးပါ။ ကိုယ်နဲ့ကိုယ့်သူငယ်ချင်းတွေ ဆုံတဲ့အခါ ကိုယ့်မိန်းကလေးမပါလာရင်တောင် သူ့ရဲ့မကောင်းကြောင်းထက် ကောင်းတာလေးတွေကိုပဲ လူလေးစားအောင် ပြောပြပေးပါ။ တကယ်လို့ သူမကောင်းဘူးဆိုတာ ကိုယ်တကယ်သိပြီဆိုရင် သူများကိုပြောပြရှုံ့ချတာထက် ကိုယ့်လမ်းကိုယ်ရွေး အကောင်းဆုံးလျှောက်ဖို့ စဉ်းစားပါ။

မိန်းကလေးတွေကလည်းမိန်းကလေးတွေအလျောက်ကိုယ့်ချစ်သူကကိုယ့်ပေါ်ထားရှိရမဲ့ သဘောလေးတွေကတော့ အများကြီးရှိကြမှာပါပဲ။ ယောကျာ်းလေးတွေကလည်း ယောကျာ်းတွေအလျောက် သူတို့ချစ်သူက သူတို့ပေါ် တုန့်ပြန်စေချင်တဲ့ ပုံစံလေးတွေရှိကြမှာပါပဲ။ တကယ်တမ်းအရေးကြီးတာက အပြန်အလှန် နားလည်လေးစားမှုတွေနဲ့ စဉ်းစားလုပ်ကိုင်ပြုမှုသွားရင် အဆင်ပြေကြမှာချည်းပါပဲ။

စာတွေက ဖတ်ရတာကလွယ်ပါတယ်။ တစ်ခေါက်၊ နှစ်ခေါက်၊ သုံးခေါက် ဖတ်လို့ မှတ်မိချင်မှတ်မိသွားကြပါလိမ့်မယ်။ လိုက်နာဖို့ကတော့ ကိုယ့်ရဲ့ရင်ထဲအသဲထဲထိ စွဲပြီး မှတ်မိမှ လုပ်နိုင်ကြမှာပါ။


Credit : ချစ်တဲ့... မနုဿ


No comments:

Post a Comment