၂၀၁၁ခုနှစ် မတ်လ၂၄ရက်တွင် လှုပ်ခတ်ခဲ့သော ပြင်းအား၇ရှိ တာလေငလျင်ကြောင့် တာလေမြို့ဝင်လမ်းမကြီး အက်ကွဲပျက်စီးနေစဉ် (ဓာတ်ပုံ−အားမာန်)
"မြန်မာမြေငလျင်ပညာရှင်များ အစိုးရိမ်ဆုံးနေရာ"
နီပေါနိုင်ငံ၌ အင်အားပြင်းငလျင်ကြောင့် လူထောင်ချီသေဆုံးပြီး အကြီးအကျယ် ပျက်စီးမှုကြုံခဲ့ပြီးနောက်တွင် မြန်မာနိုင်ငံမှ မြေငလျင်ပညာရှင်များက စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ နှစ်ပေါင်းများစွာ မလှုပ်ခတ်ဘဲ ငြိမ်သက်နေသော အပိုင်းများ၌ ငလျင်များ လှုပ်ခတ်မည်ကို စိုးရိမ်နေကြလေသည်။
စစ်ကိုင်းပြတ်ရွေ့ကြောကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည့် ငလျင်ပညာရှင် ဒေါက်တာဝင်းဆွေက မြန်မာနိုင်ငံ တောင်နှင့်မြောက် ဖြတ်သန်းသွားသည့် စစ်ကိုင်းပြတ်ရွေ့ကြောမှာ ၂၀၁၂ က နောက်ဆုံး လှုပ်ခတ်ခဲ့သည့် သပိတ်ကျင်းအပိုင်းမှလွဲ၍ ကျန်အပိုင်းများတွင် သတိပြုရန်လိုကြောင်း အကြံပြုသည်။ အဓိကအားဖြင့် ရန်ကုန်နှင့် အနီးဆုံးနေရာတွင်ရှိသည့် ပဲခူးဒေသအပါအဝင် ပြတ်ရွေ့ကြော၏ တောင်ဘက် မလှုပ်ရှားသည်မှာ နှစ်ရှစ်ဆယ်ကျော်နေပြီ ဖြစ်သောကြောင့် ပြတ်ရွေ့ကြောများ၏ သဘာဝအရ အချိန်မရွေး လှုပ်နိုင်ခြေရှိကြောင်း ပြောသည်။
‘‘စစ်ကိုင်းပြတ်ရွေ့က မြောက်ပိုင်းလှုပ်ပြီးသွားပြီလေဗျာ။ သပိတ်ကျင်းဘက်မှာ။ တောင်ဘက်ကို နည်းနည်း
သတိထားဖို့တော့ လိုတယ်’’ ဟု ပြောသည်။
မြန်မာနိုင်ငံမြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း သုံးခွမြို့အနီးအထိ ရှည်လျားသော စစ်ကိုင်းပြတ်ရွေ့ကြောကြီးနှင့် အချိန်မရွေး အသက်ဝင်လာနိုင်သည့် အခြားပြတ်ရွေ့ကြောများ ရှိနေကြောင်း တောင်ငူတက္ကသိုလ် ဘူမိဗေဒဌာန လက်ထောက်ကထိက ဒေါက်တာစိုးမင်းက နီပေါငလျင်နှင့်ယှဉ်၍ သတိပေးသည်။
‘‘မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွေ့က အပိုင်းလိုက်ရှိနေတာ။ အထက်ပိုင်းရော၊ အောက်ပိုင်းရော။ လောလောဆယ် အစိုးရိမ်ဆုံးကတော့ ပဲခူးအပိုင်းပေါ့။ ၁၉၃၀ က လှုပ်ခဲ့တာဆိုတော့ မလှုပ်ဘဲ ငြိမ်နေတာက
နှစ်ရှစ်ဆယ်ကျော်နေပြီ’’ ဟု တောင်ငူတက္ကသိုလ် ဘူမိဗေဒဌာန လက်ထောက်ကထိက ဒေါက်တာစိုးမင်းက ပြောသည်။
၂၀၁၂ နိုဝင်ဘာ ၁၁ ရက်တွင် သပိတ်ကျင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော ရစ်ခ်ျစတာစကေး ၆ ဒသမ ၈ ရှိ ငလျင်လှုပ်ပြီးနောက် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ပြိုကျနေစဉ် (ဓာတ်ပုံ − 7 DAY )
ဒေါက်တာစိုးမင်းက မြန်မာနိုင်ငံတွင် နှစ် ၈၀ နှစ်အထက်မှ နှစ်ရာချီ၍မလှုပ်ဘဲ အချိန်မရွေး လှုပ်ရှားနိုင်ခြေရှိသော ပြတ်ရွေ့ကြောများမှာ အပိုင်းလိုက်ရှိနေသည့် စစ်ကိုင်း ပြတ်ရွေ့ကြောအပြင် ရခိုင်ပြတ်ရွေ့ကြောနှင့် မေမြို့အနီးရှိ ကျောက်ကြမ်း ပြတ်ရွေ့ကြောတို့ဖြစ်ကြောင်း ပြောသည်။ စစ်ကိုင်းပြတ်ရွေ့ကြောကြီးသည် ဟူးကောင်းတောင်ကြားမှစကာ မိုးကောင်း၊ အင်းတော်ကြီး၊ ထီးချိုင့်မြို့များမှ စစ်ကိုင်းမြို့သို့ ဖြတ်သွားသည်။ ထိုနေရာမှ ဧရာဝတီမြစ်ကြောင်းအတိုင်း မြစ်သား၊ ဝမ်းတွင်း၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်းနှင့် ပျဉ်းမနား၊ ဖြူး၊ ပဲခူးမြို့၊ ထိုမှ ခရမ်းသုံးခွမြို့အနီးမှဖြတ်ကာ ကပ္ပလီပင်လယ်အတွင်း ထိုးဆင်းသွားကြောင်း ငလျင်ပညာရှင် ဒေါက်တာဝင်းဆွေက အသေးစိတ်ရှင်းပြသည်။ အစိုးရရုံးစိုက်ရာ နေပြည်တော်ကိုလည်း ဖြတ်သွားပြီး နေပြည်တော်-အမရပူရအပိုင်းသည် မလှုပ်ရှားဘဲ ငြိမ်နေသည်မှာ နှစ်ပေါင်း နှစ်ရာကျော်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီအတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် အင်အားပြင်းပြင်း လှုပ်သွားခဲ့သော အင်းဝ၊ ပဲခူးနှင့် စစ်ကိုင်းငလျင်များ၏ အဓိက လက်သည်တရားခံမှာလည်း ထိုပြတ်ရွေ့ကြောကြီးပင် ဖြစ်နေသည်။
‘‘အဓိက သတိပေးရရင်တော့ စစ်ကိုင်းပြတ်ရွေ့ပဲ။ စစ်ကိုင်းပြတ်ရွေ့မှာ အောက်မှာရှိတဲ့ ပဲခူးပိုင်း။ ပြီးတော့ ဖြူးပိုင်း။ ဆွာနဲ့ မြစ်ကြီးနား-ပူတာအိုပိုင်းပေါ့။ အဲဒီအပိုင်းကတော့ နှစ်ရှစ်ဆယ်ကျော်ပြီ မလှုပ်ဘဲရပ်နေတာ။ အဲဒီအထဲမှာမှ နေပြည်တော်နဲ့ အမရပူရအပိုင်းက မလှုပ်ဘဲနေတာ နှစ် နှစ်ရာကျော်ပြီ။ ဒါကြောင့် အချိန်မရွေး သတိထားရမယ့်အပိုင်းတွေ ဖြစ်နေတယ်’’ ဟု ဦးစိုးသူရထွန်းက ပြောသည်။
စစ်ကိုင်းပြတ်ရွေ့ကြောသည် အင်အားပြင်းအဆင့်ဖြစ်သည့် ရစ်ခ်ျတာစကေး ၆ အထက်ကို စစ်ကိုင်းမြို့၊ တကောင်းမြို့နှင့် သပိတ်ကျင်းမြို့တို့ကို ဗဟိုပြု၍ ၁၉၅၆၊ ၁၉၉၀ နှင့် ၂၀၁၂ က လှုပ်ခဲ့သည်။ ထိုဖြစ်စဉ်များအရ စစ်ကိုင်းပြတ်ရွေ့ကြော၏အပိုင်းလိုက် လှုပ်ရှားမှုသည် နေရာဒေသလိုက်၍ အချိန်မရွေးသတိထားရန် လိုအပ်ကြောင်း ဦးစိုးသူရထွန်းက ပြောသည်။
မြန်မာနိုင်ငံ မြေငလျင်အသင်းက မြန်မာနိုင်ငံရှိ ပြတ်ရွေ့ကြောများဖြတ်ရာ ဒေသများပြမြေပုံကို ထုတ်ဝေထားပြီး ငလျင်အန္တရာယ်အတွက် သတိပေးထားရာ ဒေသများတွင် အစိုးရဦးဆောင်၍ ငလျင်အန္တရာယ်အတွက် အသိပညာပေးသင့်ကြောင်း ရန်ကုန်နည်းပညာတက္ကသိုလ်၊ အင်ဂျင်နီ ယာဘူမိဗေဒဌာန ဧည့်ပါမောက္ခ ဒေါက်တာကျော်ထွန်းက အကြံပြုသည်။ ထို့ပြင် နီပေါငလျင်ဖြစ်စဉ်နှင့်ယှဉ်၍ ရန်ကုန်မြို့၌ ငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေးကဏ္ဍ သင်ခန်းစာယူသင့်ကြောင်း ၎င်းက အလေးအနက်ပြောသည်။
‘‘နီပေါမှာ သူတို့ဆောက်ထားတဲ့ အဆောက်အအုံတွေက တကယ် အရည်အသွေးမီတဲ့ အဆောက်အဦ မဟုတ်ဘူးလေဗျာ။ ဒါကြောင့်မလို့ ကျွန်တော်တို့ဆီမှာလည်း ငလျင်ကြောပေါ်ရှိနေတယ်။ အဲဒီဒေသတွေမှာ ငလျင်ဒဏ်ခံ အဆောက်အအုံအတွက် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆောက်သင့်တယ်။ အစိုးရက ပုဂ္ဂလိကကို ဆောက်လုပ်ခွင့်တွေ ဒလဟောပေးလိုက်တဲ့အချိန်မှာ ကန်ထရိုက်တိုက်တွေ အများကြီး ထွက်လာတယ်လေ။ တော်တော်များများက အရည်အသွေးမမီဘူးလို့ ဝေဖန်ခံရတယ်လေ။ တကယ်လို့များ ပဲခူးငလျင်လိုမျိုးလှုပ်ခဲ့ရင် အများကြီးထိခိုက်နိုင်တယ်။ နောက်ဆောက်မဲ့ အဆောက်အအုံတွေအတွက် စနစ်တကျ ဖြစ်သင့်တယ်’’ ဟု ဒေါက်တာကျော်ထွန်းက ပြောသည်။
၂၀၁၄ က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေးဒရဲငလျင်ကြော ရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့် (အင်အားအနည်းငယ်) ဖြင့် တွံတေးမြို့အနီး ဗဟိုပြုလှုပ်ခဲ့သည်။ ရန်ကုန်မြို့တွင် သိသိသာသာ ခံစားလိုက်ရပြီး မြို့ခံလူထု စိုးရိမ်ထိတ်လန့်ခဲ့ကြသည်။ ပညာရှင်များကလည်း စစ်ကိုင်းပြတ်ရွေ့ကြော၏ ၎င်းတို့ အစိုးရိမ်ဆုံးအပိုင်းဖြစ်သည့် ပဲခူးဒေသအပိုင်း လှုပ်ခတ်ပါက ရန်ကုန်တွင်ပါ သက်ရောက်နိုင်ကြောင်း မကြာခဏဆိုသလို သတိပေးနေသည်။ ၁၉၃၀ က လှုပ်ခဲ့သည့် ပဲခူးငလျင်ကလည်း ရန်ကုန်တွင်ပါ ခံစားခဲ့ရကာ လူသေဆုံးမှုနှင့်အတူ အဆောက်အအုံပျက်စီးမှုများ ရင်ဆိုင်ခဲ့ရဖူးသည်။ ပညာရှင်များ သတိပေးနေသည်မှာလည်း စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက် ပဲခူးအပိုင်း လှုပ်ခတ်လျှင် ရန်ကုန်မြို့ကိုပါ ငလျင်သက်ရောက်လာနိုင်သည့် အန္တရာယ်ပင်။
သို့သော် လူနေသိပ်သည်းမှုအများဆုံးဖြစ်ပြီး အရည်အသွေးမမီသော အထပ်မြင့်အဆောက်အအုံ များစွာရှိနေသည့် ရန်ကုန်တွင် အထပ်မြင့် အဆောက်အအုံများ ကြီးကြပ်ရေးကော်မတီမှအပ အစိုးရပိုင်းက မြင်သာထင်သာသော ငလျင်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ခြင်း
မရှိသေးပါ။ သမ္မတက ပထမဆုံးအကြိမ် ဖွဲ့စည်းစေခဲ့သည့် အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီသည်လည်း သိသာထင်ရှားသော လုပ်ဆောင်ချက် ယနေ့အထိ မတွေ့ရချေ။
‘‘သဘာဝဘေးအန္တရာယ်အတွက် ကူညီလှုပ်ရှားပေးတဲ့ NGO တွေက ခုနေမှာ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ပေးသင့်ပါတယ်။ လူထုက ထလုပ်ဖို့ အသိပညာမှမရှိတာ မလွယ်လှပါဘူး။ စိတ်ပါဝင်စားမှုပိုင်း အားနည်းတာကလည်း စားဝတ်နေရေးအတွက် လုံးပန်းနေရလို့ပါ။ အစိုးရအနေနဲ့က မဖြစ်မနေ လုပ်သင့်တယ်လို့ ပညာရှင်တွေ စတင်ရေးသားထားတာ စာတွေများများ ဖြန့်ဝေပေးသင့်တယ်။ အသိပညာတွေ ပေးသင့်တယ်။ social media တွေ၊ သတင်းဌာနတွေက အသိပညာများများ ဖြန့်ဝေပေးရပါမယ်။ အန္တရာယ်ရှိတဲ့ အဆောက်အအုံတွေဆို မဖြစ်မနေ ဖြိုချပစ်ရပါမယ်။ စသဖြင့်ပေါ့။ သွေးအေးလို့ မနေသင့်ဘဲ လုပ်သင့်တဲ့အချိန် ရောက်နေပြီလို့ ထင်ပါတယ်’’ ဟု တောင်ဥက္ကလာပမြို့နယ်နေ ဒေါက်တာရီလွင်ကျော်ဇော်က ပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်ကလည်း ငလျင်အန္တရာယ်နှင့်ပတ်သက်၍ ရန်ကုန်လိုမြို့တွင်သာမက နယ်ပေါင်းစုံရှိ ငလျင်ပြတ်ရွေ့ပေါ်မှ ဒေသခံများအနေဖြင့် နေအိမ်အဆောက်အအုံ တည်ဆောက်မှုအပိုင်းတွင် တစ်ဦးချင်းစီ ကြိုတင်သတိရှိရန်လိုကြောင်း ပြောသည်။
နီပေါနိုင်ငံတွင်တော့ ငလျင်၏ နောက်ဆက်တွဲ အနိဋ္ဌာရုံ မြင်ကွင်းများက သွေးအလိမ်းလိမ်းဖြင့် လွှမ်းမိုးထားဆဲဖြစ်သည်။ ပြတ်ရွေ့ကြောပေါ်ရှိနေသည့် မြန်မာနိုင်ငံကလည်း နီပေါနိုင်ငံသတင်းများကို ကြည့်နေရုံနှင့်မပြီးဘဲ သင်ခန်းစာယူကာ လိုအပ်ချက်များ အချိန်မီ ပြင်ဆင်နိုင်ရန် အရေးကြီးကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က အကြံပြုသည်။
7 Days
Lutaw Lupyaw
No comments:
Post a Comment