Tuesday, April 21, 2015

" နှလုံးသွေးကြောကျဉ်းရောဂါ "

" နှလုံးသွေးကြောကျဉ်းရောဂါ "

ရင်ဘတ်အောင့်တာ နှလုံးသွေးကြောကျဉ်း ရောဂါရဲ့ လက္ခဏာတခုပါ။ တိတိကျကျပြောရရင် ရင်ဘတ်အလယ်တည့်တည့် နေရာက ဆွဲညှစ်ထားသလို အောင့်ရင် နှလုံးသွေးကြောကျဉ်းရဲ့ လက္ခဏာပဲ။ အောင့်တာနဲ့ တွဲဖြစ်တာက ရင်တုန်၊ မောပန်းလွယ်တာနဲ့ ကျောချွေးထွေက်တာ။ တချို့က ဇောချွေးပြန်တယ်ဆရာရယ်တဲ့။ ဒီဇောချွေးပြန်ရင် ကြည့်တဲ့ဆရာဝန်က စဉ်းစားရပြီ။ တချို့က တနေကုန် ဟိုက်နေတတ်တယ်။ အထိုင်အထ မိုက်ခနဲ မူးသွားတတ်တာ၊ ဘယ်ဖက်ပခုံးကစပြီး လက်ညှိးထိ ကိုက်တာဖြစ်ရင်တော့ သတိထားပါ၊ နှလုံးရောဂါဖြစ်နိုင်တယ်။ တခါတရံ ကုတ်ကျီးပေါင်းကနေလည်း ဖြစ်တတ်လို့ ခွဲခြားရခက်တယ်။

အခုခေတ်မှာ ရောဂါတွေက စုံတယ်။ မသေချာရင်၊ လိုအပ်တယ်ထင်ရင် စမ်းသပ်စစ်ဆေးမှု လုပ်ရတယ်။ အထူးသဖြင့် နှလုံးရောဂါက အသက်နဲ့ အနီးဆုံးဖြစ်လို့ ပိုဂရုစိုက်ရတယ်။ နှလုံးရောဂါဟုတ် မဟုတ် လက္ခဏာတခုတည်း ကြည့်ပြောလို့ မရပါဘူး။ သေချာအောင် သွေးစစ်၊ ဆီးစစ်၊ ဓာတ်မှန်ရိုက်တာမျိုးလုပ်ရတယ်။ အီးစီဂျီကတော့ နှလုံးရောဂါသည်တိုင်း မဖြစ်မနေလုပ်ရတယ်။  

နှလုံးဟာ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အရေးကြီးဆုံးပဲ။ လူတယောက်ဟာ အသက်မရှုပဲ နေချင်နေနိုင်ပါလိမ့်မယ်။ နှလုံးမခုန်ဘဲ နေလို့မရဘူး။ ဒါ့ကြောင့် သတိလစ်နေတဲ့ လူနာတယောက် လှုပ်ရှားမှုမရှိတဲ့အခါ နှလုံးခုန်ဖို့ အရင်ဆုံး ဦးစားပေးလုပ်ဆောင်ရတယ်။ တခြားရောဂါတွေရှိရင်တောင် နှလုံးကို ဦးစားပေး ကုရတာ ထုံးစံပဲ။ ပြောတော့သာ နှလုံး၊ တကယ်တော့ ခန္ဓာကိုယ်ထဲမှာ သူက တလုံးတည်းရှိတာ။ ဒီတလုံးတည်းသော နှလုံးနဲ့ သွေးကြောတွေကို ထိန်းချုပ်ထားပြီး ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးကို ပို့ပေးရတာ။ ကားအင်ဂျင်နဲ့ နှိုင်းရင် လူတွေ ပိုမြင်လိမ့်မယ်။ ကားမှာ အင်ဂျင်က အရေးကြီးသလို လူမှာလည်း နှလုံးက အရေးကြီးတယ်။ နှလုံးက သွေးကြောတွေကို လည်ပတ်စေတယ်။ သွေးထဲမှာ အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေ ပါတယ်။ သူတို့ကို ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးဆီ ရောက်ဖို့ နှလုံးက လုပ်ဆောင်ပေးရတယ်။ 

သွေးလည်ပတ်မှုကို စတင်သိရှိခဲ့တာ ဝီလီယံဟာဗေး ဆိုတဲ့ ပုဂ္ဂိုလ်ပါ။ သူက နှလုံးရဲ့လုပ်ဆောင်ပုံကို ရှင်းပြခဲ့တယ်။ နှလုံးက pump လို ညှစ်ပြီး သွေးတွေကို ပန်းထုတ်ပေးတယ်။ အဲဒီသွေးတွေက သွေးလွှတ်ကြောကနေ သယ်ဆောင်ပေးပြီး capillaries ဆံချည်မျှင် သွေးကြောတွေ ရောက်လာတယ်။ အဲဒီမှာ ကောင်းတာတွေယူ၊ မကောင်းတာတွေကို ပြန်ပေးတဲ့ဖြစ်စဉ် ဖြစ်တယ်။ ကောင်းတာတဆိုတာ အောက်စီဂျင်ကို ပြောတာ၊ မကောင်းတာက ကာဗွန်ဒိုင်အောက်ဆိုက်။ ဆံချည်မျှင်သွေးကြောက အလဲအလှယ်လုပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်သယ်လာတာက သွေးပြန်ကြော (vein) ပဲ။ သူကနေ နှလုံးပြန်ရောက်လာတယ်။ နှလုံးကလည်း ကြာကြာလက်မခံဘူး။ အဆုတ်ကိုသွားတဲ့ သွေးကြောဆီ ပို့ပြီး အဆုတ်ကရှုသွင်းလို့ ဝင်လာတဲ့အောက်စီဂျင်နဲ့ အလဲအလှယ်လုပ်တယ်။ သန့်တဲ့ အောက်စီဂျင်ပါတဲ့ သွေးလွတ်ကြောက ရဲနေပြီး မသန့်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါရင် နည်းနည်းမဲနေတယ်။ အဆုတ်ရဲ့တာဝန်က အောက်စီဂျင်ကို ရှုသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်ဖို့ပဲ။ နှလုံးက ကူညီပြီး အလုပ်လုပ်မှ ဒီဖြစ်စဉ်က ပြီးမြောက်တယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုများရင် သွေးလိုအပ်မှုများလို့ နှလုံးကလည်း ပိုလှုပ်ပေးရတယ်။ နှလုံးခုန်မြန်တာနဲ့အမျှ အနည်းနဲ့အများ အသက်ရှုမြန်လာတတ်တယ်။ 

နှလုံးဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်း တခုဖြစ်လို့ အောက်စီဂျင်လိုပါတယ်။ နှလုံးသွေးကြောကျဉ်းရင် နှလုံးမှာ အောက်စီဂျင် ပြတ်တောက်လာပါတယ်။ အောက်စီဂျင် ပြတ်တောက်တဲ့ လက္ခဏာက နှလုံးရှိတဲ့ ရင်ညွန့်အလယ်မှာ အောင့်လာတယ်။ ဒီလိုလက္ခဏာ ဖြစ်လာရင် မဟုတ်မှလွဲ၊ နှလုံးက ဖြစ်ဖို့များနေပြီ။ ဆရာဝန်နဲ့ ပြပါတော့။ 

နှလုံးက မျိုးရိုးနဲ့လည်း ဆိုင်တတ်တယ်။ အသက် (၅၀) ကျော်တာနဲ့ ဖြစ်နိုင်ချေပိုများလာပြီ။ အရှေ့တိုင်းသားတွေက အနောက်တိုင်းသားတွေထက် ၅ နှစ် ကနေ ၁၀ နှစ် ထိစောဖြစ်ကြတယ်။ ဒီထဲမှာ အရှေ့တောင်အာရှဒေသတွေနဲ့ အနောက်ပစိဖိတ်ဒေသတွေက အသေအပျောက် ပိုများပါသတဲ့။ တကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်ရင် အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုဖြစ်ကြတယ်။ ဝင်ငွေနည်းတဲ့နိုငိငံသားတွေက နှလုံးသွေးကြောကျဉ်း ပိုဖြစ်နိုင်ချေပိုတယ်လို့ စစ်တမ်းတခုက ဆိုပါတယ်။ နှလုံးရောဂါက လူနေမှုပုံစံနဲ့လည်း သက်ဆိုင်တတ်တယ်။ အဝလွန်သူ၊ လှုပ်ရှားမှုနည်းသူ၊ သွေးတွင်း အဆီဓာတ်များသူဟာ အနည်းနဲ့အများ နှလုံးရောဂါ ဖြစ်တတ်ကြတယ်။ သွေးတိုး၊ ဆီးချို၊ စိတ်ဖိစီးမှုများသူတွေဟာ နှလုံးရောဂါဖြစ်ဖို့ အခွင့်အလန်း ပိုများတယ်။ စိတ်ခံစားမှု လွန်ကဲသူတွေဟာ သူများထက် နှလုံးရောဂါ ဖြစ်တတ်ပါတယ်။ 

တကယ်တော့ နှလုံးသွေးကြောကျဉ်းတဲ့အဆင့်ထိ အကြောင်းမဟုတ်သေးဘူး။ ကြာလာရင် သွေးကြောပိတ်ပြီး နှလုံးကြွက်သားပုပ်တဲ့အဆင့် (myocardial infarction) ရောက်လာတာ့မယ်။ ပုပ်ပြီးသား နှလုံးကတော့ ဘယ်တော့မှ ပြန်မကောင်းတော့ပါ။ ဒါ့ကြောင့် နှလုံးမပုပ်ခင် နှလုံးသွေးကြောကျဉ်းတဲ့အချိန်မှာ စောစောကုထားရမှာ ဖြစ်ပါတယ်။ စောစောသိပြီး ကုရင် ခံစားရတဲ့လက္ခဏာအများစုက သက်သာလာပါတယ်။ 

နှလုံးရောဂါသည်တွေမှာ နှလုံးသွေးကြော ချဲ့ဆေးတွေ အရင်ဆုံး ပေးလေ့ရှိတယ်။ သွေးချဲ့ဆေးတွေ အမျိုးမျိုးရှိတယ်။ ဆေးတွေက တကယ်လည်း ထိရောက်တယ်။ ရောဂါခံစားရသူရဲ့ ၇၀ရာခိုင်နှုန်းဟာ ဒီဆေးပေးပြီး သက်သာသွားကြတယ်။ အဆီကြောင့် သွေးကြောကျဉ်းရင် အဆီကျဆေးပေးပြီး ကုသရတယ်။ နှလုံးသမား အိတ်ထဲဆောင်ထားရမယ့် ဆေးထဲမှာ အဆီကျဆေးတွေလည်းပါတယ်။ အဲဒီအဆီကျဆေးတွေက သွေးတွင်းအဆီဓာတ်ကို အဓိကချတာပါ။ သွေးပျစ်တာရှိရင် သွေးကျဲဆေးတွေပေးပြီး သွေးခဲကြောင့် နှလုံးမပုပ်အောင် ကြိုတင်ကာကွယ်နိုင်တယ်။ နှလုံးအလုပ်များရင် နှလုံးခုန်နှုန်းချတဲ့ ဆေးတွေနဲ့ သက်သာစေတယ်။ နှလုံးကို ပိုဆိုးစေတဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတွေရှိရင် အမြန်ဆုံးကုသပါတော့။ ဒီရောဂါတွေ ကောင်းကောင်းထိန်းနိုင်မှ နှလုံးက စိတ်ချရမှာ မဟုတ်လား။ နှလုံးသမား အအိပ်ပျက် အစားပျက် အလှုပ်အလက် မခံပါ၊ စိတ်ဖိစီးလို့မရဘဲ စိတ်ပျော်အောင်ထားရတယ်။ မြန်မာဇာတ်ကားတွေထဲမှာ နှလုံးသမား နေရာရတယ်။ ဇာတ်နာအောင် သူတို့ပဲလုပ်တတ်တယ်။ အဘွားက ဘာရောဂါဖြစ်လို့ ဇာတ်ပေါင်းစေတာလည်း သူတို့ပဲ မဟုတ်လား။ တခါတရံ ဇာတ်ကို သူတို့ကပဲ အဆုံးဖြတ်ပေးတယ်။ 

နှလုံးရောဂါရှိသူတိုင်း သတိထားဆင်ခြင်ရမှာတွေ ရှိတယ်။ ပင်ပင်ပန်းပန်းအလုပ်တွေ ခေါင်းခြောက်စရာအလုပ်တွေ လုံးဝ (လုံးဝ) မလုပ်ပါနဲ့။ ဘယ်လိုမှမဖြစ်နိုင်ရင် အလုပ်ပြောင်းပါ။ နေ့စဉ်အားကစားထဲမှာ (လမ်းလျှာက်တာ၊ အေရိုးဗစ်) နည်းနည်းစီ လုပ်လို့ရတယ်။ ဝိတ်တက်နေရင် ဝိတ်ချပါ။ အစားအသောက်ထဲမှာ ရှောင်စရာတွေများတယ်။ နှလုံးသမားတွေအနေနဲ့ အဆီအဆိမ့်၊ ဆီးချိုသမားမှန်ရင် အချို၊ သွေးတိုးသမားတွေ အငန် လုံးဝ ရှောင်သင့်တယ်။ ဟင်းချိုမှုန့် (monosodium glutamate) ဆိုတာ ဆားဓာတ်တမျိုးဖြစ်လို့ နှလုံးနဲ့ သွေးတိုးရှိသူတွေမှာ ရှောင်ရမယ်။ ရောဂါသုံးမျိုးလုံးရှိရင် သုံးမျိုးလုံး တတ်နိုင်သမျှ ရှောင်ပါ။ ဆေးလိပ်၊ အရက်သောက်တတ်သူတွေ ဖြတ်ပစ်ဖို့ ကြိုးစားပါ။ အထူးသဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးက အဆိုးဆုံးပဲ။ ဒီထဲမှာ အရက်နည်းနည်းဆီသောက်တာ ကျန်းမာရေးအတွက်ပါဆိုသူတွေ ရှိပါလိမ့်မယ်။ ဒါပေမယ့် မယုံပါနဲ့။ သူတို့နည်းနည်းက တခြားနိုင်ငံတွေက အရက်ချိုးဆိုသူတွေထက် မသာရင်သာနေမယ်၊ မလျှော့ပါ။ စိတ်ဖိစီးမှုကလည်း နှလုံးအပေါ် သက်ရောက်စေလို့ သတိထားပါ။ ကိုယ့်စိတ်ကိုပြင်၊ လိုရင်တရားမှတ်ပေါ့။ မယုံမရှိနဲ့။  ၂၀၁၂ က အမေရိကားမှာ လေ့လာမှုလုပ်တော့ မိနစ် (၂၀) ခန့် တရားကျင့်ကြံသူဟာ  နှလုံးရောဂါဖြစ်ပွားမှု ၄၈ ရာခိုင်နှုန်းထိ လျှော့နည်းစေတဲ့အကြောင်း နာမည်ကြီး တိုင်းမ် သတင်းစာက ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး



Lutaw Lupyaw

No comments:

Post a Comment