Sunday, April 19, 2015

"သဘာဝရဲ့ ဘဏ်တိုက်ပိုင်ရှင်ကြီး"

"သဘာဝရဲ့ ဘဏ်တိုက်ပိုင်ရှင်ကြီး"

လောကမှာ တစ်သက်လုံး လွတ်လပ်စွာ ငွေထုတ်သုံးနိုင်တဲ့ ဘဏ်တိုက်ပိုင်ရှင်ကြီး ရှိတယ်။ ဒီဘဏ်တိုက်ပိုင်ရှင်ကြီးဆီမှာ
ဘာကဒ်၊ ဘာလက်မှတ်မှ ပြစရာမလိုဘဲ ငွေတွေကို ထုတ်သုံးလို့ ရပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့အားလုံးကို သဘာဝက ပေးထားတဲ့ အဖေဆိုတဲ့ ဘဏ်တိုက်ပိုင်ရှင်ကြီးပါပဲ။

အဖေဟာ သားသမီးတိုင်းအတွက် ကာကွယ်မှုပေးနိုင်တဲ့ အခိုင်မာဆုံးသော အုတ်တံတိုင်းကြီးတစ်ခုပါ။ အဖေဟာ သူရဲ့ လက်ဝါးထဲမှာ ရင်သွေးငယ်ရဲ့ ခြေထောက်နှစ်ဖက်ကို ထည့်ကာ အမြင့်ကို ပင့်တင်ပြီး မတ်မတ်ရပ်နိုင်အောင် အားတွေ ပေးခဲ့တဲ့ ကျေးဇူးရှင်ကြီးပေါ့။

ပုခုံးပေါ်ကို ထမ်းတင်ပြီး လောကကြီးအား အပေါ်စီးက ကြည့်နေနိုင်အောင် သင်ပေးခဲ့တာ အဖေပါ။ သူ့ရင်သွေးရဲ့ ခြေဖ၀ါးလေးတွေ နာမှာဆိုးလို့ သူ့ညာလက်နဲ့ ပွေ့ချီပြီး သွားလိုရာ ခေါ်စေခဲ့တာ အဖေပါ။ မိုးတွေရွာသောအခါ သားတွေသမီးတွေ ချမ်းမှာဆိုးပြီး စောင်ခြုံပေးပေမယ့် သူကတော့ မိုးရွာထဲ မချမ်းမတီးဘဲ ရုန်းကန်ရှာဖွေခဲ့တာ အဖေပါ။

နေပူသောအခါ သားသမီးတွေအတွက် အရိပ်လေးတွေ မိုးပေးပြီး သူကတော့ ကျောပြောင်ကြီးနဲ့ နေမင်းကြီးကို အံတုပြီး
မိသားစုကို လုပ်ကိုင်ကျွေးမွေးနေတာ အဖေပါ။ မွေးကင်းစ သားလေးက သူ့ကို ခြေထောက်နဲ့ကန်တာကို ငါ့သားကြီးကန်
တတ်ပြီကွ ဆိုပြီး ပြုံးနေနိုင်တာ အဖေပါ။

သမီးငယ်လေးက လက်နဲ့ သူ့ရဲ့ပါးကို ရိုက်တဲ့အခါ ငါ့သမီးလေးက ရိုက်တတ်နေပြီ ကြည့်စမ်းပါဦးဆိုပြီး ပတ်ဝန်းကျင်ထိ ပျံ့လွင့်အောင် ပျော်မြူးနိုင်သူဟာ အဖေပါ။ သားတို့ သမီးတို့ ငွေမရှိပေမယ့် အဖေရှိပါသေးတယ်လို့ လက်သီးလက်မောင်းတန်းပြီး အားတွေ ဖြစ်စေခဲ့သူဟာ အဖေပါ။ အဖေဟာ သူရဲကောင်းကြီးပေါ့။ နာမည်တစ်လုံးကို ရေရွတ်လိုက်တာနဲ့ ခွန်အားတွေပြည့်စေပြီး လေထဲကို လွင့်ပျံလိုက်ချင်စိတ် ပေါ်ပေါက်စေနိုင်တာကတော့ " အဖေ " ဆိုတဲ့ နာမည်လေးပဲ ဖြစ်ပါတော့တယ်။


Credit : True Man



Lutaw Lupyaw

No comments:

Post a Comment