Tuesday, April 28, 2015

"သန္ဓေတားဆေးများကြောင့် ဦးနှောက် ကျုံ့နိုင်သည်ဟုဆို"

"သန္ဓေတားဆေးများကြောင့် ဦးနှောက် ကျုံ့နိုင်သည်ဟုဆို"

သန္ဓေတားဆေးများကြောင့် အမျိုးသမီးများ ကိုယ်လက် မအီမသာ ဖြစ်တတ်သည်၊ ၀ိတ်တက် လာတတ်သည်၊ ခေါင်းမူး ပျို့အန် ဖြစ်တတ်သည်ဟု လူသိများသည်။ ယခုအခါ နောက်ထပ် စမ်းသပ်မှု တစ်ခုအရ ဦးနှောက်ကိုလည်း ကျုံ့စေနိုင်သည့် လက္ခဏာများ တွေ့ထားသည်။

နာ့ဗ်ကြော သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်အရ သန္ဓေတားဆေး သောက်သော အမျိုးသမီးများ၏ ဦးနှောက်အတွင်းရှိ ခံစားမှုအပိုင်းနှင့် ဆုံးဖြတ်ချက်ချသော အပိုင်းတို့သည် အခြားအမျိုးသမီးများနှင့် ယှဉ်လျှင် ပိုပြီး ပါးလျားနေကြကြောင်း သိရသည်။

လော့စ်အိန်ဂျလိရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဒေါက်တာ နီကိုးလ်ပီတာဆန်နှင့် အဖွဲ့က လေ့လာထားခြင်း ဖြစ်သည်။ သန္ဓေတားဆေးများတွင် ပါသော ဟိုမုန်းဓာတ်များသည် ဦးနှောက် အတွင်းရှိ ခံစားမှုအပိုင်းနှင့် ဆုံးဖြတ်မှုအပိုင်း တစ်သျှုးများကို ကျုံ့သွားစေသည့် အာနိသင်ရှိကြောင်း သုတေသနပြု တွေ့ရှိထားသည်။

လေ့လာ တွေ့ရှိချက် အပြည့်အစုံကို Human Brain Mapping ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ လေ့လာမှု စစ်တမ်းတွင် အမျိုးသမီး (၉၀) ပါဝင်သည်။ (၉၀) ကို နှစ်စုခွဲသည်။ ၄၄ ယောက် အစုသည် သန္ဓေတားဆေး ပုံမှန် သောက်သုံးနေသူများ ဖြစ်သည်။ ကျန် (၄၆) ယောက်ကား မည်သည့် တားဆေးကိုမျှ မသောက်သော အစုဖြစ်သည်။

အမျိုးသမီးများ၏ ဦးနှောက်များကို ဦးနှောက် ပုံရိပ်ဖော်စက်ဖြင့် မှတ်တမ်းတင်သည်။ ထိုအခါ သန္ဓေတားဆေး သောက်သော အမျိုးသမီးများတွင် ဆုံးဖြတ်ချက်ချမှုကို ထိန်းချုပ်သော အော်ဘစ်တိုဖရွန်တယ် ကိုတက်အပိုင်းနှင့် စိတ်ခံစားမှုကို ဖြစ်စေသော ပိုစတီးရီးယား စီဂူလိတ် အပိုင်းတို့သည် ပုံမှန်ထက် ပိုပါးလွှာနေကြကြောင်း တွေ့ခဲ့ရသည်။

ထိုသို့ ပါးလွှာကာ ကျုံ့သွားခြင်းသည် အမြဲတမ်း ဖြစ်မည်လား၊ ဆေးသောက်တုန်း အခိုက်အတန့်သာ ဖြစ်မည်လား သိရအောင် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် လေ့လာနေကြဆဲ ဖြစ်သည်။

Source: Daily Mail



Lutaw Lupyaw

No comments:

Post a Comment