" ဆေးမစားဘဲ အသက်ရှည်နည်း "
ရှေးနှစ်ပေါင်း ၆ဝ ကျော်က ထုတ်ဝေသော မြိုင်နံ့သာ ဆေးမြီးတိုကျမ်း စာအုပ်တွင် ဆေးမစားဘဲနှင့် ကျန်းမာစွာ အသက်ရှည်၍ နေလိုပါက အောက်ပါ အချက်များကို အတိအကျ လိုက်နာပါဟု ဖော်ပြထားသည်-
၁။ အသားစားရှောင်ပါ။
၂။ အသီးအရွက်များများစားပါ။
၃။ အိပ်ရေးဝအောင်အိပ်ပါ။
၎။ ကိုယ်လက် လှုပ်ရှားမှု နံနက်၊ ညနေတိုင်း ၁၅ မိနစ်ခန့် အမြဲပြုပါ။
၅။ ခုနစ်ရက် တစ်ခါ ထမင်းတစ်ထပ် လျှော့စားပါ။
၆။ လေကောင်း လေသန့်ရှူပါ။
၇။ အရက်သေစာ ရှောင်ပါ။
၈။ ကာမ မကြူးပါနှင့်။
၉။ နွားနို့ကျက်ကျက် နံနက်၊ ည တစ်ဖန်ခွက် မှန်မှန်သောက်ပါ။
၁ဝ။ အစားကို တစွတ်စွတ် မစားရ၊ အချိန်နှင့်စားပါ။
၁၁။ ထမင်းဖြစ်စေ၊ အစာတစ်ခုခု ဖြစ်စေ ဝအောင်မစားဘဲ လျှော့စား၍ ရေ၊ ရေနွေး ဝအောင် သောက်ပါ။
၁၂။ အစာစားပြီးလျှင် နာရီဝက်ခန့် နားပါ၊ ကိုယ်လက် ပင်ပန်းစွာ လှုပ်ရှားမှု ချက်ချင်း မလုပ်ပါနှင့်။
၁၃။ ဒေါသစိတ် မပွားစေပါနှင့်။
၁၄။ တစ်ပတ်တစ်ခါ ဝမ်းနုတ်ပါ။
ဤနည်းအတိုင်း အတိအကျ လိုက်နာပါက အသက်ရာကျော်ရှည် ကျန်းမာပျော်ရွှင်စွာ နေရပါလိမ့်မည်။ ထို့ကြောင့် အတိအကျ လိုက်နာနိုင်အောင် ကြိုးစား၍ ပြုကျင့် ရသတည်း။
(မြိုင်နံ့သာ ဆေးမြီးတိုကျမ်း ၁၉၅၆ ခုနှစ်ထုတ်မှ) ဟူ၍ ဖြစ်သည်။
ဤဆေးကျမ်းပါ အချက်များသည် နှစ် ၆ဝ ခန့် ကြာခဲ့ပြီ ဖြစ်သော်လည်း ယနေ့ခေတ်ကာလနှင့် ကိုက်ညီနေဆဲ ဖြစ်သည်ကို တွေ့ရှိရသဖြင့် ပြန်လည် ဖော်ပြရခြင်း ဖြစ်သည်။
လူတို့သည် သတ္တဗေဒ ရှုထောင့်မှ ကြည့်လျှင် အမှန်တကယ် အသားစား သတ္တဝါမျိုး မဟုတ်ချေ။ မေးရိုးနှင့် အံသွားများ အနေအထားကို ကြည့်ခြင်းဖြင့် အသီးအရွက်၊ သစ်ဥသစ်ဖုစားသည့် အမျိုးအနွယ် ဖြစ်သည်။ အသိဉာဏ် ဖွံ့ဖြိုးပြီး ကာလ ကြာရှည်လာသောအခါ မီးလောင်ကျွမ်းသည့် သားကောင်တို့၏ မွှေးပျံ့သော ရနံ့ကို နှစ်သက်၍ စားသုံးရာမှ အသားစားသည့် သတ္တဝါအဖြစ်သို့ ပြောင်းလဲလာသည်။ ထို့နောက်တွင် သတ္တဝါများကို သတ်ဖြတ် စားသောက်ရာမှ လောဘ၊ ဒေါသ၊ မောဟ တရားများ ဖုံးလွှမ်းလာပြီး ၉၆ ပါးသော ရောဂါများ ဖြစ်ကာ အသက်တိုလာကြသည်ဟု ဆိုသည်။
ကြည်မြင့်လွင် (မုဒြာ)
Lutaw Lupyaw
No comments:
Post a Comment