"သဘာဝဖြစ်စဉ်တစ်ခုရဲ့ လျှပ်စစ် (သို့) မိုးကြိုး"
မိုးရာသီမှာ မိုးရွာတစ်ရက်၊ နေပူ တစ်ရက်လို့ ခေါ်ရလောက်အောင် မိုးရွာချိန် နည်းနေ ပါတော့တယ်။ မိုးရာသီမို့ ဖြိုင်ဖြိုင်မရွာမယ့် သဘောများ ဆောင်နေသလားမသိ။ မိုးမရွာတဲ့ နေ့တွေမှာ နေကပူလာ၊ မိုးငွေ့နဲ့မို့ ပူပူ အိုက်အိုက် နေကြရပါတယ်။ ဒီကာလတွေမှာ ကျွန်တော်တို့ နိုင်ငံဟာ အီကွေတာနဲ့လည်း အတော်နီးနေချိန်မို့ နေက ပူစရာရှိရင် ပူမယ့်သဘောပဲ ဖြစ်ပါတယ်။ မိုးမရွာတဲ့ နေ့တွေဆို၊ နွေရာသီ တုန်းကလို ပူတတ်ပါတယ်။ ဒါကြောင့် Climate Change ခေါ်တဲ့ ရာသီဥတု ဖောက်ပြန်မှုကို လက်တွေ့ တွေ့ကြုံ ခံစားနေကြရပါပြီ။ ခုတလော သတိထားမိတာက နေပူပူမှာ ရုတ်တရက် မိုးအုံ့လာပြီးချိန် " ဂျိမ်း" ခနဲ မိုးကြိုး ပစ်တတ်တာပါပဲ။ ကောင်းကင်မှာ ဝင်းလက်သွားပြီးတာနဲ့ ကြောက်စရာ အသံ ဟိန်းကြီးနဲ့ ပစ်ထည့် တော့တာပါပဲ။
မိုးကြိုးပစ်ခြင်း (Lightning) ဟာ ကောင်းကင်မှာ လျှပ်စစ် စွမ်းအင်တွေ ထွက်ပေါ် ပေါင်းစည်းကြတဲ့ ဖြစ်စဉ် တစ်ခုဖြစ်ပါတယ်။ တိမ်တွေထဲက အမှုန်အမွှား လေးတွေဟာ မူလအားဖြင့် Neutral လျှပ်စစ်ဓာတ် မရှိပါဘူး။ မုန်တိုင်း သို့မဟုတ် လေစီးကြောင်းများနဲ့ ရွေ့လျားရင်းနဲ့ Electrically Charged လျှပ်စစ် ဓာတ်အားများ ဖြစ်ပေါ်လာပါတယ်။ လျှပ်စစ်ဓာတ် အဖိုတွေဟာ တိမ်တောင်ရဲ့ အထက်ပိုင်းကို သွားရောက် နေရာယူကြပြီး လျှပ်စစ်ဓာတ်အမတွေကတော့ တိမ်တောင်ရဲ့အောက်ခြေပိုင်းမှာ စုရုံးကြပါတယ်။ အဲဒီမှာ သဘာဝလျှပ်စစ်ဓာတ် ဆွဲငင်မှု (Natural Pull) (လျှပ်စစ်ဓာတ် အဖိုနှင့်အမ ဓာတ်တို့ဆွဲငင်မှု) ဟာ တိမ်တောင်ရဲ့အတွင်းမှာ ဖြစ်ပေါ်ပါတယ်။ အဲဒီလို ဆွဲငင်ရင်း ရွေ့လျားနေတဲ့ တိမ်တောင်အတွင်းမှာ Electric Spark of Light ခေါ်တဲ့ လျှပ်စီးလက်တာကို တွေ့နိုင်ပါတယ်။ ဒီလို လျှပ်စစ်ဓာတ် ဆွဲငင်စီးဆင်းခြင်း ဖြစ်စဉ်ဟာ တိမ်တောင်ရဲ့ အတွင်းမှာဖြစ်စေ၊ တိမ်တောင်များ အချင်းချင်းမှာ ဖြစ်စေ ဖြစ်ပေါ်နေတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ တိမ်တောင်တွေမှာ ရှိတဲ့ လျှပ်စစ်အမဓာတ်တွေဟာ ကမ္ဘာမြေပေါ်က Positive Charge အဖိုဓာတ်တွေနဲ့ ဆွဲငင်ကြပါတယ်။ ဒီလို တိမ်တောင်များနဲ့ မြေပြင်တို့အကြား လျှပ်စစ်ဓာတ်များ ဆွဲငင်စီးဝင်ကြခြင်းကို Strokes လို့ ခေါ်ပါတယ်။ ဝင်းခနဲ လက်ခနဲ တွေ့ရတာ ကိုတော့ Return Stroke လို့ ခေါ်ပါတယ်။ ဒီ Return Stroke ခေါ် မိုးကြိုး အလင်းပြန်ခြင်းဟာ အလင်းရောင်ရဲ့ မြန်နှုန်းအတိုင်း သွားပါတယ်။ ကောင်းကင်နဲ့ မြေပြင် အကြား လျှပ်စစ်အမနဲ့ အဖိုများအကြား အင်အားကြီးမားစွာ ဆွဲငင်ကြလို့ ကြီးမားတဲ့ လျှပ်စီးကြောင်းကြီးအဖြစ် ဖြစ်ပေါ်တဲ့ မိုးကြိုးဖြစ်စဉ်မှာ လျှပ်စစ်ဓာတ်အား ဗို့အား သန်း ၁၀ဝ မျှ (100 Million Volts of Electricity) ရှိပါတယ်။ ဒီဓာတ်အားဟာ လေထုကို သန်းပေါင်း ၃၃၀ဝ၀ ဒီဂရီ ဆဲလ်စီးယပ်စ်နှင့် ညီမျှသော အပူဓာတ် ပေးပါတယ်။ ပြင်းထန်လှတဲ့ အပူဓာတ်ကို ဖြစ်စေပါတယ်။ Return Stroke လျှပ်စစ် ဓာတ်ပြန်ခြင်းကြောင့် အဲဒီလို အပူဓာတ် ဖြစ်ပေါ်စေပြီး ပြင်းထန်တဲ့ အသံကြီး ဖြစ်စေပါတယ်။ ဒါကို Thunder မိုးကြိုးပစ်ခြင်းလို့ ခေါ်ကြပါတယ်။
မိုးကြိုးပစ်ခြင်းလို့ ခေါ်ရမယ့် လျှပ်စစ်ဓာတ် စီးဆင်းခြင်း လမ်းတစ်လျှောက်မှာရှိတဲ့ အရာဝတ္ထု မှန်သမျှ ထိခိုက်ပျက်စီးခြင်း၊ လောင်ကျွမ်းခြင်းများ ဖြစ်တတ်ပါတယ်။ လူကိုထိရင် လူသေရပါတယ်။ လေ့လာမှုအရ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာ နှစ်စဉ် မိုးကြိုးပစ်ခံရလို့ လူပေါင်း ၄၀ဝ လောက် သေဆုံးနေရကြောင်း သိရပါတယ်။ မိုးကြိုး ဖြစ်စဉ်က လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ချိန်မှာ နှလုံး၊ ရင်အုပ်ပိုင်း ကြွက်သားများနဲ့ ဦးနှောက်မှာ ရှိတဲ့ Breathing Centre အသက်ရှူမှုကို ထိန်းချုပ် နေရာတို့ကို ထိခိုက် ပျက်စီးသွားစေပါတယ်။ လူရဲ့ နှလုံးဟာ လျှပ်စစ် ဓာတ်အား ၁/ ၁၀၀ အင်ပီယာ (တစ်အင်ပီယာရဲ့ ၁၀၀ ပုံ တစ်ပုံ၊ One- hundredth of an ampere of electris current) စီးဝင်လျှင်ပင် နှလုံးပျက်စီး ရပ်တန့်သွားနိုင်ခြင်း သို့မဟုတ် နှလုံးခုန်မှုကို ပျက်စီးစေခြင်းတို့ ဖြစ်တတ်ပါတယ်။ (ဒါကြောင့် လျှပ်စစ်ဓာတ် စီးဝင် လှုပ်ရှားနေတဲ့ မည်သည့် လျှပ်စစ်ပစ္စည်း ဥပမာ-လက်ကိုင်ဖုန်း၊ ရေဒီယို၊ ကက်ဆက် စသည် တို့ကို နှလုံးရှိရာ ရင်ဘတ်ထဲမှာ မထားသင့်ပါ)။ ပုံမှန် မိုးကြိုးပစ်မှုတစ်ခုမှာ လျှပ်စစ်ဓာတ်အား ၃၀ဝ၀ဝ မှ ၄၀ဝ၀ဝ အင်ပီယာမျှ ဓာတ်အားရှိပါတယ်။ ဒါကြောင့် လူ့ခန္ဓာကိုယ်၊ လူ့နှလုံးတို့ဟာ လုံးဝမခံနိုင်တော့ဘဲ ချက်ချင်း ပျက်စီး လောင်ကျွမ်းရပါတော့တယ်။ မိုးကြိုးပစ်မှု ဖြစ်စဉ်ရဲ့ သဘာဝကို သိရှိထားရင် ကာကွယ်ရှောင်တိမ်း နိုင်ကြပါတယ်။
"မိုးကြိုးပစ် ထန်းလက်နဲ့ကာ" ဆိုသလို မိုးကြိုး ပစ်တာကို ထန်းလက်နဲ့ ကာလို့မရပါဘူး။ ကြီးမားတဲ့ ပြဿနာကို မရေရာတဲ့နည်းနဲ့ ဖြေရှင်းလို့ မရတဲ့ သဘောကို တင်စားတာပါ။ မိုးကြိုးပစ်တာဟာ လျှပ်စစ်ဓာတ် ဆွဲငင်စီးဝင်မှု ဖြစ်လို့ လျှပ်စစ်ဓာတ် ဖြစ်ပေါ် စီးဆင်းနေတဲ့ ဝါယာကြိုး၊ လျှပ်စစ်ပစ္စည်း စသည်တို့နဲ့ ဝေးရာမှာ နေသင့်ပါတယ်။ အိမ်တွင်းက မီးခလုတ်တွေ ပိတ်ထားပါ။ တယ်လီဖုန်းဆိုရင် ဘယ်တယ်လီဖုန်းကိုမှ မသုံးသင့်ပါ။ အိမ်ပြင်မှာ ရှိနေရင် မြင့်မားတဲ့ အဆောက်အဦ၊ တိုင် စသည်တို့နဲ့ ဝေးရာကို ရှောင်ရှားနေပါ။ ပြီးတော့ မြေပေါ် ထိုင်ချပါ။ (အချို့ ပညာရှင်တို့က မြေပြင်ပေါ်မှာ လှဲမအိပ်ပါနဲ့လို့လည်း ဆိုကြပါတယ်)။ သစ်ပင်မြင့်မြင့်၊ တိုင်မြင့်မြင့်တို့ နားမှာလည်း ရပ်မနေမိပါစေနဲ့။ ပြီးတော့ ရေနဲ့ ဝေးရာကိုလည်း ရွေးချယ် နေရာယူပါ။ စက်ဘီးစီး နေရင် စက်ဘီးဟာ လျှပ်စစ်စီးဝင်တတ်တဲ့ သတ္တုတွေနဲ့ ပြုလုပ်ထားတာမို့ စက်ဘီးပေါ်က အမြန်ဆုံးဆင်းပြီး ဝေးဝေးမှာနေပါ။ ကားထဲမှာ ရှိနေရင်လည်း သတ္တုနဲ့ ပြုလုပ်ထားတဲ့ မည်သည့်ပစ္စည်းကိုမျှ မကိုင်တွယ်ထားပါနဲ့။ ကားအပြင်ထွက်ပြီး လုံခြုံရာမှာနေရာယူပါ။ Fame Equipment ခေါ်တဲ့ လယ်ယာသုံး ထွန်၊ ထယ်၊ ပေါက်တူး၊ ပေါက်ပြား စသည်တို့ကိုလည်း မကိုင်တွယ် ထားပါနဲ့။ လေမုန်တိုင်း တိုက်ချိန် မိုးကြိုးပစ်တတ်သလို၊ နေပူ မိုးရွာချိန် မှာလည်း မိုးကြိုးပစ် တတ်ပါတယ်။ တစ်ခါတစ်ရံ မိုးကြိုးမုန်တိုင်းဆိုပြီး မိုးကြိုးများ ဆက်တိုက် ပစ်ချတတ်ပါတယ်။ ဒီလို အခါမျိုးမှာ အားလုံး ငြိမ်သက်သွားပြီး မိနစ် ၃၀ အကြာ လောက်မှ အပြင်ကို ထွက်သင့်ပါတယ်။ တချို့က ရော်ဘာဟာ လျှပ်စစ် မကူးနိုင်လို့ ရော်ဘာပစ္စည်း တစ်ခုခုနဲ့ ကာကွယ်လို့ ရတယ်တဲ့။ မဖြစ်နိုင်လို့ မယုံသင့်ပါဘူး။ ဒါကြောင့် မိုးဦး၊ လေဦး မိုးရာသီ အတွင်းနဲ့ အချိန်မလပ် ဖြစ်ပေါ် နေတတ်တဲ့ သဘာဝဖြစ်စဉ် တစ်ခုဖြစ်တဲ့ မိုးကြိုးပစ်ခြင်း အကြောင်း အများပြည်သူတို့ သိရှိနားလည် ထားသင့်ပါတယ်။ "အသိဥာဏ် ရှိခြင်းဟာ အန္တရာယ်များကို ကောင်းစွာ ကာကွယ်နိုင်ခြင်း" ဖြစ်ပါတယ်။
ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)
Lutaw Lupyaw
No comments:
Post a Comment