"ဗောဓိတစ်ထောင်လျောင်းတော်မူရင်ပြင်တွင် ဘုရားဖူးအချို့ ဖိနစ်စီးသည့် ဓာတ်ပုံကို မုံရွာဒေသခံများ ဒေါသထွက်"
မုံရွာမြို့ အထင်ကရ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူဖြစ်သည့် ဗောဓိတစ်ထောင်သာသနာ့နယ်မြေ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ရင်ပြင်တွင် ဘုရားဖူးများ ဖိနပ်စီးသည့် ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်၌ ပျံ့နှံ့လာခဲ့၍ ဝေဖန်သူများခဲ့ကြောင်း သတင်းရရှိသည်။
ဗောဓိတစ်ထောင် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ရှေ့ ရင်ပြင်တော်တွင် အမျိုးသမီးသုံးဦးအနက် နှစ်ဦး ဖိနစ်စီးထားသည့် ဓာတ်ပုံတစ်ပုံမှာ ဧပြီ ၂၅ ရက်က ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်သို့ ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။
‘‘ဗုဒ္ဓဘာသာဝင်တွေ ဘုရားဝတ်ပြုတဲ့ ရင်ပြင်တော်မှာ ဘုရားဖူး ကောင်မလေးတွေ ဖိနပ်စီးတဲ့ ဓာတ်ပုံ အင်တာနက်စာမျက်နှာမှာ တွေ့ခဲ့ရတယ်။ ရင်ပြင်တော် အနီးပတ်ဝန်းကျင်က လူတွေပဲ မမြင်လို့မပြောတာလား၊ ဘာသာရေးအသိစိတ် နည်းလို့ ရိုင်းတာလားတော့မသိဘူး။ ကိုယ့်ရှေ့မှာ ဘုရားရင်ပြင်တော်ပေါ် ဖိနစ်စီးတာ မြင်ရင်တော့ ဘုရားပေါ်က အတင်း မောင်းထုတ်ပစ်မယ်။ နေပူမှာစိုးရင်လည်း ဘုရားကိုမလာဘဲနေပေါ့’’ ဟု မုံရွာမြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးလှဟန်က ပြောကြားသည်။
အဆိုပါဓာတ်ပုံနှင့် ပတ်သက်၍ မုံရွာမြို့ဒေသခံများအနေဖြင့် ဗောဓိတစ်ထောင် သာသနာ့နယ်မြေတွင် ဖိနစ်စီးခြင်းကို အပြင်းအထန်ကန့်ကွက်သည့် စာသားများ အင်တာနက်စာမျက်နှာတွင် ပြန်လည်ရေးသားခဲ့သည်။
‘‘သာသနာ့နယ်မြေမှာ ဖိနပ်မစီးဖို့ ပြောနေစရာမလိုပါဘူး။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ နားလည်ဖို့တော့လိုပါတယ်။ ဗောဓိတစ်ထောင် သာသနာ့မြေမှာ မြေသားလမ်းနဲ့ ကတ္တရာလမ်းပဲ ဖိနပ်စီးခွင့်ပြုထားတယ်။ ကျန်တဲ့ သာသနိက အဆောက်အအုံတွေမှာ ဖိနပ်စီးခွင့်မပြုဘူး’’ ဟု ဗောဓိတစ်ထောင် သာသနာ့မြေ ဘက်စုံ ထိန်းသိမ်းစောင့်ရှောက်ရေး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ဇော်က ပြောကြားသည်။
မုံရွာမြို့ဗောဓိတစ်ထောင် သာသနာ့နယ်မြေသို့ မဟာသင်္ကြန် ပွဲတော်ကာလအပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့် နေ့စဉ် စည်ကားလျက်ရှိရာ ရင်ပြင်တော်တွင် ဖိနစ်စီးသော ဘုရားဖူးများမှာ မုံရွာဒေသခံများမဟုတ်ဘဲ အခြားနယ်ဒေသများမှ လာရောက်သော ဘုရားဖူးများ ဖြစ်နိုင်သည်ဟုဆိုသည်။
Credit : 7day Daily
Lutaw Lupyaw
No comments:
Post a Comment