Thursday, April 16, 2015

"ကိုယ့်ကိုတကယ်မချစ်တဲ့ ချစ်သူတစ်ယောက်နဲ့ လက်တွဲနေရပြီဆို"

"ကိုယ့်ကိုတကယ်မချစ်တဲ့ ချစ်သူတစ်ယောက်နဲ့ လက်တွဲနေရပြီဆို"

လောကကြီးမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ချစ်မြတ်နိုးကြပြီး ကြည်နူးပျော်ရွှင်နေကြသူတွေ ရှိသလို ကိုယ့်ကိုတစ်ကယ်မချစ်တဲ့ သူတစ်ယောက်နဲ့ ပတ်သက်မိလို့ အမြဲစိတ်မချမ်းမမြေ့ ဖြစ်နေရသူတွေလည်း အများကြီးရှိပါတယ်။

အောက်ဖက်မှာ ဖော်ပြထားတာကတော့ ကိုယ့်ကို တစ်ကယ်မချစ်တဲ့သူတစ်ယောက်နဲ့ လက်တွဲနေတဲ့အချိန် ခံစားရမယ့် ဝိသေသလေးတွေပဲ ဖြစ်ပါတယ်။

၁။ အမြဲလိုလို စိတ်ပျက်ဝမ်းနည်းဖွယ်ရာတွေနဲ့ပဲ ကြုံနေရတယ်။

ညစာအတူစားဖို့ ဒါမှမဟုတ် ညဘက်ဖုန်းပြောကြဖို့ စီစဉ်ထားတယ်ဆို ကိုယ့်ဘက်က စိတ်အားထက်သန်နေသလောက် သူက ဘာမှမဟုတ်တဲ့ အကြောင်းပြချက်လေးတွေနဲ့ ဖျက်ပစ်တတ်တယ်။ (ဥပမာ-အိပ်ပျော်သွားလို့၊ မေ့သွားလို့၊ ဂိမ်းဆော့နေရင်း အရှိန်ရသွားလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ပေါ့။ ) ဒီအခြေအနေတွေက ကိုယ့်ကို တကယ် အလေးအနက်မထားဘူးဆိုတာ သက်သေပြနေသလိုပါပဲ။

၂။ သူ့အပေါ်ထားတဲ့ လေးနက်မှုတွေကို ဂရုမစိုက်ဘူး။

ကိုယ်ဘယ်လောက်ပဲ သူ့အပေါ်အလေးအနက်ထား အရေးတယူ ရှိနေပါစေ သင့်လုပ်ရပ်တွေကို ဘယ်တော့မှ အသိအမှတ်မပြုဘူး။ သင့်မျက်ရည်တွေ၊ သင့်ရဲ့လေးနက်တဲ့စကားလုံးတွေနဲ့ သင့်ကြိုးစားအားထုတ်မှုတွေဟာ သူ့ မထီမဲ့မြင်ပြုမှုတွေအောက်မှာ အဓိပ္ပါယ်မဲ့သွားရတယ်။ ကိုယ်ချစ်တဲ့သူကို ဘယ်သူကမှ ဒီလို ပြုမူဆက်ဆံကြမှာမဟုတ်ပါဘူး။

၃။ ကိုယ့်ကို တန်ဖိုးမထားဘဲ စကားကို ဗလောင်ဗလဲပြောတတ်တယ်။

ကိုယ့်ကိုပြောတဲ့စကားတွေဟာ ရိုးသားလေးနက်မှုမရှိဘဲ အမှန်တရားတစ်ဝက်၊ လိမ်ညာမှုတစ်ဝက် ဖြစ်နေတယ်။ ဒီလို ကိုယ့်ချစ်သူအပေါ် ပွင့်လင်းရိုသားစွာ မဆက်ဆံနိုင်ခြင်းက ကိုယ့်ကိုလေးစားမှုမရှိလို့ပါပဲ။ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားမှု မရှိဘဲ တစ်ဖက်ထဲကပဲ အမြဲပေးဆပ်နေရမယ်ဆို Relationship တစ်ခု သာယာဖို့ဆိုတာ အတော်ကိုဝေးသွားပါပြီ။

၎။ သင့်ကို လိုသုံးအနေနဲ့ သဘောထားတယ်။

ကိုယ့်ကို သူပျင်းတဲ့အချိန်မှာ ဖုန်းပြောဖော်အဖြစ် သဘောထားတာ၊ သူ့အခြားကိစ္စတွေ ပြီးသွားတဲ့အချိန်ကျမှ အချိန်ပေးတာမျိုးတွေဟာ သူ့ရဲ့ ဘဝအစိတ်အပိုင်းတွေမှာ သင်အရေးမပါဘူး ဆိုတာကို တစ်နည်းအားဖြင့်သက်သေပြနေတာပါပဲ။ ကိုယ်ကသိပ်ချစ်နေတော့ ဒါတွေကို နားလည်ပေးကောင်းပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ထည့်စဉ်းစားရမယ့် အချက်တွေ ပဲဖြစ်ပါတယ်။

၅။ သူ့အသိုင်းအဝိုင်းမှာ အသိအမှတ်ပြုခြင်း မခံရဘူး။

ကိုယ့်ကိုဆို သူ့ပတ်ဝန်းကျင်မှာ သူ့ချစ်သူအဖြစ် ဘယ်တော့မှ ထုတ်ဖော် ဖွင့်ဟခြင်းမရှိဘူး။ သူပြောတာတော့ မိဘတွေကြောင့် အချိန်မတန်သေးဘဲ အသိပေးလိုက်ရင် မဖြစ်သင့်တာတွေ ဖြစ်ကုန်မှာစိုးလို့ပါတဲ့။ တကယ်က သူသင့်ကို တကယ် အလေးအနက်ထား ချစ်မြတ်နိုးတာ မဟုတ်လို့ပါ။

၆။ ကိုယ်တွယ်ရာမဲ့ပြီး အားငယ်နေချိန်တွေတောင် အနားမှာ မရှိပေးနိုင်ဘူး။

ကိုယ့်ဘဝမှာ ကိုယ်အရင်းနီးဆုံးလို့ သတ်မှတ်ထားတဲ့သူတစ်ယောက်ဟာ ကိုယ်တကယ် လိုအပ်နေချိန်မှာ ကိုယ့်အနားမှာရှိနေရမှာ ဖြစ်ပါတယ်။ အကယ်၍ ကိုယ်တွယ်ရာမဲ့နေချိန်မှာတောင် အနားမှာ မရှိနေဘဲ ခေါင်းရှောင်နေတာမျိုး ဆိုရင်တော့ သူ သင့်အပေါ် ချစ်ခင်မြတ်နိုးမှုမရှိတာ သေချာသလောက်ပါပဲ။

၇။ သူ့အတွေးတွေထဲမှာ ကိုယ့်အတွက်နေရာမရှိဘူး။

သူ့ရဲ့စိတ်ချမ်သာပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို ကိုယ်နဲ့ မျှဝေခံစားတာမျိုး၊ သူ့အနာဂတ်အစီအစဉ်တွေကို တလေးတစား တိုင်ပင်တာမျိုးတွေမရှိဘူး။ ဒီလက္ခဏာတွေက သူ့အတွေးတွေထဲမှာ သင်ဆိုတာ နေရာတစ်ခု မပေးထားဘူးဆိုတာ ပြလိုက်တာပါပဲ။

၈။ လုပ်ရပ်မပါတဲ့ စကားလုံးတွေနဲ့ ချွေးသိပ်တာခံနေရတယ်။

“ပြောနေတာထက် အလုပ်နဲ့ သက်သေပြလိုက်တာက ပိုထိရောက်တယ်” ဆိုတဲ့ စကား ကျွန်ုပ်တို့အားလုံး ကြားဖူး ကြပါတယ်။ ချစ်သူကိုအရမ်းချစ်တာမို့ နားလည်မှုရှိရှိနဲ့ ပေးထားတဲ့ ကတိတွေ မတည်နိုင်တာကို ခွင့်လွှတ်လို့ရပါတယ်။ ဒါပေမဲ့ တစ်ကြိမ်ကနှစ်ကြိမ်ဆိုရင်တော့ ဒါဟာ အလေးအနက်မထားမှု ဖြစ်သွားပါတယ်။

၉။ ဦးစားပေး စာရင်ထဲမှာ ကိုယ်မပါဘူး။

တစ်စုံတစ်ယောက်ကို ချစ်တဲ့အခါ ကိုယ့်ရဲ့အတွေးတွေထဲမှာ သူဟာ ထိပ်ဆုံးနေရာမှာ ရှိနေတတ်ပါတယ်။ အကယ်၍ သင်က သူ့ရဲ့ ပထမဦးစားပေး မဟုတ်ခဲ့ရင်တောင် ဦးစားပေးစာရင်းထဲမှာ ရှိနေရမှာပါ။ သို့ပေမယ့် ကိုယ်ဟာအမြဲ အခြားအရာတွေ နောက်မှာပဲ ရှိနေရတယ်ဆိုရင်တော့ ဒါသင့်ကို အလေးအနက်တန်ဖိုးမထားတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

အချစ်ဆိုတာ လူတစ်ယောက်ကို ပျော်ရွှင်မှုတွေ၊ လုံခြုံမှုတွေပေးတယ်။ တစ်ခါတစ်လေ ဝမ်းနည်းစရာတွေကို မေ့ဖျောက်ပစ်နိုင်လောက်တဲ့ ခွန့်အားတွေပေးတယ်။ သင့်နေ့တွေကို ပိုလှပစေပါတယ်။ ဒါဟာ နှစ်ဦးနှစ်ဖက် အချိုးညီစွာချစ်မြတ်နိုးကြတဲ့ စုံတွဲတွေမှာ ဖြစ်ပါတယ်။

ကိုယ်ကပဲ တစ်ဖက်သတ် ပေးဆပ်ရတဲ့ Relationship တွေဆိုရင်တော့ အထက်ပါ ပျော်ရွှင်မှုတွေအစား နာကျင်မှုတွေ၊ အရှက်ရစရာတွေ၊ ဒေါသဖြစ်စရာတွေပဲ တွေ့လာရမှာပါ။ နောက်ဆုံး ကိုယ်တစ်ယောက်ထဲ ကြေကွဲခံစားရပြီး ကျန်ရစ်ခဲ့ရမှာဖြစ်ပါတယ်။

ဂန္တဝင် မဂ္ဂဇင်း



Lutaw Lupyaw

No comments:

Post a Comment