" မြန်မာ့သစ်မွှေး "
မြန်မာ့သမိုင်းဝင် အမွှေးနံ့သာငါးပါးတွင် နံ့သာဖြူ၊ နံ့သာနီ အကျော်၊ စပ္ပါ၊ ကရမက်ဟူ၍ ပိုင်းခြား သတ်မှတ်သည်။ ရေနန်းတော်သုံးတော်ဝင် အမွှေးနံ့သာများ ဖြစ်သည်။
သစ်မွှေးအကျော် စုဆောင်းသူများသည် မြန်မာပြည် အထက်ပိုင်းဒေသတွင် နာဂတောင်တန်း (စစ်ကိုင်းတိုင်း)၊ ကချင်ပြည်နယ်တို့တွင်လည်းကောင်း၊
အောက်ပိုင်းဒေသ တနင်္သာရီဒေသ၊ မြိတ်ခရိုင်၊ ယိုးဒယားနယ်စပ်တစ်ကြော၊ ဘုတ်ပြင်း၊ လမ်းပိကျွန်း၊ ရေအေးကျွန်း၊ ကော့သောင်းမြို့နယ် ဇာဒက်ဘကီးကျွန်း၊ မြိတ်အနောက်ပိုင်းမြို့ နယ်ဇယော့ကျွန်း၊ ရေးမြစ်ကြီး
ကျွန်းဒေသများတွင်အကျော်ပင်၊ သစ်မွှေးပင်များရှင်သန် ပေါက်ရောက်လျက်ရှိသည်။
သစ်မွှေးအကျော်ရှိသော တောသည် သဘာဝမွှေးကြိုင်သင်းပျံ့ နေတတ်သည်။ တောတောင်ထဲတွင် တစ်ပင်ချင်း ကွက်ကြားဖြစ်စေ၊ အစုအဖွဲ့ ၄-၅ ပင် စု၍ဖြစ်စေ တွေ့နိုင်သည်။ အကြီးဆုံးအပင်သည် မှတ်တမ်းအရ လုံးပတ် ၄-၅ တောင်နှင့် အမြင့်မှာ ပေပေါင်း ၇၀-၈၀ ရှိသည်။ ဤသို့ အိုမင်းရင့်ရော်သော အပင်တွင် သစ်မွှေး အဆီခဲ အောင်းဝင်လေ့ရှိသည်။
ယေဘူယျအားဖြင့် သစ်မွှေးအဆီခဲကို
(၁) အကျော်ပလောပိနီ၊
(၂) အကျော်ရေခံ၊
(၃) အကျော်ပိုးခေါင်၊
(၄) အကျော်ဥတက်၊
(၅) အကျော်ဥ၊
(၆) အကျော်မီးတိုင် ဟူ၍ သတ်မှတ်ပိုင်းခြားထားသည်။ အကျော်ရေခံကား အပင်ဆွေးလျက် အဆီဥခဲသည် ကျွဲချိုကဲ့သို့ ညိုမည်းနက်ပြောင်နေသည်။ ဈေးအရ ဆုံးဖြတ်၍ တစ်ပိဿာ သိန်း (၁၀၀) ဈေးရှိသည်။
အကျော်ဥသည်လည်း ဈေးကောင်း တန်ဖိုးရှိပစ္စည်း ဖြစ်သည်။ အူတိုင်တွင် ဥခဲ နေတတ်သည်။ အကျော်ကြက်တက်သည် အချောင်းအဖြစ် ရှိတတ်၍ မာကြောသည်။ အနက်ရောင်ရှိက တန်ဖိုးရှိသည်။ အကျော်မီးတိုင်သည် အနံ့မမွှေး၍ ခုတ်ဖြတ်စွန့်ပစ်ပြီးနောက် နှစ်များစွာကြာမှ မှိုတက်ပြီး မွှေးသင်းလာသော ပစ္စည်းဖြစ်သည်။ တန်ဖိုးအားဖြင့် မဲနက်က ဈေးကောင်းသည်။ နှစ် ၃၀-၄၀ ကြာမှ မြေပေါ်စွန့်ပစ်ပစ္စည်းမှ ရယူနိုင်ခြင်း ဖြစ်သည်။
ဆေးအာနိသင်
နှလုံးအားဆေး၊ လေဆေး၊ ကြွဆေး၊ သည်းခြေအားပေးဆေး၊ အစာအိမ်လမ်းအားပေးဆေး တို့တွင် အစာကြေဆေး၊ လေသက်ဆေးအဖြစ် အသုံးပြုနိုင်သည်။
မြန်မာဆေးကျမ်း ပုံပြဆေးအဘိဓာန်တွင် မူးဝေသောရောဂါ၊ ၀မ်းဗိုက်ထိုးအောင့်သောရောဂါ၊ ကိုယ်သား ကိုယ်ရေပူသောရောဂါ၊ အဖျားရောဂါကြောင့် အားပြတ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ ပန်းနာရင်ကြပ်ရောဂါ၊ လေထိုး လေအောင့်ရောဂါ၊ ပန်းသေရောဂါ၊ မ-ကျက်နိုင်သောအနာများ၊ အဆစ်အဆက်ကိုက်ခဲခြင်း၊ သွေးအန်သွေးကျရောဂါ၊ အရေပြားညစ်နွမ်းခြင်း၊ အစာအကြေရောဂါတို့တွင် အသုံးပြုကြောင်း ပါရှိသည်။
[မှတ်ချက်။ ဒေါက်တာကျော်သန်းထွန်း (ကန်တုန်ဆေးတက္ကသိုလ်) ရေးသားသော ကမ္ဘာ့ဈေးကွက်ဝင် မြန်မာ့ဆေးပင်နှင့် ဆေးဝါးပစ္စည်းများ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။]
Thursday, February 19, 2015
" မြန်မာ့သစ်မွှေး "
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment