" ဘဝနေနည်း "
အရှင်ပညာသီရိ (မွန်ကျောင်းဆရာတော်)
၁။ မျက်စိက မြင်သော်လည်း...
မမြင်သင့်တဲ့အရာဆိုလျှင် အကန်းလိုနေပါ။
၂။ နားက ကြားသော်လည်း...
မကြားသင့်တဲ့အရာဆိုလျှင် နားထိုင်းသူလိုနေပါ။
၃။ စကားအရာ လိမ္မာပညာရှိဖြစ်သော်လည်း...
မပြောသင့်တဲ့အရာဆိုလျှင် ဆွံ့အသူလိုမပြောဘဲနေပါ။
၎။ ခွန်အားဗလကောင်းသော်လည်း
မလုပ်သင့်တဲ့အရာဆိုလျှင် ခွန်အားမရှိသူလိုနေပါ။
၅။ မပြုသင့်တဲ့ကိစ္စ ဖြစ်ပေါ်လာလျှင်...
လူသေကောင်လိုနေပါ။
(မဟာကစ္စာယနမထေရ်မြတ်)
တစ်ခါက မစိုးရိမ်ကျောင်းဒကာကြီးကို သူ့မိတ်ဆွေတွေက ပြောကြတယ်။ ''ခင်ဗျားကသာ မသုံးရက် မစွဲရက်နဲ့ ငွေတွေအများကြီးအကုန်အကျခံ ကျောင်းတွေဆောက်လှူထားတာ။ ခင်ဗျားလှူထားတဲ့ ကျောင်းပေါ်မှာနေတဲ့ ကိုယ်တော်တွေက စာမကျက်ဘဲ ခြင်းခတ်၊ ဘောလုံးကန်နဲ့အချိန်ဖြုန်းနေတာပဲ'' တဲ့။
ဒါနဲ့ ကျောင်းဒကာကြီးက ''ဟေ...ဟုတ်လား။ ဒါဆို ငါလဲ လိုက်ကြည့်မယ်'' ဆိုပြီး သူ့မိတ်ဆွေတွေ နဲ့အတူ ကျောင်းကိုလိုက်သွားပါတယ်။
ကျောင်းရောက်လို့ သူ့မိတ်ဆွေတွေ လိုက်ပြတဲ့ နေရာသွားကြည့်တော့ ဦးဇင်းတွေခြင်းခတ်နေတာ တွေ့ရတယ်။ သူ့မိတ်ဆွေတွေကလည်း လက်တွေ့မြင်ပြီလား ဆိုတဲ့ မျက်နှာထားမျိုးနဲ့ ''ဘယ်လိုလဲ ကျောင်းဒကာကြီး မြင်ပြီလား'' ပေါ့။ ဒါနဲ့ ကျောင်းဒကာကြီးလည်း ဘာမှမပြောဘဲ သူ့မိတ်ဆွေတွေကို ကျောင်းပေါ်ခေါ်သွား လိုက်တယ်။ ကျောင်းပေါ်ရောက်တော့ ရဟန်းသံဃာ သာမဏေတွေ ရာနှင့်ချီ စာဝါလိုက်နေကြတာ တွေ့ရတယ်။
ဒီတော့မှ ကျောင်းဒကာကြီးက မေးလိုက်တယ်။ ''ခင်ဗျားတို့ စောစောကမြင်ခဲ့တဲ့ ခြင်းခတ်နေတဲ့ ကိုယ်တော် ဘယ်နှပါးလောက်ရှိလဲ'' "ဆယ်ပါးလောက်တော့ ရှိမှာပေါ့'' ဟု သူ့မိတ်ဆွေများမှ ဖြေလေလျှင်
''ဟုတ်ပြီ.. အခုခင်ဗျားတို့ရှေ့မှာ စာဝါလိုက်နေတဲ့သံဃာ တော်တွေနဲ့ ခြင်းခတ်နေတဲ့သံဃာ ဘယ်ကပိုများသ လဲ''။
''စာဝါလိုက်နေတဲ့ သံဃာတွေက ရာနှင့်ချီရှိပါတယ်။ ပိုများပါတယ်''။
''ခင်ဗျားတို့က ခြင်းခတ်နေတဲ့ သံဃာတွေပဲကြည့်တော့ ခြင်းခတ်နေတဲ့ကိုယ်တော်ပဲ မြင်မှာပေါ့။ စာဝါလိုက်နေတဲ့ သံဃာတွေကိုလဲ ကြည့်တတ်အောင် ကြိုးစားပါ "
''ကျုပ်ကတော့ စာဝါလိုက်နေတဲ့ သံဃာတော်တွေ ချွတ်ထားတဲ့ ဖိနပ်တွေကိုတောင် ကြည်ညိုတတ် ရှိခိုးတတ်နေပြီ'' ဟုပြောဆိုဆုံးမပါတယ်။ ဒီတော့မှ သူ့မိတ်ဆွေတွေလည်း သူတို့အမှားသိပြီး ကျောင်းဒကာ ကြီး၏ စိတ်ထားကိုပို၍ လေးစားကြည်ညိုပြီး သူတို့အတွက် ဒီလိုမိတ်ဆွေမျိုးရတာ ဂုဏ်ယူကြပါသတဲ့။
ဒီအဖြစ်အပျက်ကို လူတိုင်းကြားဖူးမှာပါ။ စာရေးသူကတော့ ဓမ္မာစရိယတန်းသင်ယူစဉ်က အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်ဆရာတော် အရှင်သုစိတ္တာဘိဝံသမှ သြဝါဒပေးသည်ကို မှတ်သားနာယူရ၍ တစ်ဆင့် ပြန်လည်ဝေငှခြင်းဖြစ်ပါသည်။
ဆိုလိုချင်တာကတော့ မိမိဘယ်လိုမြင်သလဲ ဆိုတာ မိမိဘယ်လိုကြည့်ခဲ့သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် ရွှေကျင်ဆရာတော်ကြီးက လူတစ် ယောက်ရဲ့ အကြောင်းကိုတွေးရင်... မကောင်းတဲ့နေရာမှာ ရပ်မထားပါနှင့်။
ကိုယ့်အပေါ် ကောင်းခဲ့တဲ့အထိ ခွင့်လွှတ်နိုင်တဲ့ အဆင့်ထိရောက်အောင် တွေးရမယ်။
ထို့အတူ သူတစ်ပါးအပေါ် ကြည့်တဲ့အကြည့်တွေ ဟာလည်း အကုသိုလ်ဖြစ်စရာ မကောင်းကွက်ကို ရွေး မကြည့်ပါနဲ့။ ကုသိုလ်ဖြစ်စရာကောင်းကွက်ကိုလဲ ရွေးကြည့်တတ်ပါစေ။ ဒါဟာ သက်တမ်းတိုတဲ့ဘဝကလေးမှာ စိတ်ချမ်းသာအောင် ကုသိုလ်ဖြစ်အောင်နေတဲ့ ''ဘဝ နေနည်း'' လေးပါပဲ။ အားလုံးပဲ ကုသိုလ်ဖြစ်အောင် မြင်တတ်၊ ကြည့်တတ်၊ နေတတ်ကြပါစေ။
TheYangonTimes
Wednesday, February 18, 2015
" ဘဝနေနည်း "
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment