Wednesday, February 18, 2015

"အမုန်းစကားကို ဆန့်ကျင်ရန် ရည်ရွယ်ထားသည့် မြန်မာ Sticker များကို Facebook တွင် စတင်အသုံးပြုနိုင်ပြီ"

"အမုန်းစကားကို ဆန့်ကျင်ရန် ရည်ရွယ်ထားသည့် မြန်မာ Sticker များကို Facebook တွင် စတင်အသုံးပြုနိုင်ပြီ"

ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူ ၁.၃၈ ဘီလီယံကျော် ရှိလာပြီဖြစ်သော Facebook လူမှုကွန်ရက်တွင် ပန်းစကား (Speak Panzagar) အမည်ရှိ Sticker များကို ယနေ့မှစတင်၍ စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေသတွင်း နည်းပညာနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသိပေးစည်းရုံးသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် “ဖွံ့ဖြိုးမှု အတွက် ICT အဖွဲ့” MIDO (Myanmar ICT for Development Organization) ၊ ပန်းစကား နှင့် Facebook တို့ ပူးပေါင်းပြီး လူမှုကွန်ရက် စာမျက်နှာများပေါ်မှ အမုန်းစကားများကို တွန်းလှန်မည့် Speak Panzagar မြန်မာ sticker များကို အသုံးပြုနိုင်ရန် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

“အဓိကရည်ရွယ်ချက်က Facebook ပေါ်မှာ အမုန်းစကားတွေ၊ အန္တရာယ်ရှိစေမယ့် စကားတွေကို အပေါင်းလက္ခဏာ ဆောင်တဲ့ ဒီလို sticker လေးတွေနဲ့ ပြန်ပြီး တွန်းလှန်နိုင်အောင်လို့ပါ” ဟု MIDO အဖွဲ့၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ထိုက်အောင်က ပြောကြားသည်။

အဆိုပါ Speak Panzagar အမည်ရှိ မြန်မာ sticker များကို Facebook ၏ comment feature များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး မြန်မာဘာသာစာလုံးများဖြင့် ပုံဖော်ထားသော ရုပ်ပုံများဖြစ်သည်။ အဆိုပါ Speak Panzagar ရုပ်ပုံများကို ဖန်တီးသူများမှာ မြန်မာနိုင်ငံမှ Animation ရေးဆွဲသည့် လူငယ်ပညာရှင်အချို့ ဖြစ်ကြကြောင်း သိရသည်။

အမုန်းတရားများ ပွားများစေသော၊ အန္တရာယ်ရှိစေသော ပြောဆိုမှုများကို တားဆီးရေး လှုပ်ရှားမှုဖြစ်သည့် ပန်းစကားအဖွဲ့အစည်း နှင့် MIDO တို့သည် ယခုကဲ့သို့ အင်တာနက်ပေါ်ရှိ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မြန်မာ sticker များ အသုံးပြုလာနိုင်ရန်အတွက် Facebook နှင့် ခြောက်လကြာ ညှိုနှိုင်းမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

MIDO နှင့် ပန်းစကားအဖွဲ့အစည်းတို့သည် ယခုစတင်အသုံးပြုနိုင်ပြီဖြစ်သည့် Speak Panzagar sticker များကို နောက်ပိုင်းတွင် version အသစ်များ ထပ်မံ ထည့်သွင်း သွားရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


Internetjournal


No comments:

Post a Comment