Sunday, April 26, 2015

"အပူအပင်ကင်းစေသော မန်ကျည်းသီး မှည့်လေးများ"

"အပူအပင်ကင်းစေသော မန်ကျည်းသီး မှည့်လေးများ"

မိသားစု ကိုးကွယ်သော ဆရာတော်ကျောင်းမှ ဘုရားကြေးဆင်းတုတော်မှာ ရွှေရောင် ဝင်းအိနေပြီး ကျွန်တော့် အိမ်မှ ဘုရားကြေးဆင်းတုတော်များကို ဘရာဆိုကြေးတိုက်ဆေးနှင့် မည်မျှပင် သပ္ပာယ်ဆေးကြောစေကာမူ ပြောင်လက်လာသော်လည်း ရွှေရောင် ဝင်းအိနေခြင်း မရှိသောကြောင့် သဒ္ဓါဆန္ဒတစ်ခု မပြည့်ဝဘဲ ဖြစ်ခဲ့ရဖူးသည်။ မိခင်ဖြစ်သူက မန်ကျည်းသီးမှည့်က ကြေးအရောင်ကို ရွှေလိုဝင်းအောင် လုပ်ပေးနိုင်တယ်ပြော၍ စမ်းကြည့်ရာ မပြည့်ဝခဲ့သော သဒ္ဓါစိတ် အလိုများပြည့်၍ အိမ်တွင် ဆင်းတုတော်များအား ရွှေအဆင်းဖြင့် ကြည်ညိုမဆုံး အမြဲဖူးခွင့် ရခဲ့သည်။

ထိုအချိန်မှစ၍ အမှတ်တမဲ့နေခဲ့သော မန်ကျည်းပင်၊ မန်ကျည်းသီးတို့၏ ဂုဏ်သတ္တိများကို အရင်ကထက် ပိုတန်ဖိုးထားလာခဲ့မိသည်။ အိမ်မှ အသက် ၉ဝ ကျော် အဖွားသည် မန်ကျည်းဖျော်ရည်ကို မကြာခဏ သောက်သူဖြစ်ပြီး မန်ကျည်းသီးမှည့်ရည်ဖြင့် ခေါင်းလျှော် ရေချိုးလေ့ရှိသူ၊ ဘယ်သောအခါမှ ဝမ်းနှုတ်ဆေး စားလေ့မရှိသူ၊ ဖုန်ထူနေပူသော နွေကာလများတွင် မန်ကျည်းခေါက်လေး သွေးလိမ်းတတ်သူ ဖြစ်ကြောင်း တွေးကာ သတိထားမိလာသည်။ ငယ်စဉ်က ကျွန်တော် ကင်းကိုက်ခံရစဉ် မန်ကျည်းသီးစေ့ကို ထက်ခြမ်းခွဲပြီး အဆိပ်ပြေအောင် အမေကပ်ပေးခဲ့သည်ကို သတိရလာသည်။

အရိပ်အာဝါသကောင်းပုံကို 'နွေထနောင်း၊ ဆောင်းမန်ကျီး' ဟုလည်း မှတ်သားခဲ့ရဖူးသည်။ ကဗျာလင်္ကာ သီကုံးစပ်ဆိုရာတွင် ကာရန်သွားများ စိပ်နေသည်ကို 'မန်ကျည်းရွက်ထပ် ကာရန်' ဟုလည်း သင်ကြားဖူးခဲ့သည်။ ငယ်စဉ်ကလေးဘဝက မန်ကျည်းရွက်နုလေးများ ခူး၍ အဝတ်ဖြင့်ထုတ်ပြီး မြေကျင်းလေးထဲတူးမြှုပ်ကာ ဘုတ်ကလေးဆီဆမ်း ကစားတမ်း ဆော့ခဲ့ကြသည်ကိုလည်း မြင်ယောင်မိသည်။ ထိုအကြောင်းများကြောင့်လည်း မန်ကျည်းပင်ကို နှစ်သက်လာသကဲ့သို့ မန်ကျည်းသီးမှည့်လေးများအကြောင်းကို ဖတ်မှတ် လေ့လာဖြစ်ခဲ့သည်ဟု ဆိုရပါလိမ့်မည်။

မန်ကျည်းသီးမှည့်သည် အေး၍ပွင့်သော သတ္တိရှိပြီး အပူကို အကြောင်းခံ၍ဖြစ်သော ရောဂါများ၊ အပူလွန်နာများအတွက် အားကိုးအားထားပြုအပ်သော ဆေးဘက်ဝင် အစာအာဟာရ တစ်ခုဖြစ်သည်။ သဘာဝအလျောက် ပေါက်တတ်သော အပင်မျိုးဖြစ်၍ နေရာမရွေး၊ အချိန်မရွေး ရှာဖွေရ လွယ်ကူလှသည်။

ထန်းလျက်နှင့်ဖျော်ထားသော မန်ကျည်းဖျော်ရည်ကို မနက်တစ်ခွက်၊ ညတစ်ခွက် ပုံမှန်သောက်သုံးခြင်းဖြင့် အပူချိန်လွန်ကဲမှုမှ တစ်ဆင့် ဖြစ်ပွားသော ခန္တာကိုယ်အတွင်း ရောဂါများ၊ အစာအိမ်ရောဂါများကို ခွဲစိတ်ကုသရသည်အထိ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သည်။ ဆီး၊ ဝမ်း၊ သွေး၊ လေမှန်၍ ကျန်းမာရေးအတွက် အထိရောက်ဆုံးသော ကာကွယ်ကုသခြင်းလည်းဖြစ်သည်။ ရောဂါမရှိသူများ သောက်သုံးပါက ကိုယ်ခံစွမ်းအား မြင့်မားလားပြီး သာမန်နှာစေး၊ ချောင်းဆိုး ဥတုရာသီဖျားမှစ၍ အခြားကူးစက်ရောဂါများကို အလိုအလျောက် ကာကွယ်ပြီးဖြစ်သည်။

မန်ကျည်းသီးမှည့်ဖြင့် တစ်ပတ် သုံးကြိမ်ခန့် ရေချိုးပေးပါက ပေါ့ပါးသွက်လက်သော ခန္တကိုယ်နှင့် စိတ်အခြေအနေကို နေ့စဉ်ပိုင်ဆိုင်နိုင်ကြောင်း မိရိုးဖလာ လက်ဆင့်ကမ်း ဗဟုသုတများအရ လက်တွေ့လိုက်နာ ကျင့်သုံးနေသူများလည်း ရှိသည်။ အကျိုးထူးများ ခံစားနေရကြောင်းလည်း ကြားသိရသည်။ အသုံးပြုရေချိုးနည်းမှာ ရေချိုးခါနီး ရေ ဝဝ သောက်၍ သောက်ထားသည့်ရေအား ဆီးသွားသည်အထိ စောင့်၍ ဆီးသွားပြီးလျှင် လေလုံသောနေရာ၌ မန်ကျည်းသီးမှည့်အား မပျစ်မကျဲရေဖျော်ကာ တစ်ကိုယ်လုံးနေရာလပ်မကျန် လိမ်းရပါမည်။ ခြေဖဝါး၊ လက်ဖဝါးများအား ရေဆွတ်၍ အိမ်သုံးဆား စတီးဇွန်းတစ်ဇွန်းခန့်စီကို ဘယ်ခြေညာလက်၊ ညာခြေဘယ်လက် အသုံးပြပြီး နှစ်မိနစ်ကြာ (အကြိမ် ၆ဝ စီ) ဒေါင့်တန်းပွတ်တိုက်ပေးရမည်။

ငါးမိနစ်ကျော်ခန့် ခေတ္တစောင့်ပြီး ရေချိုးရမည်။ မန်ကျည်းသီးမှည့်ရည် လိမ်းခြင်း၊ ဆားပွတ်ပေးခြင်းကြောင့် ခန္ဓာကိုယ်တွင်း လူကိုဒုက္ခဖြစ်စေသော အပူ၊ အပုပ်၊ အခိုးဓာတ်များ ကိုယ်တွင်းမှထွက်လာပြီး ခေတ္တစောင့်ကာ ရေချိုးပေးခြင်းကြောင့် အရေပြားမှတစ်ဆင့် အစုလိုက်၊ အပြုံလိုက် ထွက်ခွင့်ရပြီး ခန္ဓာ၊ ကိုယ်၊ စိတ် သန့်ရှင်း စင်ကြယ်ခြင်းကို ပြည့်ဝစွာရရှိနိုင်လေသည်။ အပူဓာတ်ခံအားကြီးသူများ ရေချိုးပြီးပြီးချင်း ရုတ်တရက် ကိုယ်ပူတတ်သကဲ့သို့ ဖြစ်နိုင်သော်လည်း နေ့စဉ်သုံးရက်ခန့် ရေချိုးပေးပါက အပူငြိမ်းပြီး ပုံမှန်ရေချိုးရသကဲ့သို့ ပြန်ဖြစ်စေသည်။ တစ်ပတ်သုံးကြိမ်ဟု ဆိုသော်လည်း နေ့စဉ် ထိုနည်းအတိုင်း ရေချိုးပေးပါက နွေပူပူ၊ လေပူပူအောက်မှာပင် အေးမြသော အသားအရေနှင့် ခံစားမှုကို ရရှိနိုင်ပါလိမ့်မည်။

ပွေး၊ ဝဲ၊ ဒက်၊ ညှင်း၊ တင်းတိပ်၊ ဝက်ခြံ၊ မှည့်ခြောက်၊ အနာစက်၊ အနာစို၊ အနာစိမ်း၊ အနာလုံးနှင့် အဖုအကျိတ်အမျိုးမျိုး၊ ယားနာအမျိုးမျိုး၊ အသက် ၄ဝ ဝန်းကျင်ခန့်တွင် စ၍ ထွက်တတ်သော အသားပို အသီးလေးများနှင့် ကြွက်နို့၊ ငါးမျက်စိ၊ အသားမာများကိုလည်းကောင်း၊ ပုရွက်ဆိတ်၊ ဂျပိုး၊ ခူကောင်၊ ဘောက်ဖတ်နှင့် ကင်းအမျိုးမျိုးတို့၏ အဆိပ်ကြောင့်ဖြစ်တတ်သော ယားယံရောင်ရမ်းခြင်း၊ အဖုအပိန့်ထွက်ခြင်းများအား လည်းကောင်း မန်ကျည်းသီးမှည့်ရည်ဖြင့် ဆေးကြောပြီး ကွမ်းသီးစိမ်းနုအား သွေးလိမ်းပေးပါက သက်သာပျောက်ကင်းစေသည်။ အနာစိမ်းနှင့် အနာလုံး အဖုအကျိတ်များကြီးပါက အနာထိပ်နေရာအားချန်၍ မန်ကျီးသီးမှည့်ဖြင့် ပွတ်လိမ်းပြီး ငုခေါက်ကို မန်ကျီးအပေါ်ရည်ဖြင့် သွေးလိမ်းပေးပါကလည်း ပျောက်ကင်းနိုင်ပြီး နုလျှင်ပိန်ကာ၊ ရင့်လျှင်ပေါက်တတ်သည့် သဘောရှိသည်။ ဦးရေပူခြင်း၊ ဘောက်ထခြင်း၊ ဦးခေါင်းချွေးထွက်ခြင်း၊ ဆံပင်အဖျား များနှစ်ခြမ်းကွဲခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဦးခေါင်း ယားယံနံစော်ခြင်းများ ပျောက်ကင်းလိုပါက မန်ကျည်းဖျော်ရည်ဖြင့် စနစ်တကျရေချိုးပြီးလျှင် အနယ်နှင့် အဖတ်များ စစ်ထားသော မန်ကျည်းရည် ကျဲကျဲဖြင့် ဆံပင်အရင်းသို့ စိမ့်ဝင်အောင် ဖြည်းဖြည်းချင်း ပွတ်ပေးရမည်။ ငါးမိနစ်ခန့် ပွတ်တိုက်ပြီးပါက မိမိနှစ်သက်ရာ ခေါင်းလျော်ရည် (သို့) တယော်ကင်ပွန်းဖြင့် ခေါင်းလျော်ပေးရမည်။ တယော်ကင်ပွန်းရည်က ပိုမိုအကျိုးသက်ရောက်မှု မြန်ဆန်သည်။

နှာခေါင်းအနံ့ ချို့တဲ့သူများအနေဖြင့် မန်ကျည်းရည်မပြစ် မကြဲအား နဖူးနှင့်နှာခေါင်းပေါ်တွင် ညအိပ်ယာဝင်ကာနီးတိုင်း လိမ်းပေးခြင်း၊ မန်ကျည်းရေရှူပေးခြင်းများ လုပ်ပေးပါက လပိုင်းအတွင်း အနံ့အာရုံ ထက်မြက်လာစေလိမ့်မည်။ အဆစ်အမြစ်ရောင်ခြင်း၊ ကိုက်ခဲခြင်း၊ အကြောတက်ခြင်းများအတွက် မန်ကျည်းသီးမှည့်ရေကျဲကျဲ မကြာခဏ ပွတ်လိမ်းခြင်းဖြင့်လည်း သက်သာပျောက်ကင်းစေသည်။ မန်ကျည်းသီးမှည့်မှာ ကွမ်းရွက်ကဲ့သို့ပင် ဥာဏ်ရှိသရွေ့သုံးနိုင်သော ဘက်စုံသုံး နတ်ဆေးတစ်ပါးဟုပင် ဆိုရပေလိမ့်မည်။ မန်ကျည်းရွက် ချဉ်ရည်ဟင်းကလည်း ခံတွင်းမြိန်စရာ ကောင်းလှသည်။ မန်ကျည်းသား စဉ်းနှီးတုံးလေးများကလည်း အိမ်အများစု၏ မီးဖိုချောင်တွင် နေရာယူ ထားနေဆဲဖြစ်သည်။ မန်ကျည်းတော်ဖီနှင့် မန်ကျည်းသီးမှည့်ဖြင့် လုပ်ထားသာ မုန့်လေးများကိုလည်း မုန့်ဆိုင်များတွင် တွေ့ရလိမ့်မည်။ ကျွန်တော့်အိမ်၌ ကလေးများ နွေရာသီတွင် မိတ်ထွက်၍ ယားယံနေလျှင်လိမ်းရန် မန်ကျည်းခေါက်လေးက သနပ်ခါးခြင်းတောင်းထဲတွင် နေရာယူထားသည်။

နတ်မောက်နယ်ဇာတိ အဖွားက မန်ကျည်းသီးစိမ်းချက် ချက်ပေးဖို့ မကြာခဏ အမေ့ကိုခိုင်းတတ်ပြီး ကျွန်တော်တို့ မောင်နှမများမှာ ကြက်ဥပြုတ်လေး စိတ်ခြမ်းထည့်ထားသော မန်ကျည်းသီး မှည့်ချက်ကို အလွန်ကြိုက်ခဲ့သည်။ လူငယ်ဘဝဖြတ်သန်းခဲ့ရစဉ်က 'မိန်းမမာယာ သဲကိုးဖြာ' ဟု ရွယ်တူ မိန်းကလေးများကို မခံချင်အောင် ပြောမိလေတိုင်း 'ယောကျာ်းမာယာကလည်း မန်ကျည်းကိုးပင်' ဟု မာယာများပုံကို မန်ကျည်းရွက်လေးများနှင့် ခိုင်းနှိုင်းပြော၍ တုံ့ပြန်တတ်ကြပုံကို မှတ်မိနေသေးသည်။ မန်ကျည်းပင်၏ ကိုင်းများမှာ ခိုင်မာသော အမျှင်များဖြင့် ဖုံးအုပ်ဖွဲ့စည်း ထားဟန်ရှိပြီး 'မန်ကျီးတစ်ညို လူတစ်ခို' ဟုလည်း ကြားဖူးနားဝ ရှိခဲ့ဖူးသည်။

မန်ကျည်းသီး မှည့်သည် အပူဒဏ်ကိုကောင်းစွာ ခံနိုင်ပြီး ချဉ်သော သတ္တိရှိသည့် အသီးများတွင် အပူဒဏ်ကို လုံးဝမမှုသည့်အသီးဖြစ်ကြောင်း တွေ့ရသည်။ သံပရာသီးတစ်လုံးနှင့် ရွယ်တူ၊ အလေးချိန်တူ မန်ကျည်းသီးမှည့် တစ်လုံးတို့အား နေပူပူရှိသံပြားပေါ်တွင် ပြိုင်တူချ၍ ထားကြည့်ပါက တစ်ပတ်ခန့်ကြာသော် သံပရာသီးမှာ ပိန်လိန်ရှုံ့တွသွားသော်လည်း မန်ကျည်းသီးအမှည့်အလုံးမှာ ထူးခြားသော ပြောင်းလဲမှု မရှိကြောင်း တွေ့ရပေလိမ့်မည်။ ခန္ဓာကိုယ်အပူများကို အံတုနိုင်သော အသီးဖြစ်ကြောင်းကိုကား ယုံမှားသံသယဖြစ်ဖွယ် မမြင်ပေ။

ကျွန်တော်သိသော မန်ကျည်းသီးမှည့် အကြောင်းများက နည်းလွန်းလှသည်။ သို့သော် လူသားတစ်ဦး၏ ကိုယ်တွင်းကိုယ်ပအပူဟူသမျှကို နိုင်နင်းသော အရာဟူ၍ လည်းကောင်း၊ မြတ်ဘုရား၏ ရွှေအဆင်း မျက်နှာတော်ကို ဖူးတွေ့ခွင့်ရ၍ သောကအပူမီးများကို ငြိမ်းအေးစေတတ်သော အရာဟူ၍ လည်းကောင်း ကျွန်တော်သိသည်။ ကျွန်တော့်အဖို့ အပူအပင်ကင်းစေသော မန်ကျည်းသီးမှည့်လေးများရှိကြောင်း လောကနှင့် လူ့ပတ်ဝန်းကျင်မှ သင်ကြားခွင့် ရခဲ့ပြီ ဖြစ်သည်။

The Mirror Daily



Lutaw Lupyaw

1 comment: