"ချစ်သူထားမယ့် အမျိုးသမီးငယ်များ သိသင့်တဲ့အချက်များ"
အချစ်က သင့်ကို အမြင်တွေေ၀၀ါးသွားစေပါလိမ့်မယ်။ အချစ်ကြောင့် ဒုက္ခရောက်မှုတွေကနေ ရှောင်ကြဉ်ရအောင်။ ဒါကြောင့် သတိထားသင့်တဲ့ အချက် ၆ ချက်ကို ဝေမျှပေးလိုက်ပါတယ်။
၁။ အချိန်ယူပါ။
အချို့ဆယ်ကျော်သက်တွေ ချစ်သူထားကြပါတယ်။ အချို့လည်း မထားကြပါဘူး။ ချစ်သူစထားတော့မယ်ဆိုရင် မိန်းကလေးတွေအနေနဲ့ မိမိကိုယ်မိမိ အသိရှိဖို့နဲ့ ကိုယ်ဘယ်လို ချစ်သူမျိုးကို လိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်ပါတယ်။ တကယ်လို့ မိမိကိုယ်မိမိတောင် သေချာရေရာမှု မရှိသေးရင်တော့ လောပြီး ချစ်သူမထားသေးပဲ သူငယ်ချင်းတွေနဲ့ပဲ ပျော်ပျော်နေရအောင်။
၂။ ကိုယ့်ကို ချစ်တဲ့သူကို ရှာပါ။
တုံ့ပြန်မှုမရတဲ့ အချစ်က ကိုယ့်ကိုကိုယ် မသေချာ မရေရာမှုတွေနဲ့ ဒုက္ခရောက်စေပါတယ်။ ငါပဲတစ်ခုခုပြောမှားသလား။ ငါပဲမလှလို့လား။ စသဖြင့်ပေါ့။ ချစ်သူစုံတွဲကြား ကျန်းမာတဲ့ဆက်ဆံရေးက နှစ်ဦးနှစ်ဖက်စလုံးက ပေးဆပ်မှု ရှိရပါမယ်။ တကယ်လို့ ပေးဆပ်မှုပဲရှိပြီး တုံ့ပြန်မှုလက်မခံရရင် စဉ်းစားရမှာက ကိုယ်မှားနေတာမဟုတ်ပါဘူး။ သင့်တော်တာ ထပ်ရှာဖို့ လိုနေတာပါ။
၃။ ဘယ်အချိန် လက်လွတ်ရမယ်ဆိုတာကို နားလည်ပါ။
တစ်ခါတစ်လေမှာ ဒီချစ်သူနဲ့ လုံးဝ အဆင်ပြေမှာမဟုတ်ဘူးဆိုတာကို ၀န်ခံဖို့လိုပါတယ်။ ကိုယ့်ဘ၀ရဲ့ အချစ်လို့ ထင်ထားတဲ့အရာက နောက်ဆုံးမှာ တကိုယ်ကောင်းဆန်ခြင်းတွေ ဖြစ်နေတတ်ပါတယ်။ ဒါမှမဟုတ် ဒီထက်ပိုကောင်းတဲ့ ချစ်သူကို ကိုယ်လိုအပ်နေတာလား။ “ချစ်သူက ကိုယ်လိုချင်တဲ့ပုံစံ မဟုတ်ဘူးဆိုရင် လက်လွတ်လိုက်ပါ” လက် လွတ်လွတ်ချင်းမှာ နာကျင်ပါလိမ့်မယ်။ ဒါပေမယ့် နာကျင်မှုတွေက ယာယီပါ။
၎။ Facebook မှာ စကားမပြောမီ Facebook အကြောင်းအရင် ဆွေးနွေးပါ။
လူတိုင်းအတွက် Social Media တွေက ဖူးစာရှင် ရှာပေးနေတာ အမှန်ပါ။ ကိုယ်က လူတစ်ယောက်ကို ကြိုက်မိပြီး သူကလည်း ကိုယ့်ကို ပြန်ကြိုက်တယ်ဆိုရင် ကိုယ့်အကြောင်းကို Facebook ပေါ် မတင်ဖို့ တောင်းဆိုသင့်ပါတယ်။ ဓါတ်ပုံအပါအ၀င်ပေါ့။ တစ်ချို့အရာတွေက တကမ္ဘာလုံးနဲ့ ဝေမျှခံစားနေဖို့ မလိုပါဘူး။
၅။ ဖိအားများကနေ ကိုယ့်ကိုကိုယ်ကာကွယ်ပါ။
ဖိအားဆိုတာ အချစ်မဟုတ်ပါဘူး။ ဖိအားရှိနေရင် ပုံမှန်မဟုတ်ဘူးလို့တောင် ပြောလို့ရပါတယ်။ အချို့ ဆယ်ကျော်သက်တွေက အသင့်မဖြစ်သေးပဲ ချစ်သူထားတဲ့အတွက် စိတ်ဖိစီးမှု ခံရတယ်လို့ ပြောကြပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကို စောင့်တာက ပိုပြီး လုံခြုံပါတယ်။ ကိုယ့်တန်ဖိုးကိုယ်သိဖို့ လိုသလို ကိုယ်ဘယ်လိုအခြေအနေမျိုးထိ လက်ခံနိုင်တယ်ဆိုတာကိုလည်း ကြိုသိဖို့လိုပါတယ်။ ဒါမှသာ သွေးပူနေချိန်မှာ လုပ်သင့်မလုပ်သင့် စဉ်းစားတွေဝေနေဖို့ မလိုတော့ပါဘူး။
ဒီလိုစိတ်ဖိအားတွေကနေ ရှောင်နိုင်အောင် အောက်ကအချက်လေးတွေ လိုက်နာပါ။
- ကိုယ်မလိုလားတဲ့ အပြုအမူတွေ တောင်းဆိုလာနိုင်တဲ့ နေရာ၊ အခြေအနေတွေကို ကြိုရှောင်ပါ။
- ကိုယ်နဲ့ရွယ်တူ ချစ်သူရည်းစားထားပါ။ အသက်ကြီးတဲ့ ရည်းစားထားတဲ့ အမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာ ဖိအားပေးမှု ပိုခံစားရပါတယ်။
၆။ အချစ်ရှင်သန်ကြီးထွားဖို့ အချိန်ပေးပါ။
တစ်ခါတစ်လေမှာ ချစ်ဖို့ စိတ်ကူးယဉ်နေတာက ချစ်နေတာထက် ပိုကောင်းပါတယ်။ ကိုယ်တစ်ကယ် ချစ်နေ မချစ်နေဆိုတာကို မသိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ တကယ်လို့ ကိုယ့်ကိုကိုယ် မသေချာဘူးထင်ရင် အချိန်ယူစဉ်းစားပါ။ ကိုယ်တကယ် ချစ်နေမချစ်နေ ဖော်ပြတဲ့ အချက်တွေ တွေ့လာပါလိမ့်မယ်။ အခုလို စိတ်ကူးယဉ်နေချိန်မှာ ပျော်ရွှင်ရပေမယ့် တကယ်ရည်းစားဖြစ်သွားချိန်မှာ စိတ်ပျက်သွားတတ်ပါတယ်။ ရင့်ကျက်တဲ့ အချစ်က အချိန်နဲ့ အမျှ ပိုပြီး ခိုင်မာလာပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာလေ ပိုချစ်လာလေဖြစ်ရမှာပါ။ ပြီးတော့ ကိုယ်မဟုတ်တဲ့ပုံစံမျိုး ဘယ်တော့မှ ဟန်မဆောင်ပါနဲ့။ ချစ်သူနှစ်ယောက်ဟာ စစ်မှန်တဲ့ အနေအထားမှာပဲ ချစ်နေကြဖို့ လိုအပ်ပါတယ်။ ရင့်ကျက်တဲ့ အချစ်ကိုရှာချင်တယ်ဆိုရင်တော့ အချိန်ယူဖို့ လိုပါတယ်။ ဒါပေမယ့် စောင့်ရတာ တန်ပါတယ်။
Credit : shwenaingan
Monday, February 16, 2015
"ချစ်သူထားမယ့် အမျိုးသမီးငယ်များ သိသင့်တဲ့အချက်များ"
Labels:
ချစ်မှုရေးရာ,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment