Tuesday, February 17, 2015

ကမ္ဘာတစ်ပတ် နေ့ရောညပါ ငါးရက်ဆက်တိုက် ပျံသန်းမည့် ဆွစ်ဇာလန်နိုင်ငံမှ နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် မန္တလေးမြို့သို့ မတ်လ ရက်တွင် ရောက်ရှိမည်

ကမ္ဘာတစ်ပတ် နေ့ရောညပါ ငါးရက်ဆက်တိုက် ပျံသန်းမည့် ဆွစ်ဇာလန်နိုင်ငံမှ
နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် မန္တလေးမြို့သို့ မတ်လ ရက်တွင် ရောက်ရှိမည်
=======================================

စက္ကူထက်သုံးဆခန့် ပိုမိုပေါ့ပါးသော ကာဗွန် အမျှင်ပြားများနှင့် လူ့ဆံချည်မျှင်မျှရှိသော ဆိုလာဆဲလ်မျှင်များဖြင့် တီထွင်ထားသည့် ဆွစ်ဇာလန် နိုင်ငံမှ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် Solar Impulse- 2 သည် မန္တလေးမြို့သို့ မတ် ၈ ရက်တွင် ရောက်ရှိလာမည်ဖြစ်သည်။

ယင်းလေယာဉ်ခရီးစဉ်ကို ပင်လယ်ကွေ့ဒေသမှ စတင်မည်ဖြစ်ပြီး အာရေဗျပင်လယ်၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၊ ပစိဖိတ်သမုဒ္ဒရာ၊ အမေရိကန်ပြည်ထောင်စု၊ အတ္တလန္တိတ်သမုဒ္ဒရာနှင့် ဥရောပတောင်ပိုင်း (သို့မဟုတ်) မြောက်အာဖရိက ဒေသတို့သို့ ဖြတ်သန်းမည်ဖြစ်ကြောင်းသိရသည်။ ခရီးစဉ်အရ အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းတွင်သာ ယင်းသို့ ရပ်နားမည်ဖြစ်သည်။

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် Solar Impulse-1 ကို လေယာဉ်မှူး Andre' Borschberg ၏ ဦးဆောင်မှုဖြင့် အင်ဂျင်နီယာနှင့် နည်းပညာရှင် ၈ဝ တို့က တီထွင်ခဲ့ကြခြင်းဖြစ်သည်။ ယခုခရီးစဉ်တွင်လည်း အဆိုပါလေယာဉ်မှူး Andre' Borschberg ဦးစီးသောအဖွဲ့ကပင် ပျံသန်းမောင်းနှင်မည်ဖြစ်သည်။

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် Solar Impulse-1 ကို ၂ဝ၁ဝ ခုနှစ် ဇွန်လတွင် စတင်ပျံသန်းခဲ့ပြီး လေယာဉ်အဖြစ် လောင်စာဆီမသုံးဘဲ ၂၆ နာရီ ဆက်တိုက် ပျံသန်းနိုင်သည့် လေယာဉ်အဖြစ် မှတ်တမ်းတင်ခံရသည်။ ၂ဝ၁၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုကို ဖြတ်ကျော်ပျံသန်းခဲ့ပြီး ယခု ကမ္ဘာတစ်ပတ် ပျံသန်းမည့်ခရီးစဉ်တွင် နေ့ရောညပါ ငါးရက်ဆက်တိုက် ပျံသန်းမည်ဖြစ်ကြောင်း၊ ယခုလေယာဉ်သည် ဒုတိယမျိုးဆက် လေယာဉ်ဖြစ်ကြောင်းသိရသည်။

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် Solar Impulse-2 သည် မတ်လ ၈ ရက် ညနေပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပြီး မတ် ၉ ရက်နှင့် ၁ဝ ရက်တို့တွင် ရပ်နားစဉ်သရုပ်ပြမှုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိဘဲ နေရောင်ခြည်စွမ်းအင်သုံးစွဲထားမှု၊ နေရောင်ခြည်စွမ်းအင်သုံး နည်းပညာများနှင့် ပတ်သက်၍ ပြည်သူများအကြား သိမြင်တွေ့နိုင်ရန် စီစဉ်ထားသည်။ ယခုကဲ့သို့ လေယာဉ်ခရီးစဉ်ရပ်နားမည့် အရပ်ဒေသများ၌ လေယာဉ်မှူးများ ပြောင်းလဲမောင်းနှင်ပြီး ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများနှင့် အများပြည်သူတို့ကို အတွေ့အကြုံနည်းပညာများ မျှဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့ပေါ်တွင် လေယာဉ်ပျံသန်းမှု ပြုလုပ်ပြသမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလအတွင်း သွားရောက်ခဲ့သည့် ဥရောပသုံးနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်တွင် စက်တင်ဘာလ ၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့ရှိ ပိုင်ယန်းလေတပ်စခန်း၌ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ယင်းခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့် ဆွစ်ဇာလန်နိုင်ငံသမ္မတတို့ တွေ့ဆုံစဉ် နေရောင်ခြည်စွမ်းအင်သုံး လေယာဉှ်Solar Impulse-2 ကမ္ဘာတစ်ပတ် ပျံသန်းမည့် ခရီးစဉ်တွင် မြန်မာနိုင်ငံ၌ ခရီးတစ်ထောက် ရပ်နားလိုကြောင်း ကမ်းလှမ်းခဲ့မှုအပေါ် မြန်မာနိုင်ငံအနေဖြင့် ခရီးစဉ်အောင်မြင်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်သမ္မတက သဘောတူညီခဲ့သည်။

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် Solar Impulse- 2 လေယာဉ်ပျံသန်းမှု ခရီးစဉ်နှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး မန္တလေးမြို့၌လည်း လေယာဉ်ရောက်ရှိပြီး ချိန်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ သတင်းစာရှင်းလင်းပွဲတစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(မြန်မာ့အလင်း)


No comments:

Post a Comment