"အားပေးမှုနှင့် တွန်းအားပေးမှုကို ခွဲခြားမြင်နိုင်ရဲ့လား"
များသောအားဖြင့် လူအများကတော့ သူတို့တွန်းအားပေးနေတာကို အားပေးနေတယ်လို့ပဲ မြင်ကြပါတယ်။ ဥပမာ - ကလေးတစ်ယောက် စာမလိုက်နိုင်လို့ စာလိုက်နိုင်အောင်ဆိုပြီးတော့ ရိုက်နှက်ပြီး သင်ကြားပေးတာဟာ အားပေးတာလား။
တွန်းအားပေးမှုနှင့် အားပေးမှုဟာ ပါးပါးလေးပဲကွာပါတယ်။ ကလေးတစ်ယောက်ကို တော်အောင်၊ ကျောင်းစာတွေကျက်ခိုင်းမယ်၊ ကျူရှင်တွေသင်၊ ဂိုက်တွေခေါ်တာ အားပေးတာလို့ ဆိုနိုင်ပေမယ့် အဆင့် ၁ ရအောင်လုပ် မရရင် ဘာလုပ်မယ်၊ ဘာမှပေးဘူး ဆိုတာမျိုးက တွန်းအားပေးရာရောက်ပါတယ်။ တွန်းအားပေးတာ ခံရလေလေ ပေါက်ကွဲမှုပြင်းထန်လေလေပါပဲ။
ကလေးသူငယ်အခွင့်အရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။ "ကလေးကို မိဘက တွန်းအားပေး၊ ဖိအားပေးတာများလာရင် စိတ်မြန်လက်မြန် ဒေါသထွက်တဲ့ ကလေးဆို ပေါက်ကွဲမှုတွေဖြစ်မယ်။ မိဘစကားနားထောင်ပြီး တွန်းအားပေးတာတွေကို လိုက်လံလုပ်နေရတဲ့ ကလေးတစ်ယောက်ဆိုရင်တော့ ပေါက်ကွဲအား အရမ်းပြင်းမယ်။ အဲလိုလူတွေဟာ မပေါက်ကွဲသေးရင်တော့ အေးဆေးပဲ ပေါက်ကွဲသွားရင်တော့ အရမ်းကြောက်စရာ ကောင်းတတ်သွားကြတယ်။"
လူတစ်ယောက်ကို အားပေးချင်ရင် သူ့ကို လက်ခုပ်တီးပေးပါဆိုတဲ့ အတိုင်းပဲ လူငယ်တွေကို အားပေးအားမြှောက်ပြုလုပ်ရပါမယ်။ လူငယ်တွေကို သူနဲ့ သက်ဆိုင်တဲ့၊ သူလုပ်နိုင်လောက်တဲ့ အရာတွေကို ယုံယုံကြည်ကြည်နဲ့ ပြုလုပ်ခိုင်းပြီးတော့ အားပေး မြေတောင်မြှောက်ပေးရပါမယ်။ အဲဒါကို အားပေးတယ်လို့ ခေါ်ပါတယ်။
ဒါပေမယ့် အဲဒီကိစ္စကို အခုမှ စလုပ်ဖူးတဲ့ အတွက်ကြောင့် အမှားတစ်စုံတစ်ရာ ပါလာခဲ့လို့ရှိရင် အော်ဟစ်ကြိမ်းမောင်းတာ၊ ဆူပူတာ၊ ဒေါသူပုန်ထတာတွေဟာ တွန်းအားတွေ ဖြစ်သွားပါတယ်။ အဲဒီလူငယ်ဟာ မှားမှာလဲကြောက်ရ ဘယ်လိုလုပ်ရမှန်းလဲ သိပ်မသိတော့ စိတ်ဖိစီးမှုတွေနဲ့ သိမ်ငယ်မှုတွေ ခံစားသွားရနိုင်ပါတယ်။
ဥပမာလေးတစ်ခုပြောပါတယ်။ ကျွန်တော့် သူငယ်ချင်းရဲ့ အကြောင်းပါ။ ကချင်နွယ်ဝင်ဖြစ်ပါတယ်။ ထိုင်းနိင်ငံကပါ။ သူပြောတာကတော့ သူဟာ ထိုင်းဘက်က အဖွဲ့တစ်ခုမှာ အလုပ်ဝင်ပါတယ်။ NGO သဘောမျိုးပါ။ သူတို့ဆီမှာ လူငယ်နဲ့လူကြီး နှစ်ဖွဲ့ရှိပါတယ်။ လူငယ်အဖွဲ့မှာလဲ လူငယ် MD ရှိပြီးတော့ လူကြီးမှာလဲ လူကြီး MD နဲ့ပါ။ လူကြီးတွေက သူတို့လုပ်စရာတွေကို လူငယ်တွေကို လွှဲထားပါတယ်။ ဥပမာ လူကြီး မန်နေဂျာတစ်ယောက်က လူငယ်မန်နေဂျာကို ဘယ်လိုလုပ်ရမယ်၊ ကိုင်ရမယ်ဆိုတာကို သင်ပေးပြီးတော့ အလုပ်တွေခိုင်းပါတယ်။
ကျွန်တော့်သူငယ်ချင်းကတော့ ရန်ပုံငွေရှာဖွေရေးဘက်မှာ တာဝန်ကျပါတယ်။ တစ်ခါတော့ သူရန်ပုံငွေမှာ အမှားဖြစ်ပါတယ်။ ကိန်းဂဏန်း တော်တော် ကြီးပါတယ်။ သူက လုံးဝစိတ်ဓါတ်ကျပြီးတော့ "ငါတော့ သေပြီ" ဆိုတဲ့ စိတ်တွေဖြစ်နေပါတယ်။ မကြာခင်မှာ သူ့ကို မန်နေးဂျင်းက ရုံးခန်းထဲခေါ်ပါတယ်။ သူ လန့်လန့်နဲ့ လိုက်သွားတာပေါ့။
မန်နေးဂျင်းက ဘာပြောလဲဆိုရင် "လူဆိုတာမှားမှာပဲ။ ငါတို့တောင်မှ အမှားပေါင်း သောင်းခြောက်ထောင်လောက်ကို ဖြတ်သန်းပြီးတော့မှ ဒီနေရာရောက်ခဲ့တာ။ မင်းက အခုမှ ဒီအမှားပဲမှားဖူးသေးတာ၊ တစ်ခုပဲရှိတယ်။ နောက်ဒီလိုအမှားမျိုး မဖြစ်အောင် ဘယ်လိုလုပ်မယ် ဆိုတာကို အစီရင်ခံစာရေးပါ" အဲလိုပြောလိုက်တော့ သူအားတက်သွားတယ်။ ကြားရမယ်လို့ကို ထင်မထားတဲ့စကားကို ကြားရတာပါ။ ပြီးတော့ သူ့ရဲ့အမှားကို လူကြီးအဖွဲ့က သိလို့ နောက်ကပြန်လိုက်ထားတာရှိပါတယ်။ လူကြီးအဖွဲ့က လူတွေက ပြန်အဖြေရှာပြီးတော့ ဖြေရှင်းလိုက်ပါတယ်။ လူငယ်တွေ တစ်ချိန်မှားမှာကိုသိလို့ လူကြီးဝန်ထမ်းတစ်ယောက်က အနောက်ကနေ ပံ့ပိုးလုပ်ဆောင်ထားတာ ရှိပါတယ်။
အမှန်ဆိုရင် အခုလို လူငယ်တွေကို တတ်နိုင်သလောက် အားပေးလုပ်ကိုင်သင့်ပါတယ်။ လူကြီးတွေက အတွေ့အကြုံတွေအရ လူငယ်တွေကို မှားတာတွေ၊ ပြန်ပြင်စရာရှိတာတွေကို သင်ပေးပါတယ်။ အခုနောက်ပိုင်း ကုမ္မဏီကြီးတွေဆိုရင် အခုလို လူငယ်၊ လူကြီး လက်တွဲဆောင်ရွက်တာတွေ ရှိနေပါပြီ။ ဆမ်ဆောင်းနဲ့ မတ်ဆူရှီတာ တို့တောင်မှ လူငယ်အဖွဲ့ကို ဖွဲ့စည်းလုပ်ကိုင်နေပါတယ်။
ကျွန်တော်တို့နိုင်ငံမှာက လူကြီးတွေက လူငယ်တွေကို လက်တွဲမခေါ်ဘဲ သုံးစားမရဘူး ဆိုပြီးတော့ ဖယ်ထားကြပါတယ်။ တစ်ချို့ကလဲ လက်တွဲခေါ်ပါတယ်။ ဒါပေမယ့် တွန်းအားပေးသလို ဖြစ်နေပါတယ်။ အဲဒီတော့ လူငယ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေဟာ တစ်နေ့ထက်တစ်နေ့ နိမ့်ကျလာပါတယ်။ လူဆိုတာ တစ်ချိန်မှာ သေမှာပါ။ နောက်တက်လာတဲ့ လူကို နေရာမဖယ်ပေးချင်ဘူးဆိုတာ သေမှာကို မသိသေးတဲ့သူတွေပါ။ အခြားနိုင်ငံတွေက လူငယ်တွေကို တစ်ဆင့်တစ်ဆင့် ဆွဲခေါ်နေတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံမှာတော့ လူငယ် ခါးဆက်ပြတ်နေပါတယ်။ ဒီအတိုင်းသာ ဆက်သွားမည် ဆိုပါလျင် ………
Credit : မောင်စိုင်း
lutawlupyaw
No comments:
Post a Comment