"ပေးကား ပေး၏ မရ တိုးကား တိုး၏ မဝ ဖြစ်တော့မှာလား"
သူက ရန်ကုန်မြို့တော်စည်ပင်ဌာနရဲ့ သက်တော်ရှည် ဝန်ထမ်းတစ်ဦးပါ။ သူ့အသက် ၁၈ နှစ် သားကတည်းက ရန်ကုန်မြို့တော်စည်ပင်ရုံးချုပ်ရဲ့ ဌာနခွဲတစ်ခုမှာ တာဝန်ထမ်းဆောင်နေသူပါ။ သူ့ရဲ့ဝန်ထမ်းလုပ်သက်က ၂၅ နှစ် တင်းတင်းပြည့်ခဲ့ပြီးပါပြီ။ ၁၉၈၈ခုနှစ်နောက်ပိုင်း အကြိမ်ကြိမ်တိုးပေးခဲ့တဲ့ နိုင်ငံတော်အစိုးရကပေးတဲ့ သူ့လခဟာ တစ်ချိန်တုန်းကတော့ လောက်ငတယ်ဆိုပါတော့။
ယခုအချိန်အထိလည်း အိမ်ထောင်မပြုသေးဘဲ လူပျိုကြီးဘဝနဲ့ အရိုးထုတ်ဖို့ စိတ်ကူးထားတဲ့ အသက် ၄ဝ အရွယ် ဦးကျော်က အခုနောက်ပိုင်း အစိုးရက စေတနာနဲ့တိုးပေးတဲ့ ဝန်ထမ်းလစာအပေါ် ငြိုငြင်စပြုလာပါတယ်။ အိမ်ထောင်သည် မိတ်ဆွေအပေါင်းအသင်းများရဲ့ အိမ်ထောင်မှု စရိတ်ကိုကြည့်ရင် တိုးလိုက်၊ တက်လိုက်ဖြစ်နေတဲ့ သူတို့လစာနဲ့ ကုန်ဈေးနှုန်းကို သူက မချိတင်ကဲဖြစ်နေပါတယ်။ ''ငါ့လို လူပျိုကြီးတောင် မနည်းလောက်အောင် သုံးနေရတာ၊ အိမ်ထောင်သည်တွေ အတွက်တော့ ပြောမနေနဲ့'' လို့ ဦးကျော်က ဆိုပါတယ်။ ယခု နောက်ဆုံးအကြိမ်တိုးပေးဖို့ အတည်ပြုလိုက်တဲ့ ဘဏ္ဍာရေးဝန်ကြီးရဲ့ ပြည်ထောင်စုလွှတ်တော်အတွင်းက ရှင်းလင်းချက်တွေကို ရုပ်သံတွေ၊ သတင်းစာတွေကတစ်ဆင့် ကြားသိရပေမယ့် သူ့လို ဝန်ထမ်းတွေ အတွက်ကတော့ တိုးတယ်လို့ကိုမထင်ဘူးလို့ သူက ယူဆပါတယ်။
''လစာက လူကြီးတွေပဲတိုးတာပါ။ တို့အောက်ခြေဝန်ထမ်းတွေ မတိုးပါဘူး။ သူတို့လူကြီးတွေ ရေတစ်ခါသောက်စာလောက်ရှိတဲ့ ငွေလေးဟာ လစာတိုးတယ်ပေါ့ ဟုတ်လား။ သူတို့တွေပဲ နင်းကန်တိုးပြီး တို့တွေက နှစ်သောင်းပဲတိုးတာ။ ပြောရရင် နားလှည့်ပါးရိုက်လုပ်သွား တာ'' လို့ ဦးကျော်က မကျေမနပ် ပြောဆိုလိုက်ပါတယ်။
မတ် ၂၈ ရက်က ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ ကြေညာချက်အရတော့ တပ်မတော်သားရဲဘော်များအစ နိုင်ငံ့ဝန်ထမ်းများ အဆုံး ဝန်ထမ်းများအားလုံးရဲ့ အနိမ့်ဆုံးလစာကို ကျပ် ၁၂ဝဝဝဝ (တစ်သိန်းနှစ်သောင်း) အဖြစ် တိုးမြှင့်လိုက်ပါတယ်။ အဆိုပါ တိုးမြှင့် လစာအသစ်ကို လာမယ့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှစတင်ပြီး ခံစား ခွင့်ရှိကြမှာပါ။ ဒီနှုန်းထားဟာ ၂ဝ၁၂ ခုနှစ်က တစ်ကြိမ် တိုးမြှင့်ပေးခဲ့သော အနိမ့်ဆုံးလစာထက် ကျပ် ၄၅ဝဝဝ ပိုများပါတယ်။ သို့ပေမယ့် မူလက သတ်မှတ်လစာနဲ့ အပိုထောက်ပံ့ကြေးငွေ ကျပ်သုံးသောင်းကို ပေါင်းထည့်ထားတဲ့အတွက် ဝန်ထမ်းတစ်ယောက်ရဲ့ အနိမ့်ဆုံးအကျိုးခံစားခွင့်ဟာ ကျပ် ၁ဝ၅ဝဝဝ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ ပြင်ဆင်လိုက်တဲ့ပုံစံမှာ ဆုကြေးငွေကို ဖြုတ်ပစ်လိုက်တဲ့အတွက် အနိမ့်ဆုံးလစာဟာ ကျပ် ၁၂ဝဝဝဝ ပင် ဖြစ်သော်လည်း မူလထက် ကျပ် ၁၅ဝဝဝ သာ ပိုများတဲ့အတွက် ဦးကျော်အပါအဝင် ရန်ကုန်တိုင်းမ်ဂျာနယ်မှ မေးမြန်းခဲ့သော ငွေကြေးပညာရှင်များ၊ စီးပွားရေးပညာရှင်နဲ့ နိုင်ငံ့ဝန်ထမ်းအချို့ကတော့ ယခုတစ်ခါ လစာ တိုးတာဟာ ''ငါးကြင်းဆီနဲ့ ငါးကြင်းကို ပြန်ကြော်တဲ့ပုံစံပဲ'' လို့ သမုတ်ကြပါတယ်။
''ကျေနပ်သလားမေးရင်တော့ မကျေနပ်ဘူးလို့ပဲ ဖြေမှာ'' လို့ ဦးကျော်က ပြောပါတယ်။
မူလက အပိုထောက်ပံ့ကြေး ကျပ်သုံးသောင်းကို ပယ်ဖျက်ထားပြီး ကျပ် ၇၅ဝဝဝ ရရှိသူကို ကျပ် ၁၂ဝဝဝဝ အဖြစ်မှသည် မူလ ကျပ် ၂၅ဝဝဝဝ ရရှိသူကို ကျပ် ၅ဝဝဝဝဝ (ငါးသိန်း) အထိ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာကို သတ်မှတ်ကြေညာလိုက်သလို တပ်မတော် (ကြည်း၊ရေ၊လေ) ဝန်ထမ်းများ၏ လစာကိုတော့ မူလကျပ် ၇၅ဝဝဝ ရရှိသူကို ကျပ် ၁၂၅ဝဝဝ အဖြစ်မှသည် မူလကျပ် ၁၂ဝဝဝဝဝ ရရှိသူကို ကျပ် ၃ဝဝဝဝဝဝ (သိန်းသုံးဆယ်) အထိ သတ်မှတ်လိုက်တဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်ဟာ ရာထူးအဆင့်အလိုက် လစာနှုန်းထား ကွာဟချက် ကြီးမားလွန်း လာတယ်လို့လည်း ဝေဖန်သုံးသပ် ချက်တွေ ရှိနေပါတယ်။
ငွေကြေးကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးနှင်းဦးကတော့ ယခုလို ကွာဟချက်ကြီးမားလွန်းနေတာဟာ သိပ်ပြီး သဘာဝမကျဘူးလို့ဆိုပါတယ်။ ''အောက်ခြေကလူကို နှစ်ဆပဲတိုး တယ်ထား။ တစ်ကျပ်ရှိတဲ့သူက နှစ်ကျပ်ဖြစ်မှာ။ သိန်းတစ်ရာရတဲ့ သူက သိန်းနှစ်ရာရမှာ။ ဆိုတော့ အဲဒီနှစ်ခုရဲ့ အောက်ဆုံးပိတ်ရတဲ့သူနဲ့ အထက်ဆုံးရတဲ့သူ ကွာဟမှုကြီးမားနေတယ်ဆိုတဲ့သဘောကို ပြနေတယ်။ အဲဒါကတော့ သိပ်မလှပါဘူး'' ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သူ ဦးနှင်းဦးက ဆိုပါတယ်။
နိုင်ငံ့ဝန်ထမ်းလစာတိုးခြင်းနှင့် တစ်ဆက်တည်း အချိန်ကိုက် ဖြစ်ပေါ်လာတဲ့ ကုန်ဈေးနှုန်းမြင့်တက်ခြင်း ပြဿနာတွေအားလုံးဟာ နိုင်ငံတော်ရဲ့ စီးပွားရေးနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးဟာလည်း တိုင်းပြည်ငွေကြေးဖောင်းပွမှုအပေါ်မှာ လုံးလုံးလျားလျားနီးပါး မူတည်နေတဲ့ သဘောရှိပါတယ်။ ဒါကြောင့် ပုံမှန် စားသုံးသူတွေဖြစ်တဲ့ တစ်တိုင်းပြည်လုံးကတော့ ဒီလို ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံစားကြရမှာပဲလို့ ဦးနှင်းဦးက သုံးသပ်ပါတယ်။
''နိုင်ငံတော်ရဲ့စီးပွားရေးမဏ္ဍိုင် တောင့်တင်းအောင် လုပ်နိုင်မှသာ ငွေကြေးဖောင်းပွမှုက ပြင်လို့ရမှာဖြစ်တဲ့အတွက် အစိုးရရဲ့ မက်ကရို စီးပွားရေးအုပ်ချုပ်မှုပုံစံကို ဆန်းစစ်ပြင်ဆင်ဖို့ လိုအပ်ပါတယ်'' လို့ ဦးနှင်းဦးက အကြံပြုပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေ လစာတိုးတိုင်း ကုန်ဈေးနှုန်းကတက်တယ်။ တစ်ခါမှ မတက်ခဲ့တဲ့ သာဓကမရှိဘူး။ ဒါကြောင့် ဒီလိုလစာတိုးတိုင်း ကုန်ဈေးနှုန်းတက်တဲ့ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ကြိုတင်စဉ်းစားသင့်တယ်လို့ စီးပွားရေးပညာရှင်ဦးလှမောင်က ပြော ပါတယ်။
ဘာကြောင့် ကုန်ဈေးနှုန်းတက်ရလဲဆိုတာကတော့ တိုးပေးလိုက်တဲ့ ဝန်ထမ်းတွေရဲ့ လစာတွေက ဈေးကွက်ထဲရောက်မယ်။ ငွေတွေပိုသုံးနိုင်တဲ့အတွက် ဝယ်လိုအားတွေ တက်လာမယ်။ ပြီးတော့ ပြည်တွင်းမှာလှည့်လည်နေတဲ့ ငွေကြေးတွေဟာ ပိုများလာတဲ့အတွက် ငွေကြေးဖောင်းပွမှုတွေဖြစ်တယ်။ ငွေတန်ဖိုးက ကျလာပြီး ကုန်ဈေးနှုန်းက တက်တယ်။ ဒီလိုချိတ်ဆက်နေမှုကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို ကြိုတင်အစီအမံတွေ ချထားသင့်တယ်လို့ ဦးလှမောင်က ဆိုပါတယ်။
နောက်တစ်ချက်ကတော့ သူတို့ကိုယ်တိုင် အဖြေရှာကြည့်လို့ မတွေ့နိုင်တဲ့ကိစ္စ၊ တိုးပေးတဲ့အစိုးရမှသာ သိနိုင်မယ့်ကိစ္စပါ။ ဘာလို့ဆိုတော့ 'တိုင်းပြည်ရဲ့ ဘဏ္ဍာရေးအခြေအနေမှာ ဒီလောက်တောင် လိုငွေပြနေတဲ့ကြားထဲက ဝန်ထမ်းတွေကို ဘာကြောင့်လစာတိုးပေးရ သလဲ' ဆိုတာ တော်တော်စဉ်းစားစရာ ဖြစ်နေတယ်လို့ ကိုယ်တိုင်အစိုးရရဲ့ ကုန်သွယ်ရေးဌာနမှာ ညွှန်ကြားရေးမှူးအဆင့်အထိ လုပ်ကိုင်ခဲ့ဖူးသူ ဦးလှမောင်က တွေးဆနေပါတယ်။
သူစဉ်းစားလို့ရသလောက်တော့ ဒီလို ဝန်ထမ်းတွေကို လစာတိုး ပေးတယ်ဆိုတာ အစိုးရက သူ့ဝန်ထမ်းတွေနဲ့ ပြည်သူလူထုကို 'သက်သက် မျက်နှာလုပ်ချင်လို့' ပဲဟု စီးပွားရေးပညာရှင် ဦးလှမောင်က ယူဆပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံ့ဝန်ထမ်းက တစ်သန်းခွဲလောက် ရှိတယ်။ လက်ရှိဦးသိန်းစိန်အစိုးရဟာ သူတက်လာကတည်းကကို တိုင်းပြည် ဘတ်ဂျက်က လိုငွေပြနေတာ။ ဒီလို လစာတိုးပေးလိုက်တဲ့အတွက် ပိုပြီးတော့ ဘတ်ဂျက်လိုငွေပြဖို့ပဲရှိတယ်။
ယခုဘဏ္ဍာနှစ်ကိုကြည့်ရင် မြန်မာ့ကုန်သွယ်ရေးမှာ ပြည်ပပို့ကုန်မှဝင်ငွေဟာ ထင်ထားတာထက် ပိုကျသွားတာကို တွေ့ရတယ်လို့ ဦးလှမောင်က သုံးသပ်ပါတယ်။ ဦးလှမောင်အနေနဲ့ အခုလို နိုင်ငံ့ဝန်ထမ်းတွေကို လစာတိုးပေးရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ကို တိတိပပ မသိနိုင်ဘဲဖြစ် နေပါတယ်။ 'လစာတိုးပေးချင်တယ်ပဲထားဦး၊ ဘယ်ကပိုက်ဆံနဲ့ တိုးပေးမှာလဲ' လို့ ၄င်းက မေးခွန်းထုတ်ပါတယ်။ သူက ယခုလိုလည်း ပြောပါသေးတယ်။
ဥပမာ- ဘတ်ဂျတ်လိုငွေပြပေမယ့် ပြည်ပပို့ကုန်ဝင်ငွေက ကောင်းလို့ ဝင်ငွေ၊ ထွက်ငွေမျှလို့ တိုးပေးတယ်ဆို တော်သေးတယ်။ အခုဟာက ပြည်ပပို့ကုန်ဝင်ငွေကလည်း အားမကောင်း၊ ဘတ်ဂျက်ကလည်း လိုငွေပြ၊ အရှုံးကြီးရှုံးနေတဲ့အချိန်မှ ဘာကြောင့် လစာတိုး ပေးရလဲဆိုတာကို စဉ်းစားလို့ကိုမရဘူး။ တချို့က ပြောတယ်။ ဝန်ထမ်းတွေ အကျင့်ပျက်ခြစားနေတယ်။ လာဘ်ပေးလာဘ်ယူတွေ များနေတယ်။
ဒါကိုလျော့အောင် လစာတိုးပေးသင့်တယ်ပေါ့။ ဒါကလည်း စနစ်ကျတဲ့ဖြေရှင်းနည်းတော့ မဟုတ်သေးဘူး။ အကျင့်ပျက်ခြစားတဲ့ဝန်ထမ်းကို အရေးယူဖို့ပဲလိုတာပါ။ တကယ်ရိုးသားဖြောင့်မတ်တဲ့ ဝန်ထမ်းက မလောက်လဲ ဖြစ်အောင်စားကြပါတယ်။ လာဘ်ပေးလာဘ်ယူလုပ်နေတာဟာ လစာမလောက်လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့တော့ မလုံ လောက်ဘူးထင်ပါတယ်။ လစာတိုးတိုင်း ကုန်ဈေးနှုန်းတက်နေတာကို သတိပြုသင့်ပါတယ်။
ယခုဆိုရင် မြန်မာပြည်ရဲ့ ငွေကြေးဖောင်းပွမှုဟာ ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိပါတယ်။ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB ) ရဲ့ ခန့်မှန်း ချက်အရဆိုရင် မကြာခင် ၈ ဒဿမ ၁ ၄ အထိ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
''အဲဒီလိုကြီးဖြစ်နေတာကို သိလျက်သားနဲ့ ဘာကြောင့် တိုးသလဲ'' လို့ ဦးလှမောင်က မေးခွန်းထုတ်ပါတယ်။
ကိုယ်တိုင်က စစ်သားမဟုတ်ပေမယ့် အမျိုးသားဖြစ်သူရဲ့ လုပ်စာကိုသာ အမှီပြုနေရတဲ့ တပ်မတော်ဝန်ထမ်းစစ်သားတစ်ဦးရဲ့ ဇနီးဖြစ်သူ ဒေါ်ရွက်ဝါကတော့ မကြာခင် တိုးမြင့်ခံစားခွင့်ရတော့မယ့် အစိုးရရဲ့ တိုးမြှင့်လစာနှုန်းထားအသစ်ကို ဘဝင်မကျနိုင်ဘဲ ဖြစ်နေပါတယ်။ အောက်ခြေဝန်ထမ်းကျတော့ ငါးသောင်းတိုးပြီး၊ အထက်တန်းစာရေးကျတော့ ရှစ်သောင်းတိုးတယ်။ အဆင့်မြင့်လေ လစာ တိုးလေဆိုတာကြီးကတော့ မညီမျှဘူးလို့ ဒေါ်ရွက်ဝါက ပြောပါတယ်။
''တိုးပြီဆိုမှတော့ အရာရှိရော ရဲဘော်ရော အားလုံးတူတူ တိုးပါလား။ တစ်ပြေးညီပေါ့။ ဘာလို့ ပိုင်းခြားပြီး တိုးနေရတာလဲ။ တိုးလာတာက နှစ်သောင်းလောက်။ တခြားအထွေထွေစရိတ်တက်ရင် ဘယ်သူခံရမှာလဲ'' လို့ ဒေါ်ရွက်ဝါက စိတ်ပေါက်ပေါက်နဲ့ ပြောဆိုနေပါတယ်။ ဦးကျော်တို့၊ ဒေါ်ရွက်ဝါတို့လို နိုင်ငံ့ဝန်ထမ်းနဲ့ နိုင်ငံ့ဝန်ထမ်း မိသားစုဝင်တွေအတွက် မူလက ထောက်ပံ့ကြေးအဖြစ် ရရှိတဲ့ ငွေ သုံးသောင်းဟာ အသားတင်လစာထဲ ပေါင်းထည့်လိုက်တဲ့အတွက် ပင်စင်ခံစားရရှိတဲ့အခါမှာတော့ ပင်စာလစာ ပိုတိုးလာတဲ့သဘောနဲ့ ဖြေသိမ့်လို့ရနိုင်ပါတယ်။
သို့သော်လည်း ''ဒါက နောက်ပိုင်းကိစ္စပါ။ အခုကို တက်နေပြီ ကုန်ဈေးနှုန်းက။ အဲဒါကို သိလားလို့ ပြန်မေးချင်တယ်။ ဆန်တစ်ပြည်ကို နှစ်ရာတက်တာနော်။ ဆီလဲတက်တယ်။ လစာကို မရသေးဘူး လိုက်တက်ကုန်တာဆိုတော့ အဲဒီမှာကို ဆုံးရှုံးနေကြတာ သိပါသလားလို့ မေးချင်ပါတယ်။ လစာတိုးမယ်ဆိုလဲ တစ်ပြေးညီတိုးပေး။ ခွဲမနေနဲ့။ လွှတ်တော်ထဲကကိုယ်စားလှယ်တွေတောင် ဆယ်သိန်းရတာလေ'' လို့ ဒေါ်ရွက်ဝါက ဆိုပါတယ်။
လေ့လာသုံးသပ်သူတစ်ဦးရဲ့ ထင်မြင်ချက်ကတော့ အစိုးရရဲ့ ယခုတစ်ကြိမ် လစာတိုးမြှင့်ခြင်းဟာ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်အသိုင်းအဝိုင်းရဲ့ ဖိအားပေးမှုကြောင့်လို့ ဆိုပါတယ်။ မကြာသေးခင်ကလည်း အမှန်တကယ် မလောက်ငဟုဆိုကာ မူလကျပ်သုံးသိန်း ရရှိတဲ့ အရေအတွက်အားဖြင့် ၆ဝဝ ခန့်ရှိသော လွှတ်တော်အမတ်မင်းများရဲ့လစာကိုကျပ် ၁ဝ သိန်း အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ ဒီသတ်မှတ်ပြဋ္ဌာန်းချက်ကိုလည်း ပြည်သူလူထုနဲ့ လေ့လာသုံးသပ်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ကြပါတယ်။
ထိုဖြစ်ရပ်အပြီးမှာတော့ ယခုလို နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေးကိစ္စ ပေါ်ပေါက်လာတာပါလို့ လေ့လာသုံးသပ်သူက ဆိုပါတယ်။ ''လွှတ်တော်က သူတို့လစာတိုးလိုက်တာကို တော်တော်များများက မကျေနပ်ကြလို့ အစိုးရအဖွဲ့ဝင် ဝန်ထမ်းတွေကို ဆွဲထည့်လိုက်တဲ့ သဘောပဲ။ ဦးသိန်းစိန်အစိုးရက ဒီကိစ္စကို အစကတည်းက သဘောတူပုံမရပါဘူး။ နောက်တစ်ခုစဉ်းစားမိတာကတော့ မြန်မာပြည်ကဝန်ထမ်းက တစ်သန်းခွဲလောက်ဆိုရင် သူတို့ကိုမှီခိုနေရတဲ့ အိမ်ထောင်စုကလဲ အများသားလေ။ နောက်လာမယ့် ရွေးကောက်ပွဲမှာ အဲဒီအိမ်ထောင်စုတွေရဲ့ ဆန္ဒမဲတွေကို အစိုးရက ရယူချင်နေတဲ့သဘောရှိပါတယ်'' လို့ ၄င်းက သုံးသပ်ပါတယ်။
မတ်၂၅ရက်ကထုတ်ပြန်သော ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ 'နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ တိုးမြှင့် သတ်မှတ်ခြင်း' မှာ ယခုလို ထည့်သွင်းဖော်ပြခဲ့ပါတယ်။
''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်အလေးထား ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် အထောက်အကူ ဖြစ်စေရန်၊ စားဝတ်နေရေးနှင့် လူနေမှု အဆင့်အတန်းကို အထိုက်အလျောက် မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် တိုးမြှင့်သတ်မှတ်ပေးရန်'' ဟူ၏။
မတ် ၂၆ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာတော့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယခုလိုလည်း ထည့်သွင်းပြောဆိုခဲ့ပါ သေးတယ်။
''နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်အားကို အသိအမှတ်ပြုခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအပေါ် ထားရှိသည့် စေတနာတရားကို ပြသခြင်းပင် ဖြစ်ပါကြောင်း''။ သို့သော်လည်း စည်ပင်ဌာန၏ သက်တော်ရှည်ဝန်ထမ်းကြီး ဦးကျော်ကြီးကတော့ ယခုလို စကားနာ ထိုးပါသည်။
''တက်လာတဲ့ကုန်ဈေးနှုန်းကို ဘယ်လိုလုပ် လိုက်မီမှာတုန်း။ တိုးတာက နှစ်သောင်းလောက်။ ခုပဲ ဈေးကတက်ပြီ။ ဆန်ပဲဝယ်ကြည့်လိုက်ဦး။''
- ငွေစန္ဒီ၊ နှင်းကို ရေးသည်။
Yangon Media Group
lutawlupyaw
No comments:
Post a Comment