" ဆေးပညာသတင်းဆန်းများ "
ယခုစတင်ဖော်ပြလိုတဲ့ သတင်းတစ်ပုဒ်ကတော့ Light-emitting Electronic device ပစ္စည်းမျိုးတွေဖြစ်တဲ့ iPad လို ပစ္စည်းမျိုးကို ညအိပ်ရာဝင်ခါနီး အချိန်ကြာကြာ မသုံးသင့်ဘူးဆိုတဲ့ လေ့လာထားချက်တစ်ခုပါ။ ဒီလိုအသုံးပြုခဲ့ရင် အိပ်ပျော်သွားဖို့ အချိန်ကြာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကိုလည်း ထိခိုက်စေတယ်လို့ဆိုပါတယ်။ ဒီလေ့လာချက်ကို အမေရိကန်နိုင်ငံ Pennsylvania State University မှ ဆေးဝါးသုတေသန ပညာရှင်တွေက ပြုလုပ်ခဲ့ကြပြီး US Journal on Proceeding of the National Academy of Science ဂျာနယ်မှာ ဖော်ပြထားတာပါ။ သူတို့ တွေ့ရှိချက်အရ ဒီလိုမအိပ်ခင် နာရီဝက်ကြာ iPad အသုံးပြုသူ အုပ်စုနဲ့ ရိုးရိုးစာအုပ်ဖတ်သူ အုပ်စုနှစ်ခုရဲ့ အိပ်ပျော်နိုင်မှု၊ အိပ်စက်ခြင်း အရည်အသွေး စတာတွေကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။ iPad လို Electronic Device သုံးစွဲသူတွေမှာ ယင်းပစ္စည်းတွေက ထွက်လာတဲ့ Short wavelength light တွေဟာ စတင်အိပ်ပျော်ဖို့ပိုကြာပြီး အိပ်နေစဉ် ဦးနှောက်ရဲ့ ပုံမှန်လည်ပတ်နေမှု Rhythm ကိုလည်း ထိခိုက်စေပြီး Melatonin လို ဟော်မုန်း ထုတ်လုပ်မှု ကိုလည်း လျော့သွားစေတယ်လို့ဆိုပါတယ်။
ဒါကြောင့် မအိပ်ခင် ဒီလို Electronic Device တွေကို ကြာကြာမသုံးသင့်ကြောင်း အကြံပြုထားတာကို တင်ပြလိုက်ရပါတယ်။
အာဖရိကနိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ အီဘိုလာရောဂါဟာ ကူးစက်မြန်ပြီး လူပေါင်းနှစ်သောင်းကျော်ကို သေစေခဲ့တာပါ။ ဆေးပညာရှင်တွေဟာ ဒီရောဂါကိုကုသဖို့ ကာကွယ်ဖို့ကြိုးစားရင်းက တခြား အီဘိုလာနဲ့ မဆိုင်တဲ့ ရောဂါတွေကိုပါ ကုသနိုင်မယ့်နည်းလမ်းတစ်ခုကို တွေ့ခဲ့ကြပါတယ်။ ဒီလို တွေ့ခဲ့ကြသူတွေကတော့ အမေရိကန်နိုင်ငံ အတ္တလန္တာတာ မှာရှိတဲ့ Emory University က ဆေးပညာရှင်တွေပဲဖြစ်ပါတယ်။ သူတို့ဟာ အီဘိုလာရောဂါ ခံစားနေရသူ တချို့ကို အီဘိုလာရောဂါဖြစ်ပြီး ပြန်အသက်ရှင်လာသူတွေ ထံက ရယူခဲ့တဲ့ သွေးရည်ကြည်နှင့် အောင်မြင်စွာ ကုသနိုင်ခဲ့တာကို အခြေခံပြီး ဒီနည်းလမ်းကို ရခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ လူတစ်ယောက်ရဲ့ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ခြင်းဟာ အီဘိုလာလိုရောဂါအပြင် တခြားကူးစက်တဲ့ ရောဂါဖြစ်တဲ့ တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ စတဲ့ရောဂါတွေကိုလည်း ကာကွယ်အောင်ပြုလုပ်နိုင်လိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။ ဒီလိုရောဂါ ဖြစ်ဖူးသူရဲ့ မျိုးဗီဇပါတဲ့ DNA သို့မဟုတ် RNA ဟာ ကိုယ်ခန္ဓာရဲ့ ကိုယ်ခံအား (Antibody) ထုတ်လုပ်မှုကို နှိုးဆော်သလို ဖြစ်နေတာကြောင့် ဒါကို လူ့ခန္ဓာကိုယ်ထဲ ကာကွယ်ဆေးအဖြစ် ထိုးသွင်းစမ်းသပ်ဖို့ လုပ်နေကြပါတယ်။ တိရစ္ဆာန်တွေမှာ စမ်းသပ်တဲ့အခါ အောင်မြင်နေပြီ ဖြစ်ပါတယ်။ ဒါကို အီဘိုလာဆေးထုတ်လုပ်ခဲ့တဲ့ Mapp Biopharmaceutical Experts တွေနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
နောက်ဖော်ပြလိုတဲ့သတင်းတစ်ပုဒ်ကတော့ အဆုတ်ကင်ဆာကုသရေမှာ ထိရောက်မယ့် တွေ့ရှိချက်တစ်ခုအကြောင်းပါ။ ဒါကိုတော့ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ ကင်ဆာသုတေသနဌာနက ဆေးသိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တာပါ။ သူတို့ဟာ အဆုတ်ကင်ဆာကို ပိုမိုကြီးထွားစေတဲ့ STATS လို့ အမည်ပေးထားတဲ့ Genes ကို တွေ့ရှိခဲ့ရပါတယ်။ ဒီ Genes ကို တားဆီးနိုင်ရင် အဆုတ်ကင်ဆာကြီးထွားမှုကိုလည်း တားနိုင်မယ်လို့ ဆိုပါတယ်။ အခုအသုံးပြုနေတဲ့ ဆေးတချို့ဟာ ဒီ Genes ကို တားနိုင်တဲ့ဆေးတွေဖြစ်ပြီး ဒီကုသမှုဟာ လောလောဆယ်မှာ အဆုတ်ကင်ဆာ ဖြစ်နေသူတွေအတွက် အထိရောက်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးလိပ်သောက်ပြီး အဆုတ်ကင်ဆာဖြစ်နေ သူတချို့မှာ KRAS ဆိုတဲ့ Gene တစ်ခု ထပ်မံတွေ့ရှိရပြီး ဒီ KRAS Gene ဟာ STATS Gene ကို ကင်ဆာဖြစ်ပွားမှု မဖြစ်စေတော့ဘဲ တိုက်ခိုက်တဲ့ Gene အဖြစ် ပြောင်းလဲသွားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုပြောင်းလဲမှုဟာ ဆေးလိပ်သောက်ပြီး အဆုတ်ကင်ဆာဖြစ်စေသူတွေမှာ ပိုတွေ့ရတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။
နောက်ဖော်ပြလိုတဲ့သတင်းတစ်ပုဒ်ကတော့ တောင်အာဖရိကနိုင်ငံက လိင်အစားထိုး ကုသမှုအောင်မြင်ခဲ့တဲ့ သတင်းပါ။ လွန်ခဲ့တဲ့ သုံးနှစ်က အသက် (၂၁) နှစ်အရွယ် လူပျိုဖော်ဝင် အခမ်းအနားတစ်ခုမှာ လိင်တံထိပ် အရေပြားကို ဖြတ်ရာမှ အဆင်မပြေဖြစ်ခဲ့မှုကြောင့် လိင်တံကို အဖြတ်ခံလိုက်ရတဲ့ သူတစ်ဦးကို တောင်အာဖရိကနိုင်ငံ ကိပ်တောင်းက တီလာဘတ်ဆေးရုံမှာ လွန်ခဲ့တဲ့သုံးလအကြာက ခွဲစိတ်ကုသပေးခဲ့ တာဖြစ်ပါတယ်။ သေဆုံးသွား သူတစ်ဦးထံမှ လှူဒါန်းတဲ့လိင်တံကို ကိုးနာရီကြာ အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ကြတာ ဖြစ်ပါတယ်။ ခွဲစိတ်မှုကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က ဆောင်ရွက်ပေးခဲ့ပြီး
အခြေအနေကို စောင့်ကြည့်ကာ ယခု သုံးလအကြာမှာ အောင်မြင်ကြောင်း ကြေညာခဲ့ကြတာဖြစ်ပါတယ်။ ယခုအခါ အမည်မဖော်လိုသော ယင်းလူနာဟာ ဆီးသွားခြင်း၊ မျိုးပွားနိုင်ခြင်း စသည်တို့ကို သာမန်လူကောင်းတစ်ယောက်သဖွယ် ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ ဒီကုသမှုမျိုးကို ၂ဝဝ၆ ခုနှစ်က တရုတ်နိုင်ငံ မှာပြုလုပ်ခဲ့ဖူးသော်လည်း ခွဲစိတ်ခံရသူနှင့် ဇနီးတို့မှာ စိတ်ပိုင်းဆိုင်ရာပြဿနာများ ရှိလာသောကြောင့် ၎င်းတို့ဆန္ဒအရ နှစ်ပတ်အကြာတွင် ပြန်လည်ဖယ်ရှားပေးခဲ့ရပါတယ်။ ဒါကြောင့် ယခု တောင်အာဖရိကနိုင်ငံ လိင်တံအစားထိုးကုသမှုဟာ ပထမဆုံးအောင်မြင်မှု ဆိုတာ တင်ပြလိုက်ရပါတယ်။
နောက်ဖော်ပြလိုတဲ့သတင်းတစ်ပုဒ်ကတော့ အမှတ် (၂) အမျိုးအစား ဆီးချိုရောဂါရှင်တွေဟာ ဘယ်လိုနေထိုင် စားသောက်သင့် တယ်ဆိုတဲ့ လေ့လာထားချက်ပါ။ ဒီလေ့လာချက်ကိုတော့ အစ္စရေးနိုင်ငံ Tel Aviv တက္ကသိုလ် Walfson Medical Centre က ဆေးပညာရှင်တွေ ပြုလုပ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ အသက် (၃ဝ) မှ (၇ဝ) အတွင်း ဆီးချိုဝေဒနာ ရှင်တွေကို အုပ်စုနှစ်စုခွဲပြီး စမ်းသပ်ခဲ့ တာဖြစ်ပါတယ်။ ပထမအုပ်စုကို နံနက်စာကို Calorie ၇ဝဝ ပါတဲ့အစာကိုကျွေး၊ နေ့လယ်စာကို Calorie ၆ဝဝ ကျွေး၊ ညနေစာကို Calorie ၂ဝဝ ပဲပါတဲ့ အစာကိုကျွေး၊ နောက်တစ် အုပ်စုတစ်ခုကိုတော့ နံနက်စာကို ၂ဝဝ၊ နေ့လယ်စာကို ၆ဝဝ၊ ညနေစာကို ၇ဝဝ ကျွေးပြီး စမ်းခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုစမ်းသပ်ကြည့်တဲ့အခါ နံနက်စာကို များများစားပြီး ညနေစာကို လျှော့စားတဲ့ အုပ်စုမှာ ဆီးချိုထိန်းနိုင်မှု ပိုကောင်းမွန်တာကို တွေ့ရတယ်ဆိုပါတယ်။
ဒါကြောင့် Insulin ဆေး အသုံးပြုနေရသူဖြစ်စေ၊ Metfomin ဆေး သုံးနေရသူဖြစ်စေ၊ နှစ်မျိုးစလုံး သုံးနေရသူဖြစ်စေ နံနက်စာကိုပိုစားပြီး နေ့လယ်စာကို အတော်အတန် လောက်ပဲစားကာ ညနေစာကို လျှော့စားခြင်းဟာ အသင့်တော်ဆုံးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
ယခုဖော်ပြလိုတဲ့သတင်းတစ်ပုဒ်ကတော့ လူတစ်ယောက်က အသက်အရွယ်ကြီးလာရင် အိပ်ပျော်အောင်အိပ်စက်ဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပါ။ လူတိုင်း အသက် (၅၅) နှစ်ကျော်လာရင် ညနေခင်း နာရီဝက်၊ တစ်နာရီခန့် အနားယူအိပ်စက်ခြင်းဟာ ဦးနှောက်အရည်အသွေးကို ပိုကောင်းမွန်စေပြီး မှတ်ဥာဏ်ကျဆင်းမှုကိုလည်း တားဆီးနိုင်တယ်လို့ ဆိုပါတယ်။ စင်ကာပူနိုင်ငံ Duke- NUS Medical School က လေ့လာထားချက်ကို Sleep Journal မှာ ဖော်ပြထားတာပါ။ သူတို့လေ့လာချက်မှာ အသက် (၅၅) နှစ်နှင့်အထက် ၆၆ ဦးကို လေ့လာထားတာ ဖြစ်ပါတယ်။ ဒီလေ့လာချက်အရ အအိပ်နည်းသူတွေမှာ ဦးနှောက်ထဲက Ventricle နေရာဟာ ပိုကျယ်လာပြီး ဦးနှောက်ရဲ့မှတ်ဥာဏ်အား ကျဆင်းစေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
တခြားလေ့လာမှုတွေမှာ တွေ့ရှိရတဲ့ အမှတ် (၂) ဆီးချိုရောဂါကို ပိုဆိုးစေတာ၊ ကိုယ်အလေးချိန်ပိုလာတာ၊ အသက်အရွယ် ပိုကြီးသလိုဖြစ်တာ၊ တချို့ကင်ဆာရောဂါ ဖြစ်စေ တာဟာလည်း အအိပ်နည်းပါးမှုနဲ့ သက်ဆိုင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
နောက် သီးခြားလေ့လာထားချက်တစ်ခုမှာတော Melatonin ဟော် မုန်းဆေးဟာ အသက် (၅၅) နှစ် ကျော်တဲ့လူတွေမှာ အိပ်မပျော်တာ ဖြစ်နေရင် စားသုံးသင့်တဲ့ ဆေးတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ Melatonin ဟော်မုန်းဟာ ဦးနှောက်မှာရှိတဲ့ Pineal Gland က ညအချိန်ထုတ်တတ်တဲ့ ဟော်မုန်းဖြစ်ပြီး လူတွေကို နှစ်ခြိုက်စွာအိပ်ပျော်စေပြီး ဇီဝကမ္မဓာတ် သဘာအတိုင်း ပုံမှန်လည်အောင် ပြုလုပ်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ လူတွေဟာ အသက်အရွယ်ကြီးလာရင် ဒီဟော်မုန်းဓာတ် ထုတ်လုပ်မှု ကျဆင်းလာ တတ်ပါတယ်။ ဒီလေ့လာချက်ကိုတော့ စကော့တလန်နိုင်ငံမှာ အသက် (၅၅) နှစ်မှ (၈ဝ) အရွယ်လူပေါင်း ၃၅၄ ဦးကို လေ့လာခဲ့တာဖြစ်ပါ တယ်။ သူတို့ အားလုံးကို Melatonin ဆေးပြား 2mgm တိုက်ကျွေးစမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလူအားလုံးဟာ နှစ်ခြိုက်စွာအိပ်ပျော်ပြီး နောက်တစ်နေ့မှာလည်း ဦးနှောက် ကြည်ကြည်လင်လင်နှင့် လန်းဆန်းစွာရှိကြောင်း တင်ပြလိုက် ရပါတယ်။ ။
ဒေါက်တာကံညွန့်
lutawlupyaw
No comments:
Post a Comment