" စုံစုံညီညီ မင်္ဂလာပွဲ "
မင်္ဂလာသတို့သားနဲ့ သတို့သမီးကို စုလျားရစ်ပတ် လက်ထပ်ပြီးရင် အကြင်လင်မယားအရာ ရောက်ပြီဆိုနိုင်တယ်။ ဒါပေမယ့် ခုခေတ်မှာ မင်္ဂလာဆောင်တွေက စုလျားရစ်ပတ် လက်ထပ်ရုံနဲ့ အားမရနိုင်ကြဘဲ တမျိုးပြီးတမျိုး ချဲ့နေကြတယ်။
စုလျားရစ်ပတ် လက်ထပ်ပြီးနောက် လုပ်လေ့ရှိတာကတော့ မင်္ဂလာလက်စွပ် ဆင်မြန်းခြင်းပါပဲ။ ဒါက ရှေးမြန်မာဓလေ့တော့ မဟုတ်ဘူး။ အနောက်တိုင်းဓလေ့က ယခုတော့ မြန်မာမှုဖြစ်နေပြီ။
မင်္ဂလာလက်စွပ် ဆင်မြန်းပေးဖို့ဆိုပြီး စုလျားရစ်ပတ် လက်ထပ်ပေးတဲ့ ဂုဏ်သရေရှိ ဇနီးမောင်နှံကို မင်္ဂလာအခမ်းအနားမှူး၊ ဒါမှမဟုတ် မင်္ဂလာဘိသိက်ဆရာက ကျေးဇူးတင်ကြောင်းပြောပြီး သူ့နေရာသူပြန်ခိုင်းတယ်။ ပြီးတော့ နောက်ထပ် ဇနီးမောင်နှံတစ်စုံကို စင်မြင့်ထက်ခေါ်ယူတယ်။ ဆင်မြန်းပေးဖို့ မင်္ဂလာလက်စွပ်ကို သတို့သား သတို့သမီးရဲ့လက်အတိုင်းနဲ့ လက်စွပ်တွေကို အဆင်သင့် စီစဉ်အပ်နှံထားတယ်။
အနောက်တိုင်း မင်္ဂလာဓလေ့မှာ သတို့သား သတို့သမီးတို့ အပြန်အလှန် လက်စွပ်ကို ဆင်မြန်းပေးလေ့ရှိပေမယ့် မြန်မာမင်္ဂလာဆောင်တွေမှာတော့ အခြားသူက ၀င်ပြီး ဆင်မြန်းပေးပါတယ်။ ဂုဏ်သရေရှိဇနီးမောင်နှံထဲက ခင်ပွန်းဖြစ်သူက သတို့သားရဲ့ လက်သူကြွယ်ကို လက်စွပ် စွပ်ပေးရတယ်။ စင်မြင့်ထက်မှာလည်းဖြစ်ပြန် ဧည့်ပရိသတ်များကလည်း အာရုံစိုက်နေပြန် မီးဝင်းဝင်းကြီးထိုးပြီး ဗီဒီယိုမှတ်တမ်းလည်း ရိုက်နေပြန် ဆိုတော့ လက်စွပ်ယူပေးသူက သတို့သားလက်စွပ်အစား ပိုသေးတဲ့ သတို့သမီးရဲ့လက်စွပ်ကို မှားယူပေးမိတတ်တယ်။ တခါတရံ သတို့သားရဲ့ လက်တုတ်တုတ်မှာ သတို့သမီးရဲ့ လက်စွပ် ကွင်းကျဉ်းကျဉ်းကို မရမက ဇွတ်အတင်း စွပ်လို့ ရုပ်ပျက်ဆင်းပျက်ကြုံရ တာမျိုးလည်းရှိတယ်။
သတို့သားကို လက်စွပ်ဆင်မြန်းပေးပြီးရင် ဂုဏ်သရေရှိ မောင်နှံမှာ ဇနီးဖြစ်သူက သတို့သမီးရဲ့လက်သူကြွယ်မှာ မင်္ဂလာလက်စွပ် ဆင်မြန်းပေးရပါတယ်။ လက်စွပ်ကို လက်သူကြွယ်မှာ ၀တ်ဆင်ပေးတာက လက်သူကြွယ်ဟာ နှလုံးကလာတဲ့ သွေးကြောနဲ့ တိုက်ရိုက် ဆက်နေတယ်လို့ ယူဆလို့ ဖြစ်ပါတယ်။
မင်္ဂလာ လက်စွပ်ဆင်မြန်းပြီးတဲ့အခါ နောက်တစ်မျိုးလုပ်လေ့ရှိတာက မင်္ဂလာပန်းကုံး ဆင်မြန်းတာပါ။ ဒါကတော့ အိန္ဒိယစတိုင် နဲနဲဆန်တယ်။
မင်္ဂလာပန်းကုံး ဆင်မြန်းပေးဖို့အတွက် နောက်ထပ် ဇနီးမောင်နှံတစ်စုံကို စင်ပေါ်ဖိတ်ခေါ်ရတယ်။ မင်္ဂလာပန်းကုံးတွေကိုလည်း အဆင်သင့်စီစဉ်ပြီး ငွေဖလားကြီးထဲမှာ ထည့်ထားပါတယ်။ မင်္ဂလာဘိသိက်ဆရာ ပါရင်တော့ သိဒ္ဓိမြောက်အောင်ဆိုပြီး မင်္ဂလာ ပန်းကုံးတွေကို ကိုင်ကာ ဂါထာတစ်ခုခုကိုရွတ်လေ့ရှိတယ်။ ဂါထာဆိုတာကလည်း ထူးထူးထွေထွေ မဟုတ်ဘူး၊ အန္တရာယ်ကင်းအဖြစ် အများသူငါရွတ်လေ့ရှိတာ တမျိုးမျိုးကို ရွတ်တာပါပဲ။
ဇနီးမောင်နှံထဲက ခင်ပွန်းဖြစ်သူက မင်္ဂလာပန်းကုံးနှစ်ကုံးလုံးကို သတို့သားရဲ့ လည်မှာစွပ်ပေးတယ်။ ပြီးတော့ ပန်းကုံးတစ်ကုံးကို ပြန်ယူပြီး ဂုဏ်သရေရှိ ဇနီးမောင်နှံက ဇနီးကိုပေးတယ်။ ဇနီးက သတို့သမီးကို ပန်းကုံးစွပ်ပေးတယ်။ ပြီးတော့ သတို့သားနဲ့ သတို့သမီးက အချင်းချင်း အပြန်အလှန် ပန်းကုံးကို လဲလှယ်ကာ စွပ်ပေးကြပါတယ်။ ဒါဆိုရင် ပန်းကုံးစွပ်မင်္ဂလာ အောင်မြင်စွာ ပြီးဆုံးပါတယ်။
ခေါင်းထက်မှာ ရေစင်သွန်း၊ စုလျားရစ်ပတ်လက်ထပ်၊ မင်္ဂလာလက်စွပ်ခြင်းလဲ လှယ်ဝတ်ဆင်တဲ့အပြင် မင်္ဂလာပန်းကုံးတွေ ဆင်မြန်းပေးပြီးပြီဆိုရင်တော့ လက်ထပ် မင်္ဂလာ အင်္ဂါစုံသလောက် ဖြစ်သွားပါပြီ။
မင်္ဂလာရက်မြတ်မှာ လက်ထပ်ပြီးပြီဆိုရင် မင်္ဂလာမောင်နှံကို မင်္ဂလာ သြ၀ါဒ ဆုံးမစကား ပြောကြားတဲ့ အလေ့ရှိကြပါတယ်။ သြ၀ါဒစကားကို လူသိထင်ရှားတဲ့ ပုဂ္ဂိုလ်၊ ပညာရှင်၊ စာရေးဆရာ စတဲ့သူတွေကို ပြောခိုင်းလေ့ရှိတယ်။ သြ၀ါဒ စကားပြောရသူက အသက်အရွယ်အသင့်အတင့်ကြီးနေပြီ ဖြစ်တတ်တယ်။ အသက်ကြီးလာသူတို့ သဘာဝအတိုင်း တစ်ခါတရံ လေကြောရှည်တတ်တယ်။ အချို့ကလည်း လက်ထဲ မိုက်ကရိုဖုန်း ကိုင်မိရင် လက်ကမချဘဲ တွန်းပြောတတ်တယ်။
တကယ်ကတော့ မင်္ဂလာမောင်နှံခမျာလည်း ထိုင်ရတာကြာပြီ၊ ညောင်းညာပြီ။ ဧည့်ခံရဦးမှာတွေ လုပ်ရကိုင်ရဦးမယ့် ကိစ္စတွေဆီသာ စိတ်ကရောက်နေတော့ အတော်အတန် သြ၀ါဒကို နားမဝင်ပါဘူး။ သြ၀ါဒ စကားပြောသူတွေက အလိုက်တသိ လိုရင်းတိုရှင်း ပြောမှသာ အဆင်ပြေတယ်။
မင်္ဂလာသြ၀ါဒစကား ပြောကြားပြီးရင်တော့ အခမ်းအနားက ပြီးသလောက်ပါပဲ။ မင်္ဂလာ အခမ်းအနားမှူးက မင်္ဂလာ ဧည့်ခံပွဲနဲ့ပတ်သက်ပြီး ကာယကံရှင်များကိုယ်စား ကျေးဇူးတင်စကားပြောပြီး အခမ်းအနားကို သိမ်းတယ်။ အချို့က ရွှေမိုးငွေမိုးရွာတယ် ဆိုတာမျိုးလုပ်တယ်။ ပိုက်ဆံကြဲတာပါပဲ။ အပျော်သဘော လုကြ ကောက်ယူကြတယ်။ အချို့ကတော့ ရောင်စုံစက္ကူ ကြဲတယ်။ အဆင်သင့် ၀ယ်ယူလို့ရတဲ့ ဗြောက်နဲ့တွဲထားတဲ့ ရောင်စုံစက္ကူ ကျည်တောက်ကို ဖုန်းထိုင်းမြည်အောင် ဖောက်လိုက်တဲ့အခါ ရောင်စုံစက္ကူ တွေ ခန်းမအနှံ့ ပြန့်ကြဲသွားပါတယ်။ ရွှေရောင် ငွေရောင် အနီ အ၀ါ အပြာ အစိမ်း စတဲ့ ရောင်စုံစက္ကူတွေ လေမှာ တလွင့်လွင့်ဝဲလွင့်ပျံနေတာ လှပပါတယ်။
ရှေးယခင်ကတော့ မင်္ဂလာ မောင်နှံအပေါ်ကို ဆန် ပန်း ပေါက်ပေါက်တွေ ကြဲချ လေ့ရှိကြတယ်။ အနောက်တိုင်းမှာတော့ ဆန်စေ့ ဂျုံစေ့ စတဲ့ အစေ့အဆန်တွေကို ကြဲချတယ်။ မကောင်းဆိုးဝါးများ အန္တရာယ်က ကင်းစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကြတာ ဖြစ်ပါတယ်။ အချို့ကလည်း ကြက်သရေ မင်္ဂလာ ရှိအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။
မြန်မာတွေဟာ တရုတ်၊ ကုလားတွေနဲ့ ရောနှောနေထိုင်ရင်း ယဉ်ကျေးမှုတွေ ကူးလူးတာလည်း ရှိတယ်။ ခရစ်ယာန် ဟိန္ဒူ မွတ်ဆလင်များရဲ့ မင်္ဂလာဓလေ့တွေထဲက ကောင်းနိုးရာရာကို လက်ခံရယူတာလည်း ရှိတယ်။
ရှေးက မြန်မာတွေကတော့ ပုဆိုးတန်းတင် အကြင်လင်မယား ဖြစ်တယ်လို့ ဆိုတယ်။ သတို့သမီးရဲ့ အိပ်ခန်းကတန်းမှာ သတို့သားရဲ့ ပုဆိုးတင်ရုံနဲ့ ပုဆိုးတန်းတင် ထိမ်းမြားခြင်း အထမြောက်တယ်။ ကာလအလျောက် အမျိုးမျိုးချဲ့ကြသူတွေလည်း ရှိတယ်။ သူ့အိုးနဲ့သူ့ဆန် တန်ရုံဆိုရင် မပင်ပန်းကြပေမယ့် မရှိ ရှိတာ ရှာဖွေဆောင်နှင်းရတဲ့ မင်္ဂလာဆောင်တွေကတော့ ချဲ့ရင် ချဲ့သလောက် ငွေကုန်ကြေးကျဒဏ်ကို မင်္ဂလာမောင်နှံက ခံကြရတာ ဖြစ်ပါတယ်။
ကျော်ရင်မြင့်
lutawlupyaw
No comments:
Post a Comment