" Facebook's ပေါင်ချိန် လူကြီးမင်း "
ယနေ့ ရာသီဥတုပူ၍ အပြင်မထွက်ဖြစ်။ အိမ်တွင်းအောင်း၍ စာဖတ်နေစဉ် သူငယ်ချင်းမှ ဖုန်းဆက်ကာ FB အကောင့် တခုလောက် လိုချင်ကြောင်းပြော၏။ မြန်မြန်ဖောက်ပေးပါလို့လဲ ဆိုသည်။ ကျွန်တော့်မှာ ယခုတွင် ဖောက်၍မရနိုင်၊ စိတ်ပေါက်မှ လိပ်လောက်သွားသည့် အင်တာနက်နှင့်ဖောက်၍ မရ၊ ထို့ကြောင့် ညမှ ဖောက်ပေးမည်ဟုပြောရသည်။ ထိုနှင့်မရပ် သူက အထွန့်တက်သည်။ တယ်လီနောနှင့် မရလျှင် MPT နှင့် ရနိုင်သည်ဟုဆိုသည်။ မဖြစ်နိုင် ။ “ရှေ့သို့လှမ်းချီ MPT” မှာ သူ၏အ၀ိုင်းသာ ရှေ့သို့သာ လည်ပြီးနောက်သို့ မလည်သောကြောင့် ဖြစ်မည်။ သူ့အ၀ိုင်းမှာ ဘယ်တော့မှမရပ်။ တရပ်စပ် ရှေ့သို့သာ လည်နေသည့် အကြောင်းကိုပြောပြရပြန်သည်။
ထို့နောက် စကားမဆက်တော့ပဲ အခြားအကြောင်းရာကို ရောက်သွားကာ ခနပြောပြီး ဖုန်းချသွားသည်။ သိပ်မကြာချေ။ နောက်တစ် သူငယ်ချင်းတစ်ယောက်မှ ဖုန်းဆက်ပြန်သည်။ သူလည်း Facebook အကောင့် လိုချင်ကြောင်းပြောသည်။ သြော်..အေး။ နောက်နေ့ဖောက်ပေးမည်ဟု လွယ်လွယ်ကတိပြုလိုက်သည်။ Facebook အကောင့် ဖောက်သည်မှာ ဘာမှမခက်ခဲ။ အင်တာနက် Speed ကောင်းနေရန်သာလိုသည်။ ငါအားတာနဲ့ ဖောက်ပေးမည်ဟု ပြောရသည်။ အပြင်မှာဆိုလျှင် အချို့ဆိုင်များသည် “ကမ္ဘာကြီးနဲ့ဆက်သွယ်ရန် FB အကောင့် ၃၀၀၀ ဖြင့် ရောင်းသည်” ဆိုသည်များ တွေ့ဖူးသည်။ မိမိမှာဖြင့် ကိုယ့်သူငယ်ချင်းများ ၃၀၀၀ သက်သာလဲ သက်သာပါစေတော့လေဟူသည့် အတွေးဖြင့် ဖောက်ပေးမည်ဟု ဆိုခဲ့သည်။ သူတို့လဲကမ္ဘာကြီးနဲ့ ဆက်သွယ်ချင်ရှာပေမည်။ ဇွန်ကြီးတို့၊ ဇာဇာထက်တို့ up to date တင်သမျှကို မြင်ချင်ကြရှာပေမည်ဟု တွေးဆ ကိုယ်ချင်းစာမိသည်။
ထိုသူနှင့် ဖုန်းပြောပြီး သိပ်မကြာ နောက်တစ်ယောက်ကလဲ သူ့ကိုပါ Facebook အကောင့် ဖောက်ပေးပါဟု ဆက်လာပြန်သည်။ ဟာ..။ ဒီနေ့ ဘာဖြစ်နေကြတာလဲ ဖေ့ဘွတ်အကောင့်တွေ တစ်ယောက်ပြီး တစ်ယောက် ဖောက်ခိုင်းနေကြတယ်။ ဘာဖြစ်လို့လဲဟု သိချင်စိတ်ဖြင့် မေးမိသည်။ သူတို့ ပြောကြသည်မှာ အဖြေကတစ်ခုတည်း ဖြစ်သည်။ ထိုသည်မှာ Facebook က လွှတ်တော် မင်းသားကြီး တဖြစ်လဲ ဘူးလက် လှဆွေအပ်ထားမလို့၊ Follow လုပ်မလို့ဟု ဆိုကြသည်။ ဘာကြောင့်လဲ ကျွန်တော်မေးမိသည်။ သူတို့မှ အကြောင်းစုံပြောပြကြသည်။ သူတို့ ပြောပြတော့လည်း ဟုတ်သလိုလို၊ အဓိပ္ပာယ်ရှိသလိုလို ထင်ရသည်။ သူတို့ ပြောပြသည်မှာ..
အစိုးရရဲ့ သက်ဆိုင်ရာ ဌာနအသီးသီးက အောက်ခြေ၀န်ထမ်းတွေက ပြည်သူတွေကို နှိပ်စက်လျှင်၊ ညစ်ပတ်လျှင် ဦးလှဆွေဆီ တိုင်လို့ရသည်ဟု ဆိုကြသည်။ ဦးလှဆွေက တကယ့်အဖြစ်မှန်၊ ညစ်ပတ်ခံရသည်လဘ်ပေးရသည့် အဖြစ်မှန်ဆိုလျှင် သက်ဆိုင်ရာကို ထိထိရောက်ရောက် ပြောပေးသည်ဟု ဆိုကြသည်။ ထို့ပြင် ထပ်ပြောသေးသည်။ ဟိုတစ်နေ့က ဦးလှဆွေထံ မှတ်ပုံတင်ကိစ္စ ပေးပို့သူတစ်ယောက်ဆိုလျှင် ဒီနေ့ 7 Days တွင် ထိုသတင်းပါလာပြီဟုဆိုသည်။ ဒါကြောင့် ဦးလှဆွေနဲ့ မိတ်ဆွေဖြစ်ထားလျှင် မိမိ မတရားခံရသမျှ၊ညစ်ပတ် ခံရသမျှ၊ မတရားဘူး ထင်သမျှ ကို တိုင်ကြားနိုင်မည်ဟုဆိုသည်။ “သက်ဆိုင်ရာ ရပ်ကွက်လူကြီးတွေ ရှိတာပဲ” ဟု ကျွန်တော်က ပြောလိုက်သည်။ သူတို့က သဘောမတွေ့ကျ။ သက်ဆိုင်ရာ ရပ်ကွက်လူကြီးကနေ ဥက္ကဌ၊ ဥက္ကဌကနေ မြို့နယ်မှူး စသဖြင့် တစ်ဆင့်တစ်ဆင့် သွားနေလျှင် အစိုးရသက်တမ်းတစ်ခုသာပြောင်းသွားမည် မိမိပြဿနာအား ထိရောက်သော ဖြေရှင်းမှု လုပ်ပေးမည်မဟုတ်ဟု ဆိုသည်။ ဦးလှဆွေကိုတိုင်ရင် တကယ်သာ မှန်ကန်ပါစေ၊ တစ်ပတ်အတွင်း၊ ခဏအတွင်း မိမိပြဿနာ ကို ဂရုစိုက်၊ ဂျာနယ်ထဲပါ၊ အရေးယူမှုတွေ လုပ်ပေးနိုင်သည်ဟု ဆိုသည်။ ဟုတ်တော့လည်း ဟုတ်သည်။
မိမိရှေ့တွင် မျက်မြင်ပင် အစိုးရ သက်ဆိုင်ရာဌာနအသီးသီးမှာ ဦးလှဆွေဆီက လာမှ အမှု၊ ပြဿနာ ဟု ယူဆကြဟန်တူသည်။ ထိုကိစ္စများသာ လျင်လျင်မြန်မြန် ထိထိရောက်ရောက် ဆောင်ရွက်သည်။ ဆင့်ကဲသွားနေလို့ကတော့ သူတို့ ပြောသလို အစိုးရ သက်တမ်းတစ်ခုသာကုန်သွားမည် ဘာမှ ဖြစ်မလာ။ အောက်ခြေတွင်သာ ကိစ္စက ဖော့သွားသည်။ ပျက်သွားသည်။ ဤကား မြန်မာပြည်တွင် အသားကျနေသည့် ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်နေသည်။
၎င်းတို့၏ ခံစားချက် အသီးသီး ရည်ရွယ်ချက် အသီးသီးကိုသိရတော့ Facebook အကောင့်ကို အမြန်ဖောက်ပေးဖို့ သဘောတူဆုံးဖြတ်မိသည်။ ထို့အတူ ရွာက သာအေးတို့၊ မိခွေးတို့အတွက်လည်း ဖောက်ပေးရမည်ဟု တွေးမိသည်။ ဟိုတစ်ခါ ရွာပြန်တော့ သူတို့လည်း ရွာမှာ Viber ရသည်ဟု ဆိုသည်။ ဒါဆို အင်တာနက်ရသည်ပေါ့။ သူတို့ကို ဖောက်ပေးထားလျှင် ရွာဘက်တွေမှာ
ကျေးရွာဥက္ကဌက မြန်မာစကားမပြောတတ်တဲ့ ကုလားတွေကို မြေနေရာ ရောင်းစားနေတာတွေ၊ ထိုင်းဘက်မှာ အလုပ်ရမည်ဆိုပြီး ရွာလုံးကျွတ်နီးပါး အရွယ်ကောင်းလေးတွေကို ခေါ်ပြီး တစ်ယောက်စ နှစ်ယောက်စကလွဲလို့ ကျန်တဲ့သူတွေနဲ့ အဆက်အသွယ်မရတော့ဖြစ်ကာ အလိမ်ခံပြီး လူကုန်ကူးခံနေရတာတွေကို ပေါင်ချိန် ဦးလှဆွေကို တိုင်နိုင်လိမ့်မည်ဟု တွေးမိသည်။
ယခုမှ တဆက်တည်း သတိရမိသည်။ ကျွန်တော် Army Run မရတာ နှစ်ဝက်လောက်ရှိပြီ။ တွဲဖက်
တာဝန်ထမ်းဆောင်သည့်တပ် မေးတော့လဲ တွဲဖက်မို့ မပေးဟုဆိုသည်။ မိခင်တပ်ကို ဆက်သွယ်တော့လည်း မင်းက တို့တပ်မှာ တာဝန်ထမ်းဆောင်နေတာမှ မဟုတ်တာ မပေးဟု ဆိုပြန်သည်။ ထို့ကြောင့် မိမိ၏ Army Run စကေး ပျောက်နေသည်။ ဤအကြောင်းအား Facebook ‘s ပေါင်ချိန် လူကြီးမင်း ဦးလှဆွေအား လျှောက်ထား တိုင်တန်းရပေအုံးမည်။
ဦးစစ်မင်း Facebook
Oppositeye myanmar
lutawlupyaw
No comments:
Post a Comment