Friday, August 21, 2015

"တစ်ယောက်မျက်လုံးကနေ တစ်ယောက်မြင်နိုင်ပြီး စိတ်ခံစားချက်၊ အတွေ့အထိတွေကို မျှဝေခံစားနိုင်တဲ့ ခေါင်းချင်းဆက် အမြွှာညီအစ်မ"


"တစ်ယောက်မျက်လုံးကနေ တစ်ယောက်မြင်နိုင်ပြီး စိတ်ခံစားချက်၊ အတွေ့အထိတွေကို မျှဝေခံစားနိုင်တဲ့ ခေါင်းချင်းဆက် အမြွှာညီအစ်မ"

ဦးခေါင်းရိုးနဲ့ ဦးနှောက်ပါ ဆက်နေတဲ့ အမြွှာညီအစ်မဟာ ဆရာဝန်တွေရဲ့ ခန့်မှန်းချက်တွေကို လွန်ဆန်ပြီး အခုအခါ လမ်းလျှောက်တတ်၊ စကားပြောတတ်ပြီး တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံနေတတ်ပြီလို့ သိရပါတယ်။

Tatiana နဲ့ Krista Hogan ဆိုသူ အသက် ခုနှစ်နှစ်အရွယ် ညီအစ်မနှစ်ယောက်ဟာ မွေးကတည်းက ဆရာဝန်တွေက အသက်မရှင်လောက်ဘူးလို့ ခန့်မှန်းမှုကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ကနေဒါနိုင်ငံ၊ ဗာနွန်းမြို့မှာ မိသားစုနဲ့အတူ နေထိုင်လျက်ရှိတဲ့ သူမတို့ ညီအစ်မဟာ ဆရာဝန်တွေရဲ့ ထင်ကြေးကို လွန်ဆန်ပြီး အခုအခါ ပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်လျက်ရှိပါတယ်။

သူတို့ရဲ့မိခင် Felicia က ကောင်မလေးနှစ်ယောက်ဟာ ကျောင်းသွားရတာကို အလွန်နှစ်သက်သလို၊ Power Rangers ကားတွေ ကြည့်ရတာနဲ့ ကိတ်မုန့်စားရတာကို အလွန်ကြိုက်တယ်လို့ ဆိုပါတယ်။ သူတို့ ညီအစ်မနှစ်ယောက်ဟာ မောင်နှစ်မတွေဖြစ်တဲ့ Rosa, Christopher နဲ့ Shayleigh တို့နဲ့လည်း ပျော်ရွှင်စွာ ကစားတတ်ပြီး သူတို့ကြောင့် မိသားစုတစ်ခုလုံး ပျော်ရွှင်နေရတယ်လို့ ဆိုပါတယ်။

သူတို့အမြွှာနှစ်ယောက်ဟာ သူမတို့ရဲ့ အတွေးဦးနှောက်ထဲမှာတင် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်နိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် စိတ်ထဲက ကျီစယ်နေတတ်သလို ပါးစပ်က ထုတ်မပြောဘဲနဲ့ ဟာသတစ်ခုခုကိုလည်း အတူတူ ရယ်နေတတ်ကြတယ်လို့ မိသားစုက ပြောပြပါတယ်။ သူမတို့အမြွှာညီအစ်မ နှစ်ယောက်ဟာ တစ်ယောက်မျက်လုံးကနေ တစ်ယောက် ကမြင်နိုင်သလို စိတ်ခံစားချက်နဲ့ အတွေ့အထိ အာရုံတွေကိုလည်း မျှဝေခံစားနိုင်ပါတယ်။ တစ်ယောက်ကို ကလိထိုးရင် တစ်ယောက်က ရယ်တတ်ပြီး တခြားတစ်ယောက်ရဲ့ လက်နဲ့ခြေထောက်တွေကိုလည်း ကျန်တစ်ယောက်က ထိန်းချုပ်နိုင်တယ်လို့ ဆိုပါတယ်။

သူမတို့ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို ဆရာဝန်တွေ အများအပြား တအံ့တသြနားမလည်နိုင် ဖြစ်နေကြတယ်လို့ သိရပါတယ်။ သူမတို့နှစ်ယောက်ဟာ ကျောရိုး သီးခြားပါပေမယ့် ဆက်နေတဲ့ဦးနှောက်ကြောင့် ခွဲစိတ်ဖို့ကတော့ ဒီတစ်သက် ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ဦးနှောက်နှင့်အာရုံကြော ဆရာဝန် ဒေါက်တာ Douglas Cochrane က ရှင်းပြခဲ့ပါတယ်။

ye wint

Credit: Trend Myanmar

No comments:

Post a Comment