"ဖားအော်သံများ"
လယ်သမားကြီးတစ်ယောက် မြို့ပေါ်က စားသောက်ဆိုင် တစ်ဆိုင်ထဲကို ၀င်လာပြီး ဆိုင်ပိုင်ရှင်ကို ဖားခြေထောက် တစ်သန်းလောက် လိုချင်လားလို့ မေးပါတယ်။ ဆိုင်ပိုင်ရှင်လည်း အံ့သြသွားပြီး ဒီလောက်များတဲ့ ဖားခြေထောက်တွေကို ဘယ်ကရမှာလည်းလို့ မေးလိုက်ပါတယ်။ လယ်သမားကြီးက “ကျုပ်အိမ်နားက ရေကန်တစ်ကန်ထဲမှာ ဖားတွေအပြည့်ပဲ။ တစ်သန်းလောက် ရှိတယ်။ အဲဒီ အကောင်တွေ တစ်ညလုံးကို အော်ဟစ်ဆူညံနေတာ။ ကျုပ် ရူးတောင်ရူးချင်တယ်” လို့ ပြောပါတယ်။
ဒီလိုနဲ့ ဆိုင်ပိုင်ရှင်နဲ့ လယ်သမားကြီးတို့ တစ်ပတ်ကို ဖားအကောင် (၅၀၀) နှုန်းနဲ့ အရောင်းအ၀ယ်လုပ်ဖို့ သဘောတူလိုက်ကြပါတယ်။
ပထမဆုံးအပတ်မှာပဲ လယ်သမားကြီးက ဖားပိန်လေး (၂) ကောင်ကို ကိုင်ရင်း ရှက်တက်တက် မျက်နှာပေးနဲ့ စားသောက်ဆိုင်ကို ပြန်ရောက်လာပါတယ်။ ဆိုင်ပိုင်ရှင်က “ခင်ဗျား... ဖားတွေရော” လို့ မေးတော့ လယ်သမားကြီးက “ကျုပ်... မှားပြောတာဗျ။ အမှန်က ကန်ထဲမှာ ဒီ (၂) ကောင်ပဲ ရှိတာ။ ဒါပေမယ့် ဒီကောင်တွေရဲ့ အသံက တော်တော့ကို ဆူတာပဲဗျာ” လို့ ပြန်ပြောလိုက်ပါတယ်။
နောက်တစ်ခါ တစ်စုံတစ်ယောက်က သင့်ကို ဝေဖန်ရှုံ့ချတာ၊ လှောင်ပြောင်သရော်တာ ကြုံတိုင်း ဒါဟာ သံသေးသံကြောင်နဲ့ အော်နေတဲ့ ဖား (၂) ကောင်ပဲ ဖြစ်တယ်ဆိုတာ သတိရလိုက်ပါ။ ပြဿနာတွေဟာ အမှောင်ထဲမှာ (ရှင်းရှင်းလင်းလင်း မသိရခင်မှာ) ပိုပြီး ကြီးမားသယောင် ဖြစ်နေတတ်တာကိုလည်း မမေ့ပါနဲ့။ ဖားအကောင် (၁) သန်းလောက်ရဲ့ အော်သံတွေလို ကိုယ့်ကို လွှမ်းမိုးဖိစီးနေတဲ့ အရာတွေအတွက် အိပ်ယာထဲမှာ စိတ်ပူပန်မှုကြီးစွာ ဖြတ်သန်းရတဲ့ ညတွေ ကြုံဖူးပါသလား။ တကယ်တော့ နောက်တနေ့ မနက်ရောက်လို့ ပြဿနာကို သေချာဆန်းစစ်ကြည့်တဲ့အခါ ကိုယ်ပူပန် တုန်လှုပ်နေတဲ့ကိစ္စ ဘယ်လောက် သေးငယ်သလဲဆိုတာကို တအံ့တသြ တွေ့ရဖို့များပါတယ်။
ကျွန်တော်တသက်မှာလည်း ဖားအော်သံတွေကြောင့် ဆုံးရှုံးခဲ့တဲ့ ညအိပ်ချိန်တွေ၊ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတဲ့ နေ့ခင်းအချိန်တွေ မနည်းလှတော့ပါဘူး။ အမှောင်ထဲက ဖားအော်သံတွေကို လိုတာထက် ပိုဂရုစိုက်တတ်တဲ့ ကျွန်တော့်အကျင့်ကို ပြင်ရဦးမယ်လို့ ကိုယ့်ကိုကိုယ် ဆုံးမရင်း အားလုံးလည်း အပြုသဘောမဆောင်တဲ့ ဖားအော်သံတွေနဲ့ ဝေးနိုင်သမျှဝေးပြီး ငြိမ်းချမ်းကြပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။
Credit: ဖြိုးဇာနည်
No comments:
Post a Comment