Monday, August 31, 2015

"တစ်နေ့ကို ငါးနာရီကြာ တီဗီ ထိုင်ကြည့်ခြင်းက အဆုတ်သွေးကြောပိတ်ရောဂါ ဖြစ်နိုင်ခြေ များပြား"


"တစ်နေ့ကို ငါးနာရီကြာ တီဗီ ထိုင်ကြည့်ခြင်းက အဆုတ်သွေးကြောပိတ်ရောဂါ ဖြစ်နိုင်ခြေ များပြား"
 
တစ်နေ့ကို ပျှမ်းမျှ ငါးနာရီနဲ့ ငါးနာရီအထက် တီဗီထိုင်ကြည့်ခြင်းက အသက်အန္တရာယ်စိုးရိမ်ရတဲ့ အဆုတ်သွေးကြောပိတ်ရောဂါ ဖြစ်နိုင်ခြေ များတယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံ၊ အိုဆာကာတက္ကသိုလ်က သုတေသန ပညာရှင်တွေဟာ လူပေါင်း ၈၆၀၀၀ ကို ၁၈ နှစ်ကြာ လေ့လာခဲ့ပြီးနောက် တီဗီကြည့်သူတွေဟာ မကြာခဏ မတ်တပ်ထရပ်ပေးသင့်ပြီး သွေးခဲမှု မဖြစ်နိုင်အောင်လို့ ရေသောက်ပေးဖို့ လိုအပ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

အဆုတ်သွေးကြောပိတ်ခြင်းဆိုတာ နှလုံးကနေ အဆုတ်ဆီကို သွေးသယ်ပို့ပေးတဲ့ အဆုတ်သွေးလွှတ်ကြောအတွင်းမှာ သွေးခဲပိတ်ဆို့မှု ဖြစ်တာဖြစ်ပြီး ဗြိတိန်တစ်နိုင်ငံတည်းမှာတင် နှစ်စဉ် လူပေါင်း ၆၀၀၀၀ အထိ ဒီရောဂါကြောင့် သေဆုံးနေရပါတယ်။ တစ်နေ့ကို ငါးနာရီနဲ့အထက် တီဗီကြည့်သူတွေဟာ အဆုတ်သွေးကြောပိတ်နိုင်ခြေ နှစ်ဆကျော် ပိုများပြီး အသက် ၄၀ နဲ့ ၅၉ နှစ်အကြား လူကြီးတွေမှာဆိုရင် ရောဂါဖြစ်နိုင်ခြေ ပိုမို များပြားကြောင်း သိရှိရပါတယ်။

တီဗီကြည့်ချိန်မှာ ခဏနားပေးခြင်း၊ မတ်တပ်ထရပ်ပေးခြင်း၊ တီဗီကြည့်နေရင်းနဲ့ လမ်းလျှောက်ပေးခြင်း အပြင် ရေဓာတ်ခန်းခြောက်မှု ကာကွယ်ဖို့အတွက် ရေသောက်ပေးခြင်း စတဲ့ အပြူအမူတွေအတိုင်း လိုက်နာသင့်တယ်လို့ သုတေသန ပညာရှင်တွေက သတိပေး ထုတ်ပြန်ခဲ့ပါတယ်။  အဆုတ်သွေးကြောပိတ်ရောဂါ ဖြစ်ပွားရခြင်းရဲ့ လူသိများတဲ့အကြောင်းရင်းဟာ လေယာဉ်နဲ့ ခရီးဝေးပျံသန်းမှုကြောင့် ဖြစ်ပေမယ့်  လူတွေဟာ လေယာဉ်စီးတာထက် တီဗီကြည့်တာကို ပုံမှန်ပြုလုပ်လေ့ ပိုမိုရှိတာမို့ သတိထားသင့်ကြောင်း အိုဆာကာတက္ကသိုလ် လူထုဆေးပညာဌာနက ယခုလေ့လာမှုကို ဦးဆောင်ခဲ့သူ ဒေါက်တာ Toru Shirakawa က ပြောကြားခဲ့ပါတယ်။

ye wint

Credit: Trend Myanmar

No comments:

Post a Comment