Monday, August 24, 2015

“တောင်ပြုံးပွဲလည်းနွှဲကြ အနော်ရထာမင်းကြီးလည်း အားနာကြ”


“တောင်ပြုံးပွဲလည်းနွှဲကြ အနော်ရထာမင်းကြီးလည်း အားနာကြ”

မနေ့က နေ့လည်ပိုင်းလောက်မှာ ဆိုင်မှာအမြဲတမ်း အထည်လုပ်နေကြ အသိတစ်ယောက် သူ့ရွှေထည်လေး ပြန်လာရောင်းတယ်။ လူချင်းလည်း ရင်းနှီးနေတော့ ကျွန်တော်က မ၀င်းမေ ဘာအတွက်များ ငွေလိုနေလို့တုန်းမေးတော့ “တောင်းပြုံးပွဲသွားဖို့ ငွေလိုလို့ပါ ငါ့မောင်ရယ် ဒီနှစ်လုပ်ငန်းကိုင်ငန်းကလည်း သိပ်မကောင်းတော့ အဆင်မပြေပါဘူး လို့ ပြန်ဖြေပါတယ်။ ဒါနဲ့ ကျွန်တော်ကလည်း မ၀င်းမေရယ် တောင်းပြုံးပွဲ သွားဖို့အတွက်နဲ့များ ရွှေရောင်းနေရသေးတယ်။ အဆင်မပြေလည်း မသွားနဲ့ပေါ့ဗျာလို့ ပြောလိုက်တော့ “အောင်းမလေး နှစ်စဉ်သွားပြီး ဆက်သနေတာတောင် ဒီလိုအဆင်မပြေဖြစ်နေတာ မသွားရင် ဒီထက် ပိုဆိုးသွားမှာပေါ့။ မိဘတွေလက်ထက်ကတည်းက နှစ်စဉ် သွားနေကြဆိုတော့ မသွားလို့မဖြစ်ဘူးတဲ့” . . .။ ကျွန်တော့်မှာ ဘာပြန်ပြောရမှန်းမသိအောင် ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ် .. . တောင်ပြုန်းပွဲနဲ့ ပတ်သက်ပြီးတော့လည်း ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်ကို ကိုးကွယ်ပါတယ်ဆိုတဲ့ ကိုယ့်နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ချိန်ထိုး စဉ်းစားစရာ အတွေးတွေ တသီချည်း ပေါ်လာခဲ့ရတယ်။

တောင်ပြုန်းပွဲကို မ၀င်းမေလို တစ်နိုင်ငံလုံးမှ လာရောက်ဆင်နွှဲသူဟာ တနှစ်တနှစ် ငါသိန်းအထက်မှာ ရှိတယ်လို့ သိရပါတယ်။ လူတစ်ယောက်ကို ပျမ်းမျှကုန်ကျစရိတ် စရိတ် ကျပ် ၂ သောင်း ကုန်ကျတယ်ဆိုရင် လူဦးရေငါးသိန်းဆိုရင် ကျပ်သန်းပေါင်း တစ်သောင်းလောက်က အနည်းဆုံး စရိတ်အဖြစ် သုံးလိုက်သလိုပါပဲလားလို့ တွက်မိတော့ တောင်ပြုန်းပွဲ တစ်ပွဲအတွက် သုံးလိုက်ကြတဲ့ငွေပမာဏအပေါ် တော်တော်လေး ကြက်သီးထသွားတယ်။ အေးလေ ကိုယ်ယုံကြည်ရာ ကိုယ့်ယုံကြည်မှုအတွက် လုပ်ကြတာပဲလို့ စိတ်ထဲ တွေးဖြစ်လိုက်တယ်။

အဲဒီအတွေးနဲ့အတူ တစ်ဆက်တည်း ခေါင်းထဲဝင်လာတဲ့ သတင်းတစ်ခုက စောင့်ရှောက်သူမရှိတဲ့ အသက် ၇၈ နှစ်အရွယ် အငြိမ်းစား ကျောင်းဆရာမကြီးနဲ့ အသက် ၈၀ အရွယ် အငြိမ်းစား ဗိုလ်ကြီး မောင်နှမနှစ်ယောက် သတင်းလေးပါ။ အသက် ၇၈ နှစ်အဘွားအိုက လေဖြတ်ထားသလို မျက်စေ့လည်းမမြင်ရှာဘူး။ အစ်ကိုဖြစ်သူ သေဆုံးသွားတော့ အဘွားအိုဟာ အစ်ကိုဖြစ်သူအလောင်းဘေးမှာပဲ ခွေခွေလေး အဟာရပြတ်လဲကျနေခဲ့တယ်။ အနံ့ထွက်လာလို့ ဘေးပတ်ဝန်းကျင်က ကြည့်တော့မှ အဲ့ဒီအဖြစ်ကို သိကြရတာ။ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာကလာပြီး အဘွားအိုကို ပြုစုစောင့်ရှောက်လိုက်တဲ့အတွက် အဘွားအိုဟာ အဟာရပြတ်သေအံ့ဆဲဆဲ အခြေအနေကနေ လွတ်မြောက်ခဲ့ရတယ်တဲ့။ ဒီလိုပဲ မြောင်းမြမှာ ဆေးကုသစရိတ်မရှိလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့အဖြစ်ကလည်း ရှိခဲ့သေးတယ်လေ။ ဒီဖြစ်ရပ်တွေဟာ နိုင်ငံအနှံ့ ဘယ်လောက်ဖြစ်နေကြသလဲ။ အဲ့ဒီလို အကူအညီမဲ့နေတဲ့လူပေါင်း ဘယ်လောက်များနေသလဲ။

ကျွန်တော်တို့နိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည့်တဲ့နိုင်ငံဖြစ်ပေမယ့် ဘာသာတရား၊ နောက် ကိုးကွယ်ယုံကြည်မှုနဲ့ပတ်သတ်ပြီး လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ပြုထားသော နိုင်ငံဖြစ်လို့ ကျွန်တော်အနေနဲ့လည်း ဘာမှပြောစရာ ဝေဖန်စရာမရှိပါ။ ဒါပေမယ့် မ၀င်းမေပြောသလို မရှိတဲ့ကြားက သွားကိုသွားမှ ရမယ်ဆိုတဲ့အသိ ယုံကြည်မှုလွန်ကဲတဲ့ အခြေအနေကိုတော့ သတိချပ် စဉ်းစားတာ ပိုကောင်းမယ်လို့ သုံးသပ်မိပါတယ်။

ကျွန်တော်တို့အားလုံး ကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်က သေရည်အရက်
သောက်တာ မကောင်းဘူးဆိုပြီး ဟောကြား တားမြစ်ထားတယ်။ အခုက သေရည်သောက်နေတဲ့ နတ်တွေကို ကိုက သွားကိုးကွယ် ပူဇော်ပသနေတယ်။ ဒီတစ်ချက်နဲ့တင် တော်တော်လေး လုံလောက်နေပါပြီ။ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်ကို ကိုးကွယ်ယုံကြည်ပါတယ်ဆိုတဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ စဉ်းစားကြည့်ဖို့ လိုမယ်ထင်ပါတယ်။ ထိုကဲ့သို့ အခြားနတ်များ၊ ဘိုးတော်ဝိဇ္ဇာတွေကို ကိုးကွယ်ခြင်းဟာ သရဏဂုံ ပျက်တယ်လို့လည်း ဆရာတော်ဘုရားများက ဟောကြား တားမြစ်ထားပါတယ်။

တောင်းပြုံးပွဲသွားလို့ ကုန်ကျမယ့်ငွေတွေကို ဘာသာ သာသနာအတွက်၊ လူမူရေး ပရဟိတလုပ်ငန်းတွေ အကူညီလိုအပ်နေတဲ့သူတွေ၊ ဘုရားကျောင်းကန်တွေကို လှူတန်းရင် ဘုရားဟောနဲ့လည်းညီ ကိုယ့်အတွက်လည်း ဒါနဆိုတာ ပါသွားမှာပဲ။ မဖြစ်မနေ တောင်ပြုံးသွားသလို မဖြစ်မနေ သီလဆောက်တည်ရင် သီလလည်းထပ်ရသွားမှာပဲ။ ဆိုလိုတာက အသုံးတည့်စေချင်တာပါ။ အဟာရပြတ်လပ်တဲ့သူ၊ ဆေးမကုနိုင်တဲ့သူတွေကို လှူလိုက်ရတဲ့ ကုသိုလ်ဟာ ဘယ်လောက်များလိုက်မလဲဆိုပြီး တွေးကြည့်စေချင်ရုံလေးပါ။

မြန်မာနိုင်ငံမှာ ငတ်သေတဲ့မသာမရှိပါဘူးလို့ ပြောနေကြပေမယ့် ဆေးကုသစရိတ် မတက်နိုင်လို့၊ အိမ်လခစရိတ်၊ အစားအသောက်စရိတ်တွေ မတက်နိုင်လို့ ကိုယ့်ကိုကိုယ်သတ်သေတဲ့ မသာတွေကတော့ ရှိနေပါပြီ။ ဆင်းရဲမွဲတေလို့ ကျောင်းမတက်နိုင်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး အလုပ်လုပ်နေရတဲ့
ကလေးလုပ်သားတွေ၊ စစ်ဘေးကြောင့် အခုချိန်ထိ အိမ်မပြန်နိုင်သေးပဲ ဒုက္ခသည်စခန်းမှာ ဒုက္ခရောက်နေတဲ့ တိုင်းရင်းသားမောင်နှတွေ၊ မိဘမဲ့ ပရဟိတကျောင်းတွေ၊ နေဖို့ကျောတခင်းစာ၊ အသက်ရှင်ဖို့အတွက် ထမင်းတလုပ်စားရဖို့ ပင်ပန်းဆင်းရဲကြီးစွာ လှုပ်ရှား ရုန်းကန်နေရတဲ့ ပြည်သူတွေ အများကြီးပါ။

ယခု တောင်ပြုံးပွဲသွားကြတဲ့သူတွေ အိမ်ကဘုရားကို မနက်တိုင်း ရှိခိုးဖြစ် ဆွမ်းတော်တင်ဖြစ်သလား . . . အိမ်ရှေ့နေ့စဉ်ကြွတဲ့ သံဃာတော်တွေကို နေ့တိုင်း ဆွမ်းလောင်းဖြစ်လား တွေးကြည့်မိပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေဟာ တနင်္ဂနွေနေ့တိုင်း ချက်စ်ကျောင်း တက်ကြပါတယ်။ အစ္စလာမ်ဘာသာဝင်တွေဟာ သောကြာနေတိုင်း ဗလီတက်ကြပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသ၀င်တွေက အခု ၀ါတွင်းသုံးလတောင် ဥပုဒ်နေ့တိုင်း ဥပုဒ်စောင့်ကြသလားဆိုတာ နှိုင်းယှဉ်စဉ်းစားစေချင်ပါတယ်။ အမျိုးဘာသာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုပြီး ကြွေးကြော်ကာ မရောင်ရာဆီလူး တလွဲဆံပင်ကောင်းနေရင် အနာဂတ် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအတွက် ရင်လေးစရာပဲဖြစ်ပါတယ်။

တောင်ပြုံးပွဲသွားတဲ့ ကားတွေမှာ သာသနာအလံတပ်ထားတာတွေ၊ ဆရာတော်သံဃာတော်များက ကားခေါင်းခန်းမှာ မိန့်မိန့်ကြီးထိုင် ဒကာ၊ ဒကာမတွေကို တင်ပြီး တောင်ပြုံးနတ်ပွဲ သွားနေကြတာတွေဟာ ထေရ၀ါဒအမြင်နဲ့ကြည့်ရင် အင်မတန် အကြည့်ရဆိုးတဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။

နတ်ကိုယုံကြည်ကိုးကွယ်တဲ့ လူတွေကိုကြည့်ရင် အလိုကြီးသူ၊ အကြောက်ကြီးသူ၊ စဉ်းစားဆင်ခြင်ဥာဏ်နည်းပါးသူတွေ များပါတယ်။ အထက်ပါ လူတန်းစားများကို အခြေခံထား၍ နတ်များ၊ နတ်ကတော်များ ကြီးထွား ရှင်သန်နေကြတာပါ။ တောင်ပြုံးနတ်ပွဲမှာ ရွှေဖျင်းကြီး ရွှေဖျင်းလေး နတ်ညီနောင်ရဲ့ အုတ်၂ ချပ်လပ် ဘုရားရဲ့ ဂေါပကအဖွဲ့မှာ ပါတဲ့ လူတယောက်က . . . သူ့မှာ သားသမီး ၆ ယောက်ရှိပါတယ်တဲ့၊ တနှစ် တနှစ် တောင်ပြုံးနတ်ပွဲကနေ ရတဲ့ ၀င်ငွေက မိသားစု အားလုံး ၈ ယောက် အလုပ်လုပ်စရာ မလိုပဲ ထိုင်စားလို့ရတယ် လောက်ငှတယ်လို့ မိတ်ဆွေတစ်ယောက် ပြောပြဖူးပါတယ်။ တောင်ပြုံးနတ်ပွဲကို အကြောင်းပြပြီး ဘယ်သူတွေ အကျိုးအမြတ်ရှိသလဲဆိုတာ စဉ်းစား တွေးခေါ်ကြည့်စေချင်ပါတယ်။ တောင်ပြုံးပွဲမှာ အတို့ခံ အထိခံ အပြောခံကြ၊ ခါးပိုက်နှိက်ခံကြ၊ ၊မူးကြရူးကြ၊ ယာဉ်မတော်တဆမှုတွေဖြစ်လို့၊ ခိုက်ရန်ဖြစ်ပွားလို့ အသက်သေဆုံးရတာတွေလည်း နှစ်စဉ်ဖြစ်ပွားပါတယ်။ NGO အဖွဲ့အစည်းတွေက ကွန်းဒုံးတွေကို ထောင်ချီသောင်းချီ ဝေရတဲ့ ပွဲတော်ကြီးလည်း ဖြစ်သဗျာ။

ဒီလိုပွဲတော်ကြီးကို အစိုးရမင်းများကလည်း အားပေး ချီးမြှောက်တယ်။ မီဒီယာသမားများကလည်း တာဝန်ကျေပွန်စွာ တခမ်းတနား ဖော်ပြပေးကြပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်မှာ တရားပွဲကျင်းပဖို့အတွက် အဆင့်ဆင့် ခွင့်ပြုချက်တင်ရပါတယ်။ တရားပွဲတွေကျင်းပခွင့် အပိတ်ခံရ၊ တရားဟောဆရာတော်များ တရားဟောကြားခွင့် အပိတ်ခံရပေမယ့် နတ်ပွဲတွေကို နိုင်ငံနဲ့အ၀ှမ်း စည်စည်ကားကား ကျင်းပဖို့ အစိုးရမင်းများက အားတက်သရော အားပေးချီးမြှောက် ဆောင်ရွက်တယ်။ ပြည်သူများကလည်း အားရ၀မ်းသာ ပါဝင်ဆင်နွှဲကြပါတယ်။ အားလုံး လက်တွဲညီတဲ့ ပွဲတော်ကြီးလို့တောင် ပြောလို့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ထေရ၀ါဒဗုဒ္ဓဘာသာကို အုတ်မြစ်ချပေးခဲ့သူ သာသနာတော်ကြီး သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ပေးခဲ့သူ ကျေးဇူးရှင် အနော်ရထာမင်းကြီးရဲ့ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကြီးဟာ အခုအချိန်မှာ အရောင်မျိုးစုံ အဆိုးခံနေရတာကို ၀မ်းနည်းဖွယ်
တွေ့မြင်နေရပါတယ် . ..ဒီတောင်ပြုံးနတ်ပွဲနဲ့ ပတ်သတ်ပြီး ဒီနေ့ထိ သမိုင်းအမှန်ကို ဘယ်သူမှ မပြောနိုင်ကြသေးပါဘူး။

ကျွန်တော်ကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးအတွက် ထေရ၀ါဒလမ်းကြောင်းနဲ့ မကိုက်ညီတာလေးတွေကို စဉ်းစားတွေးခေါ်သုံးသပ်နိုင်စေဖို့ အမုန်းခံပြီး ရေးလိုက်ရပါတယ်။ တိုင်းသူပြည်သားအများစုက ဆင်းရဲတွင်း နက်နေချိန်၊ ဒုက္ခရောက်နေလို့ အကူအညီမဲ့သူတွေ များနေတဲ့အချိန် နတ်ပွဲတွေအတွက် ကျပ်သန်းပေါင်း တစ်သောင်းကျော်လောက် နှစ်တိုင်း အကုန်ခံပြီး စည်စည်ကားကား ကျင်းပနေတာတွေ မြင်တိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာပြန့်ပွားအောင် သန့်ရှင်းစင်ကြယ်အောင် လုပ်ခဲ့တဲ့ အနော်ရထာမင်းကြီးကို အားနာနေမိတယ်ဗျာ . . .

ကျော်ကြီး(MDY)

Credit: Oppositeye myanmar

No comments:

Post a Comment