Tuesday, August 18, 2015
"ကလေးများနဲ့ ဖုန်းအန္တရာယ်"
"ကလေးများနဲ့ ဖုန်းအန္တရာယ်"
တစ်နေ့မှာ အသိညီမလေးတစ်ယောက်က သူ့သမီးလေးအကြောင်းကို ပြောလာပါတယ်။ သူ့သမီးလေးက အသက် ၂ နှစ်နဲ့ ၁၁ လ၊ ၃ နှစ် ပြည့်ခါနီးပေါ့။ သမီလေး ရေခဲမုန့်စားနေတုန်း ညီမလေးက ကလေးရဲ့အကြည့် တစ်မျိုးဖြစ်နေတာကို သတိထားမိတယ်။ ဒါနဲ့ သေချာကြည့်တော့ ကလေးက ညာဘက်မျက်လုံး ခပ်စွေစွေဖြစ်နေတယ်။ ကလေးက မွေးတုန်းက မျက်လုံးကအတည့်ပဲ၊ အခုလည်း အဝေးကိုကြည့်ရင် ဘာမှမဖြစ်ပေမဲ့ အနီးကို ကြည့်တဲ့အခါ ခပ်စွေစွေဖြစ်နေတယ်။ ညီမလေးလည်း အရမ်းစိတ်ပူသွားတာနဲ့ ဆရာဝန်သွားပြပြီး အထပ်ထပ်အခါခါ စစ်ဆေးတော့မှ သိရတာက ကလေးက အနီးကိုကြည့်တဲ့အခါ အာရုံစိုက်မှု အရမ်းများနေတယ်၊ မျက်မှန်တပ်ပြီး သူငယ်အိမ်ကို တည့်ပေးရမယ်၊ အနီးအဝေးကို ပါဝါနဲ့တပ်ရပါမယ်၊ ရေချိုးချိန်နဲ့အိပ်ချိန်ပဲ ချွတ်ပါ၊ ၇ နှစ် ၈နှစ်လောက်အထိတပ်ရင် ပျောက်ကင်းမယ်၊ ဒီလိုသာမဟုတ်ရင် အသက်ကြီးတဲ့အခါ ပတ်ဝန်းကျင်က အရာဝတ္တုတွေ လူတွေကို ရုပ်လုံးကြွ (3D) ကြည့်နိုင်တဲ့အမြင် ဆုံးရှုံးသွားနိုင်ပါတယ်တဲ့။ ဒီအရွယ်ကလေးတွေရဲ့ အနီးကပ်အာရုံစိုက်မှုက အားအရမ်းများနေတာကြောင့် ဒီလိုဖြစ်တတ်တယ် လို့ ပြောပါတယ်။
ဒါကို နားထောင်ရင်းနဲ့ စာရေးသူ ခေါင်းထဲ အတွေးတစ်ချက်ဝင်သွားပါတယ်။ မိဘတွေဟာ ကိုယ့်သားသမီးတွေကို အကောင်းဆုံး၊ အတော်ဆုံး၊ အကျန်းမာဆုံးဖြစ်စေချင်တာ အမှန်ပဲ ဆိုပေမဲ့ မိဘများကိုယ်တိုင်ကပဲ မှားယွင်းတဲ့နည်းနဲ့ ကလေးရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့အချက်ပါပဲ။ ဒါကြောင့် parenting education အတွက် လိုအပ်နေတဲ့ ဒီအကြောင်းအရာကို စာရေးသူကိုယ်တိုင် ဆောင်းပါးရေးသားပြီး မိဘတွေဆီကို မျှဝေပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ကလေးတွေဟာ အရောင်တွေအပေါ်မှာ အရမ်းစိတ်ဝင်စားတတ်တာကြောင့် ဖျတ်ခနဲဖျတ်ခနဲ အရောင်တွေ မြင်ကွင်းတွေပြောင်းသွားတတ်တဲ့ smart ဖုန်းတွေ၊ tabelet တွေ computerတွေနဲ့ TV စတာတွေကို အာရုံအရမ်းစိုက်ပြီး ကြည့်လေ့ရှိကြပါတယ်။ ကလေးတွေဟာ ညအချိန်မတော်ထိ မအိပ်ပဲ နေတဲ့အခါမျိုး၊ မနက်စောစော နိုးနေတတ်တဲ့အခါမျိုးမှာ ကိုယ်က အိပ်ချင်မူးတူးဖြစ်နေတာမို့ ကလေးကို ဖုန်းပေးသုံးထားပြီး နားအေးပါးအေး နေတတ်ကြပါတယ်။ ဒါဟာ သိပ်ကို မှားယွင်းတဲ့ကိစ္စပါပဲ။ ကလေးတွေရဲ့ အာရုံစိုက်မှုဟာ အရမ်းကိုမြင့်မားတဲ့အတွက် တစ်ခုခုကိုကြည့်ရင် မျက်တောင်မခတ်တမ်း စူးစိုက် ကြည့်တတ်ကြပါတယ်။ အဲဒီအခါမှာ အမြင်အာရုံ ထိခိုက်စေတော့တာပါပဲ။ တချို့ကလေးတွေဆိုရင် နားကြပ်နဲ့ပါ တပ်ပြီး သီချင်းတွေကို ကြည့်ရှု နားထောင်တတ်တာမို့ အမြင်အာရုံသာမက အကြားအာရုံပါ ထိခိုက်နို်င်ပါတယ်။
မြို့ပြနေ မိသားစုတွေကို လေ့လာဆန်းစစ်မှုတစ်ခု လုပ်ကြည့်တဲ့အခါ ၁ နှစ်အရွယ် ကလေး ၃ ပုံ ၁ ပုံ ခန့်ဟာ ဖုန်းကို ကိုင်တွယ် သုံးစွဲတတ်နေကြပါပြီ၊။ အသက် ၂ နှစ် အရွယ်တွေကတော့ ဖုန်းခေါ်တာ၊ သီချင်းကြည့်တာ၊ ဂိမ်းအလွယ်လေးတွေ ဆော့တာအထိပါ လုပ်နိုင်နေကြပြီး တစ်ခါသုံးမိရင် နာရီပေါင်းများစွာ ကြာတဲ့အထိ စွဲစွဲလမ်းလမ်း ဖြစ်နေကြပါတယ်။ မိဘ အများစုက ကလေးတွေ ဒီလိုဖုန်းသုံးတတ်တာကို သဘောကျ ဂုဏ်ယူတတ်ကြသလို နားအေးပါးအေး နေချင်တဲ့အခါမျိုးမှာလည်း ကလေးကို ဖုန်းပေးဆော့တတ်ကြပါတယ်။ ကြာလာတော့ ကလေးဟာ ဖုန်းကိုစွဲလမ်းသွားပြီး မဆော့ရရင် ဂျီကျ ငိုယိုတဲ့အထိဖြစ်တတ်ပါတယ်။ တချို့မိဘတွေက ကလေးကို လိမ်လိမ်မာမာနေရင် ဖုန်းပေးသုံးမယ်ဆိုပြီးတော့လည်း အခွင့်အရေး တစ်ရပ်အနေနဲ့ ဆွဲဆောင်မှုပြုတတ်ကြပါသေးတယ်။
ကလေးဖြစ်စေ လူကြီးဖြစ်စေ သေးငယ်တဲ့ screen ပေါ်မှာ အာရုံစိုက်တာများလွန်းရင် ဇက်ကြောတက်၊ ခေါင်းကိုက်ပြီး မျက်စိကိုက် မျက်စိမှုန်တတ်ကြတာပါပဲ။ ဖုန်းကို အာရုံစိုက်နေသူ တစ်ယောက်ယောက်ကို ကြည့်လိုက်ပါ။ ကိုယ်နေဟန်ဟာ ကိုင်းနေပြီး မလှုပ်မယှက်နဲ့ ကျန်းမာတဲ့ပုံစံမျိုး မဟုတ်တာ တွေ့ရပါလိမ့်မယ်။ ကလေးတွေဟာ ညောင်းညာတာ ခေါင်းကိုက်တာကို လူကြီးလိုမပြောတတ်ပေမဲ့ မျက်လုံးကို ခဏခဏ ပုတ်ခတ်ပုတ်ခတ်လုပ်တာ၊ တခုခုကိုကြည့်ရင်း မျက်လုံးက အတွင်းထောင့်ကို ကပ်လာတာတွေဟာ အန္တရာယ်လက္ခဏာတွေပါပဲ။ ဒါကြောင့် မိဘတွေရော အုပ်ထိန်းသူတွေကပါ ကလေးမမြင်အောင် ဖုန်းကို ထားသင့်ပါတယ်။ ကလေးရှေ့မှာ ဖုန်းဟာ စွဲမက်ဖွယ်ရာ ကစားစရာလို မသုံးပြကြဖို့ သတိထားသင့်ပါတယ်။ ဒါ့အပြင် ဖုန်းကစားခွင့်ကို ဆုလာဘ်တစ်ခုလိုသတ်မှတ်ပြီး ကလေးစာလုပ်ပြီးရင် ကစားရမယ်ဆိုပြီးတော့လည်း မပေးသင့်ပါဘူး။
အခုချိန်မှာ သင့်ကလေးဟာ ဖုန်းကို စွဲစွဲလမ်းလမ်း ဖြစ်နေပြီဆိုရင်တော့ ဂေါ်ဇီလာအရုပ်တွေ၊ ပါဝါရိမ်းဂျားအရုပ်တွေ၊ ကားရုပ်မျိုးစုံ စတဲ့ ကစားစရာတွေ အများကြီးဝယ်ပေးပြီး အာရုံပြောင်းပေးလိုက်ကြပါလို့ အကြံပေးချင်ပါတယ်။ ကလေးကို မျက်စိအားကောင်းစေတဲ့ မုန်လာဥနီဖျော်ရည်၊ ခရမ်းချဉ်သီးဖျော်ရည် စတာတွေအပြင် ငါးကြီးဆီပါ တိုက်ကျွေးပြီး ကလေးရဲ့အမြင်အာရုံကို အမြန်ဆုံး ထိန်းသိမ်းကာကွယ်ကြဖို့ အကြံပြုလိုက်ရပါတယ်။
Credit: Yangon Life
Labels:
ကျန်းမာရေး,
ဗဟုသုတ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment