Wednesday, August 26, 2015
"ဆေးရုံ၏ မှားယွင်းမှုကြောင့် ဟွန်းဒူးရပ်စ် မိန်းကလေးတစ်ဦး အသက်ရှင်လျက် မြေမြှုပ်ခံခဲ့ရဟု မိသားစု စွပ်စွဲ"
"ဆေးရုံ၏ မှားယွင်းမှုကြောင့် ဟွန်းဒူးရပ်စ် မိန်းကလေးတစ်ဦး အသက်ရှင်လျက် မြေမြှုပ်ခံခဲ့ရဟု မိသားစု စွပ်စွဲ"
ဟွန်ဒူးရပ်စ်တွင် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကို ဆေးရုံက သေဆုံးပြီဟု မှားယွင်း ကောက်ချက်ချမှုကြောင့် အသက်ရှင်နေဆဲဖြင့် မြေမြှုပ် သင်္ဂြိုဟ်မိခဲ့ကြောင်း မိန်းကလေး၏ မိသားစုများက စွပ်စွဲ ပြောကြားလိုက်သည်။
အသက် ၁၆ နှစ်ရှိ နေဆီပီရက်ဇ်သည် ကိုယ်ဝန်ဆောင်ထားသည့် မိန်းကလေး တစ်ဦးဖြစ်ပြီး သူမကို မြှုပ်နှံထား၍ တစ်ရက်အကြာ၌ အုတ်ဂူထဲမှ အော်သံ ကြားရသောကြောင့် မိသားစုများက ဂူကို ဖြိုဖျက်ကာ အခေါင်းကို ထုတ်ယူ စစ်ဆေးခဲ့ကြသည်။
ဆွေမျိုးများက အုတ်ဂူကို ဖြိုပြီး အခေါင်းကို ဖွင့်ကြည့်ချိန်တွင် ပီရက်ဇ်မှာ လှုပ်ရှားမှု ကင်းမဲ့နေပြီ ဖြစ်သည်။ သို့သော်လည်း ခန္ဓာကိုယ်သည် ပူနွေးနေဆဲဖြစ်သလို လက်ပေါ်တွင်လည်း ကုတ်ခြစ်ထားသည့် အရာများ တွေ့ရကြောင်း သူမ၏ မိသားစုများက ပြောကြားခဲ့သည်။ ထို့အပြင် အခေါင်း၏ အပေါ်ပိုင်း မှန်အဖုံးမှာလည်း ထုရိုက်ထားသည်ဟု ယူဆရသည့် အခြေအနေကြောင့် ကွဲကြေနေသည်။
“ကျွန်တော်က သူ့သင်္ချိုင်းမြေပုံပေါ်မှာ လက်တင်မိတဲ့ အချိန်မှာ အထဲက ဆူဆူညံညံ အသံတွေ ကြားလိုက်ရတယ်” ဟု သူမ၏ ခင်ပွန်းဖြစ်သူ ရူဒီဂွန်ဇာလက်ဇ်က ပြောကြားခဲ့သည်။ ၎င်းက “ထုရိုက်တဲ့ အသံတွေ အရင်ကြားတယ်။ နောက်တော့ သူ့အသံကို ကြားမိတယ်။ သူက အော်ဟစ်ပြီး အကူအညီ တောင်းနေတာပါ” ဟုလည်း ဆိုသည်။
ပီရက်ဇ်သည် မကြာသေးမီကမှ လက်ထပ်ထားသူဖြစ်ပြီး သူမကို မြှုပ်နှံချိန်တွင် မင်္ဂလာ သတို့သမီးဝတ်စုံဖြင့် ပြင်ဆင်ပေးခဲ့သည်။ ပီရက်ဇ်သည် တစ်ညတွင် အိပ်ရာမှထပြီး ရေချိုးခန်းသို့ အသွား၌ ရုတ်တရက် လဲပြိုကျခဲ့ခြင်း ဖြစ်သည်။ သူမကို ဆေးရုံတင်ပို့ခဲ့သော်လည်း သေဆုံးနေပြီဟု ဆေးရုံက ပြောကြားခဲ့သည်။
အခေါင်းကို ပြန်ထုတ်ပြီး ပီရက်ဇ်၏ အလောင်းကို ဆေးရုံထိ ပြန်ပို့ကြသော်လည်း အလွန်နောက်ကျနေပြီဖြစ်ကြောင်း Telegraph သတင်းစာက ဖော်ပြခဲ့သည်။ ဆရာဝန်များက ပီရက်ဇ် သေဆုံးနေပြီဟု ဒုတိယအကြိမ်မြောက်အဖြစ် မိသားစုများကို အသိပေးခဲ့သည်။
ဆရာဝန်များက ပီရက်ဇ်သည် အလွန်ပြင်းထန်သည့် စိတ်တုန်လှုပ်မှု အခြေအနေ တစ်ရပ်ကြောင့် အချိန်ပိုင်း အခိုက်အတန့် တစ်ခုမျှ နှလုံးရပ်တန့်သွားခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့သည်။ ပီရက်ဇ်၏ မိခင် မာရီယာ ဂူတီရက်ဇ်က သူမ၏ သမီးသည် အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရခြင်းဟု ယူဆနေပြီး ဆရာဝန်များကို ပြစ်တင် ဝေဖန်ခဲ့သည်။
သူမက “သေပြီလို့ သိထားပြီး အချိန်ကြာမှ သူ့အသက် ရှင်နေသေးတယ်ဆိုတာကို ကျွန်မတို့ သိခဲ့တာ။ ကျွန်မတို့ အရမ်းပျော်ခဲ့မိကြတယ်။ ကျွန်မသမီးကို ပြန်ရပြီလို့ ထင်ခဲ့မိတာပါ” ဟု ဂူတီရက်ဇ်က ဝမ်းနည်းကြေကွဲစွာဖြင့် ဖွင့်ဟ ပြောဆိုသွားသည်။
_Ref: Syracuse
Credit: 7day daily
Labels:
နိုင်ငံတကာသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment