"လက်ချည်လိပ်ပြာခေါ်ပွဲ"
“သမိုင်းမသိတဲ့သူဟာ ကျောရိုးမရှိတဲ့သတ္တဝါနဲ့ အတူတူ” မို့ လာမယ့် ၂၀၁၅ ခုနှစ်သြဂုတ်လ ၃၀ ရက် တနင်္ဂနွေနေ့မှာ ကျရောက်မယ့် မြန်မာတိုင်းရင်းသားစုထဲက ကရင်လူမျိုးတို့ရဲ့ လက်ချည်လိပ်ပြာခေါ်ပွဲကို လူကြီးလူငယ်များ မိမိနိုင်ငံလူမျိုးအကြောင်း ရှင်းပြတဲ့အခါ အကြောင်းအရာတစ်ခု တိုးစေဖို့ မိတ်ဆက်ပေးပါရစေ…
လက်ချည်ပွဲဟာ ကရင်လူမျိုးခေါင်းဆောင်ကြီး ဖူးထိုမဲပါက (၇) ရက် သားသမီးများကို အကြောင်းပြုပြီး ခုနှစ်နေ့၊ ခုနှစ်နံ၊ ခုနှစ်မျိုးပါတဲ့ ပစ္စည်းများနဲ့ နောက်လိုက်ငယ်သားများ သဘာဝဘေးဒဏ်မှ ကင်းဝေးရန်၊ တစ်ဦးနဲ့တစ်ဦး လွယ်ကူစွာ မှတ်မိစေနိုင်ရန် လက်ကောက်ဝတ်မှာ ချည်ဖြူဖြင့် ဖွဲ့ထုံးခြင်းဖြင့် ၀ါခေါင်လအတွင်း အဓိဌာန်ပြုအစ လုပ်ခဲ့ရာမှ ၀ါခေါင်လ ကရင်လက်ချည်ပွဲတော်ဆိုပြီး စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါတယ်။
ယုံကြည်မှု
ရှေးထုံးတမ်းစဉ်လာအရ လက်ချည်ပေးမယ့် ပုဂ္ဂိုလ်ဟာ သီလသမာဓိရှိခြင်း၊ ရိုးသားတည်ကြည်ခြင်း၊ တရားမျှတခြင်းနဲ့ ပြည့်စုံတဲ့သူ ဖြစ်ရပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အို အဖိုးအဖွားနှင့် ကျေးရွာ၊ ရပ်ကွက် အကြီးအကဲ လူကြီးများက ဦးဆောင် ချည်ပေးရပါတယ်။
ပါဝင်ပစ္စည်း (၇) မျိုးမှာ အပ်ချည်ဖြူ၊ ရေ၊ ပန်း၊ ကြံ၊ ငှက်ပျောသီး၊ ထမင်းဆုပ်၊ ကောက်ညှင်းထုပ် တို့ ဖြစ်ပါတယ်။
(၁)အဖြူရောင်ချည်ဟာ ဖြူစင်သန့်ရှင်းခြင်း၊ ယုံကြည်မှုရှိခြင်း၊ ရန်သူကို ခွဲခြားသိနိုင်ခြင်း အဓိပ္ပါယ်ဆောင်ပါတယ်။
(၂)ရေက အေးမြကြည်လင်ခြင်း၊ သောက်သုံးရှင်သန်ခြင်း၊ စိမ်းလန်းစိုပြေခြင်း အဓိပ္ပါယ်ဆောင်ပါတယ်။
(၃) ပန်းက လှပတင့်တယ်လိုခြင်း၊ မွှေးပျံ့လန်းဆန်းလိုခြင်းကို ဆောင်ပါတယ်။
(၄) ကြံက မိမိတို့ရဲ့ အမျိုးအနွယ် အစဉ်အဆက် ဆက်လက်ရှင်သန်စေခြင်းကို ဆိုလိုပါတယ်။
(၅) ငှက်ပျောသီးက အနံ့အရသာနဲ့ ပြည့်စုံပြီး အစုလိုက် အခိုင်လိုက် ပေါင်းစည်း ထွက်ပေါ်လာခြင်းကို ဆောင်ပါတယ်။
(၆) ထမင်းဆုပ်က ထမင်းဆုပ်ကဲ့သို့ စုစည်း၊ စည်းလုံးညီညာမှုရှိခြင်း၊ အဟာရပြည့် အသက် ရှင်သန်စေခြင်းကို ဆောင်ပါတယ်။
(၇) ကောက်ညှင်းထုပ်ကို ၀ါးရွက်ဖြင့် သုံးဒေါင့်ချိုးထုပ်ရသလို ဖြောင့်မတ်ခြင်း၊ မကွဲမကွာ၊ အတူတကွစေးကပ်ခြင်းကို ဆိုလိုပါတယ်။
လက်ချည်ပွဲကို မိသားစုအလိုက်၊ ကျေးရွာအလိုက်၊ မြို့နယ်အလိုက်၊ အသင်းအဖွဲ့အလိုက် ၀ါခေါင်လပြည့်နေ့မှာ ကျင်းပကြတဲ့အပြင် ဖျားနာခြင်း သေဆုံးခြင်းနှင့် မင်္ဂလာဆောင်ခြင်းတွေမှာ အထူးပြုလုပ်ကြပါတယ်။ ယနေ့တိုင် ရှေးထုံးတမ်းစဉ်လာ ရိုးရာမပျက် ယုံကြည်စွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ကရင်လူမျိုးတို့ရဲ့ လေးစားဖွယ် မျိုးချစ်စိတ်ကို တွေ့မြင်နိုင်ပါတယ်။
ကရင်လူမျိုးများဟာ (ဘီစီ-၇၃၉ ) မှ စတင်လို့ တိဗက်ကုန်းမြေမြင့်မှ ဆင်းသက်လာပြီး ပြည်နယ်အကျယ်အဝန်းမှာ (၁၁၇၃၀) စတုရန်းမိုင် ရှိပါတယ်။ မြန်မာကရင်ကို စကောလို့ ခေါ်ပြီး မွန်ကရင်ကို ပိုးလို့ ခေါ်ကြပါတယ်။ ထို့နောက် ပိုးကရင်ထဲမှ ပအို့ဝ်ဆိုပြီး ထပ်ကွဲထွက်လာခြင်း ဖြစ်ပါတယ်။ အကြမ်းအားဖြင့် ကရင်လူမျိုးတို့ရဲ့ ရိုးရာဝတ်စုံမှာ အမျိုးသားများက ကရင်ပုဆိုးနဲ့ ကရင်သင်တိုင်းဝတ်ကာ ခေါင်းပေါင်းစ ဝတ်ထားရပြီး အမျိုးသမီးများမှာ ဂျပ်ခုတ်ကရင်ထမီ ကန့်လန့်စင်း ခေါင်းစည်းပဝါ ခါးပြတ်သင်တိုင်းကို ဝတ်ဆင်ရပါတယ်။ မြန်မာနိုင်ငံတွင် လူဦးရေအများဆုံးက ဗမာလူမျိုးများဖြစ်ပြီး ဒုတိယအများဆုံးမှာ ကရင်လူမျိုးတို့ပဲ ဖြစ်ပါတယ်။ ကယားလူမျိုးကိုလည်း တချို့က ကရင်နီလူမျိုးလို့ သိကြသေးတယ်ဆိုတာကို ဗဟုသုတအဖြင့် ရေးသားဖော်ပြပေးချင်ပါတယ်။
Credit: Yangon Life
No comments:
Post a Comment