Monday, August 3, 2015
"အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကို ဖွင့်ဟလေ့မရှိပဲ ကြောက်ရွံ့သိမ်ငယ်နေတတ်တဲ့ အရာများ"
"အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကို ဖွင့်ဟလေ့မရှိပဲ ကြောက်ရွံ့သိမ်ငယ်နေတတ်တဲ့ အရာများ"
ကိုယ်အားကိုးရတဲ့ ကိုယ့်ချစ်သူဟာ တစ်ခါတစ်လေ သူ့စိတ်ထဲ ကြောက်ရွံ့မှုတွေ၊ စိုးထိတ်မှုတွေနဲ့ ပူလောင်နေရတယ်ဆိုတာ သင်သိပါသလား။ ကိုယ့်ချစ်သူရှေ့မှာ ယောင်္ကျားလေးတစ်ယောက်ဖြစ်တာမို့ ဘာမှမကြောက်သလို၊ ဘာမှမဖြစ်သလို ဟန်ဆောင်နေကြရတဲ့ အမျိုးသားတွေဆီမှာလည်း ကြောက်ရွံ့တတ်တဲ့အရာတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့
၁။ အရင်ရည်းစားက သူ့ကို ထားသွားခဲ့ဖူးတာမို့ လက်ရှိချစ်သူလည်း သူ့ကို ပစ်သွားမှာ စိတ်ထဲ စိုးရွံ့နေတယ်။
ကိုယ်နဲ့မတိုင်ခင် အရင်တွဲခဲ့ဖူးတဲ့ ကောင်မလေးက သူ့ကို သစ္စာဖောက်သွားတာပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲစကား စပြောသွားတာမျိုးပဲဖြစ်ဖြစ် သူတို့စိတ်ထဲမှာ ဒါကို စွဲနေတတ်ပါတယ်။ အထူးသဖြင့် အဲ့ဒီကောင်မလေးကို သူက သိပ်ချစ်ခဲ့တာမျိုးဆိုရင်ပေါ့။ ဒီလိုအချိန်မျိုးမှာ လက်ရှိရည်းစားနဲ့တွေ့ပြီး သိပ်ချစ်မိနေပြီဆိုရင် သူ့တို့စိတ်ထဲ ကြောက်ရွံ့စိတ်တစ်မျိုးလည်း ရှိနေတတ်ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ချစ်သူကို လက်လွှတ်ရမလားဆိုတာပါပဲ။ အရင်လို လမ်းခွဲစကား အပြောခံရမလားဆိုတဲ့ စိတ်က တစ်ထောင့်တစ်နေရာမှာ ခိုအောင်းနေတတ်ပါတယ်။
၂။ လက်ရှိ ကိုယ့်ချစ်သူလောက် ငွေကြေး မတောင့်တင်းတဲ့အခါ သူတို့စိတ်ထဲ သိမ်ငယ်နေတတ်ပါတယ်။
ဒါကတော့ အထူးပြောစရာကို မလိုအပ်ပါဘူး။ ကိုယ့်ချစ်သူက ကိုယ့်ထက်ပို ပိုက်ဆံသုံးနိုင်တယ်။ သူ့အသိုင်းအ၀ိုင်းက ပိုချမ်းသာတယ်။ ကိုယ်က တစ်ခါတစ်လေ ပိုက်ဆံပြတ်နေတဲ့အချိန် ကောင်မလေးဘက်က ပိုက်ဆံစိုက်ပေးထားရတာမျိုး၊ ဒါမှမဟုတ် ကောင်မလေးကို လက်ဆောင်ဝယ်ပေးဖို့တောင် တစ်ခါတစ်လေ ပိုက်ဆံပြတ်နေတတ်တာမျိုးတွေ ကြုံလာရတဲ့အခါ သူတို့စိတ်ထဲ မသိမသာ သိမ်ငယ်တတ်ကြပါတယ်။
၃။ ကိုယ့်အပြင် ကိုယ့်ချစ်သူကို စိတ်ဝင်စားနေတဲ့ အခြားအမျိုးသားတွေက ရာထူး၊ အလုပ်အကိုင် ကိုယ့်ထက် မြင့်နေတဲ့အခါမှာလည်း စိတ်မကောင်းဖြစ်တတ်ကြပါတယ်။
တစ်ခါတစ်လေ ကိုယ့်ရဲ့အလုပ်နဲ့ လစာက ကိုယ့်ကောင်မလေးကို စိတ်ဝင်စား၊ ပိုးပန်းနေတဲ့ အခြားအမျိုးသားတွေလောက် မမြင့်တဲ့အခါ စိတ်မကောင်းဖြစ်တာမျိုးလည်း ရှိတတ်ကြပါတယ်။ ဒါတွေကို ဖွင့်မပြောပေမယ့် အလုပ်အဆင်မပြေတဲ့အခါ၊ စိတ်ဖိစီးမှုတွေ ဖြစ်နေတဲ့အချိန်ဆို ဒါတွေကို ပိုခံစားတတ်ကြပါတယ်။
၎။ သူငယ်ချင်း၊ မိသားစုနဲ့ အဆင်မပြေချိန် ကိုယ့်ချစ်သူကပါ ကိုယ့်ကို အချိန်မပေးနိုင်တဲ့အခါ ၀မ်းနည်းစိတ်ဝင်တတ်ပါတယ်။
သူတို့ဘယ်လောက် သန်မာတဲ့ ယောင်္ကျားတွေ ဖြစ်ပါစေ။ သူတို့မှာလည်း စိတ်ခံစားချက်တွေ ကိုယ်စီနဲ့ပါ။ တစ်ခါတစ်လေ ငိုတတ်တဲ့ ယောက်ျားမျိုးတွေတောင် ရှိပါတယ်။ ဥပမာ သူငယ်ချင်းတွေနဲ့ အဆင်မပြေဖြစ်တဲ့အချိန်၊ မိသားစုဝင်တွေနဲ့ပါ ပြသနာတက်နေတဲ့အချိန် ဒါတွေတိုက်ဆိုင်သွားတဲ့အခါ ချစ်သူကို တမ်းတတတ်ကြပါတယ်။ ချစ်သူနဲ့စကားလေးပြောပြီး ချစ်သူရဲ့ဖေးမနှစ်သိမ့်တာမျိုး လိုချင်တတ်ကြတယ်။ အဲ့ဒီလိုအချိန်မျိုး ကိုယ့်ချစ်သူကပါ ကိုယ့်ကို အချိန်မပေးနိုင်ဘူးဆိုရင်တော့ သူတို့ ၀မ်းနည်းမျက်ရည်ကျတဲ့အထိ ဖြစ်တတ်ပါတယ်တဲ့။
၅။ ကိုယ့်ချစ်ရတဲ့သူက တစ်ခါ၊နှစ်ခါမက ပြသနာတက်တိုင်း လမ်းခွဲမယ်ချည်း ပြောလာတဲ့အခါ စိတ်ထဲ ကြောက်ရွံ့လာတတ်ပါတယ်။
ဘာရယ်မဟုတ်တဲ့ ပြသနာလေးတစ်ခုဖြစ်တိုင်း လမ်းခွဲမယ်ဆိုတဲ့ စကားကို ပြောတတ်တဲ့ ချစ်သူကိုလည်း ရေရှည်ငါ့ကို ချစ်ပါတော့မလား၊ လမ်းခွဲသွားမှာလားဆိုပြီး စိတ်ထဲ မယုံကြည်မှုနဲ့အတူ ကြောက်ရွံ့မှုကို ဒွန်တွဲ ခံစားတတ်လာကြပါတယ်။ အထူးသဖြင့် အဲ့ဒီလိုပြောတဲ့ချစ်သူက သူချစ်ရတဲ့ ချစ်သူဆိုရင်ပေါ့။
ဟန်နီ
Credit: Trend Myanmar
Labels:
ချစ်မှုရေးရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment