"ရုံးချိန်ထက်ပိုပြီး အလုပ်လုပ်ခြင်းက လေဖြတ်နိုင်ခြေ ပိုများ"
ရုံးချိန်လွန်သည်အထိနေပြီး ပုံမှန် အလုပ်လုပ်တတ်ခြင်းက လေဖြတ်ခြင်းနဲ့ နှလုံးဖောက်နိုင်ခြေ အန္တရာယ်ကို သိသိသာသာ များစေကြောင်း တွေ့ရှိခဲ့ရပါတယ်။
တစ်နေ့ကို တစ်နာရီလောက်ပဲ နေ့တိုင်း အလုပ်ပိုလုပ်တတ်တာက လေဖြတ်နိုင်ခြေကို ၁၀ ရာခိုင်နှုန်း ပိုများစေကြောင်း လူတွေရဲ့ အလုပ်လုပ်ပုံကို စူးစမ်းလေ့လာခဲ့တဲ့ သုတေသနတစ်ရပ်က ဆိုပါတယ်။ တစ်နေ့ကို သုံးနာရီလောက် ပိုလောက်တဲ့လူ၊ ဒါမှမဟုတ် တစ်ပတ်ကို အလုပ်ချိန် ၅၅ နာရီလောက် လုပ်တဲ့လူတွေဟာ လေဖြတ်နိုင်ခြေ ၃၃ ရာခိုင်နှုန်း ပိုများကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။
၁၉ ရက်နေ့က Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနလေ့လာမှုဟာ ဥရောပ၊ အမေရိကနဲ့ သြစတြေးလျအနှံ့က လူပေါင်း ငါးသိန်းကျော်ကို အခြေပြုလေ့လာခဲ့တာ ဖြစ်ပါတယ်။ လန်ဒန်တက္ကသိုလ်ကောလိပ်က ဦးဆောင်ပြုလုပ်ခဲ့တဲ့ အဆိုပါ လေ့လာမှုမှာ အလုပ်ချိန် ပိုမိုအကြာကြီး လုပ်တတ်သူတွေဟာ အားကစားလုပ်မှု နည်းပါးလေ့ရှိပြီး၊ ကွန်ပြူတာရှေ့မှာ တစ်ထိုင်တည်းထိုင်ချိန် နာရီပေါင်းများစွာရှိပြီး၊ အလုပ်နဲ့ဘ၀ မျှတမှုရှိတဲ့ လူတွေထက် ပိုပြီး အရက်ကို သောက်လေ့ရှိတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။
သုတေသန ပညာရှင်တွေဟာ လူတွေရဲ့ အလုပ်လုပ်ချိန်နဲ့ နှလုံးနှင့်ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေအကြား ဆက်စပ်မှုကို စူးစမ်းလေ့လာခဲ့တာ ဖြစ်ပါတယ်။ တစ်ပတ်ကို ၅၅ နာရီအထက် အလုပ်လုပ်သူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်း ပိုများပါတယ်။
“အလုပ်ဖိလုပ်မှုကြောင့် ရုတ်တရက် သေဆုံးရမှုဟာ လေသင်တုန်းရောဂါကြောင့် ဖြစ်လေ့ရှိပြီး စိတ်ဖိစီးမှု ခဏခဏဖြစ်ပေါ်ခြင်းရဲ့ အကျိုးရလဒ်ဖြစ်မယ်လို့ ထင်ရပါတယ်” လို့ သုတေသနစာတမ်းကို ပြုစုသူတွေက ရေးသားခဲ့ပါတယ်။ ဥရောပသမ္မဂ္ဂ အလုပ်ချိန်သတ်မှတ် ညွှန်ကြားချက်မှာ ပျှမ်းမျှအလုပ်ချိန်ကို တစ်ပတ် ၄၈ နာရီသာ သတ်မှတ်ပေးထားပေမယ့် အလုပ်ရှင်နဲ့ အလုပ်သမားအများစုဟာ ဒီစည်းကမ်းကို လိုက်နာမှုမရှိကြပါဘူး။
ye wint
Credit: Trend Myanmar
Thursday, August 20, 2015
"ရုံးချိန်ထက်ပိုပြီး အလုပ်လုပ်ခြင်းက လေဖြတ်နိုင်ခြေ ပိုများ"
Labels:
ကျန်းမာရေး,
ဗဟုသုတ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment