Monday, August 3, 2015

"မေ့လျော့တတ်တဲ့ရောဂါ ဘာကြောင့်ဖြစ်"


"မေ့လျော့တတ်တဲ့ရောဂါ ဘာကြောင့်ဖြစ်"

လူတိုင်းဟာ မကြာမကြာမေ့တတ်ကြတာပါပဲ။ တစ်ခုခုကို နေရာထားမှားပြီး ရှာမတွေ့တာတို့၊ ချိန်းထားတာကို မေ့ပြီး မသွားမိတာတို့ ကြုံဖူးကြမှာပါပဲ။ အရေးကြီးတဲ့ဖုန်းကို ပြန်ဆက်ဖို့မေ့တာ၊ ၀ယ်ပြီးတဲ့ပစ္စည်းကို ဆိုင်မှာ မေ့ကျန်ခဲ့တာမျိုးလည်း ရှိဖူးကြပါလိမ့်မယ်။ ငယ်တုန်းအရွယ်မှာ သိပ်မဖြစ်ပေမဲ့ အသက်ကြီးလာတာနဲ့အမျှ အဲလိုမေ့တာတွေ မကြာမကြာ ဖြစ်လာတာ တွေ့ရပါတယ်။ သက်ကြီးရွယ်အိုတွေ မကြာခဏ မေ့လျော့တတ်တာဟာ ဖြစ်နေကျ သာမန်ကိစ္စပါပဲ။ ဒါပေမဲ့ ဒီလိုမေ့တတ်တာဟာ ငယ်ရွယ်သူတွေမှာလည်း ဖြစ်လာနိုင်ပါတယ်။ အသက်ကြီးရင့်သူပဲဖြစ်ဖြစ် ငယ်ရွယ်သူပဲဖြစ်ဖြစ် မေ့လျော့ခြင်း (သို့) မှတ်ဥာဏ်ချို့ယွင်းခြင်းကို ဘယ်လိုအခါမျိုးမှာ စိုးရိမ်ရလဲ ကြည့်ရအောင်။

မိမိပါဝင်လုပ်ဆောင်ခဲ့တဲ့ ကိစ္စတချို့ကို လုံးဝမေ့သွားခြင်း၊ သင့်ရဲ့မေ့လျော့စိတ်ကို မိသားစုဝင်တွေကပါ စိတ်ပူလာခြင်း၊ မေးပြီးသားမေးခွန်းကို ခဏခဏပြန်မေးမိခြင်း၊ ပြောပြီးသားစကားကို ခဏခဏပြန်ပြောမိခြင်း စတဲ့ လက္ခဏာတွေ ဆက်တိုက်ဖြစ်လာတဲ့အခါမှာ ဒါဟာ Dementia  ဒါမှမဟုတ် အယ်လ်ဇိုင်းမားတို့လို မေ့လျော့ရောဂါတမျိုးရဲ့ အစလည်း ဖြစ်နိုင်ကြောင်း သတိပြုသင့်ပါတယ်။ မေ့လျော့ခြင်းတွေ ဆက်တိုက်ဖြစ်လာတဲ့အခါ ဒါဟာ မေ့လျော့ခြင်းသက်သက် မဟုတ်တော့ပဲ အာရုံစိုက်မှု အားနည်းလာခြင်း၊ စီမံဆောင်ရွက်မှု အားနည်းလာခြင်း၊ ငွေကြေးခန့်ခွဲနိုင်စွမ်း အားနည်းလာခြင်း တို့ပါ ဖြစ်လာနိုင်ပါတယ်။

ဖြစ်ရပ်တစ်ခုမှာ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အလုပ်ကို အချိန်မှားပြီး ခဏခဏသွားတယ်၊ ဒီတော့ အလုပ်မှာ အဆင်မပြေမှုတွေ အရမ်းဖြစ်ပြီး အလုပ်ဖြုတ်ခံရတယ်။ နောက်တော့ အိမ်ကနေ ဈေးကိုသွားပြီး ပြန်တာတောင် အိမ်ပြန်လမ်းကို မေ့နေတယ်။ အမြဲသွားနေကျနေရာကိုတောင် မမှတ်မိတော့ဘူး။ အလုပ်လည်းမရှိတော့ပဲ အိမ်ကနေ အပြင်ထွက်ဖို့တောင် ကြောက်လာတယ်။ တစ်နေ့ထက်တစ်နေ့ ဒေါသတွေ ပိုကြီးလာပြီး အရင်ထက် ပိုကြမ်းတမ်းလာတယ်။ ထမင်းစားပြီးမပြီးတောင် မမှတ်မိတော့ပဲ ဖြစ်လာတယ်။ ဘာမှလုပ်ဖို့စိတ်မပါတော့ပဲ အရမ်းနှစ်သက်တဲ့ အပင်စိုက်တာတောင် မလုပ်ချင်တော့ပဲ ဖြစ်လာတယ်။ စာဖတ်ဖို့လုပ်ရင်တောင် စာအုပ်ကို ဇောက်ထိုးကိုင်ထားမိတာ မသိတော့ဘူး။ တီဗွီကြည့်ရင်တောင် လိုင်းပြောင်းဖို့ ရီမုဒ်ခလုတ်ကို မနှိပ်တတ်တော့ဘူး။ ဒါတွေဟာ ဇာတ်လမ်းဆန်သလို မယုံနိုင်စရာ ဖြစ်ကောင်းဖြစ်နေနိုင်ပေမဲ့ ဒါဟာ မှတ်ဥာဏ်ချို့ယွင်း လာသူတွေ ဖြစ်တတ်တဲ့ အဖြစ်တွေပါပဲ။

ဘာလို့မှတ်ဥာဏ်ချို့ယွင်းလာတာလဲ။ အကြောင်းရင်းများစွာရှိနိုင်တဲ့အနက် အောက်ပါ အကြောင်းရင်းတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းရင်းတွေပါပဲ။

၁) ကိုလက်စထရောကျဆေး၊ အိပ်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ သွေးတိုးကျဆေး၊ လေးဘက်နာဆေး၊ စိတ်ကျရောဂါကုဆေး စတဲ့ ဆေးတွေကို ကာလတာရှည် မကြာမကြာ သောက်မိခြင်း

၂) အရက်အလွန်အကျွံသောက်ခြင်း

၃) စိတ်ဓါတ်ကျခြင်း

၎)သိုင်းရွိုက်ရောဂါ

၅) ဗီတာမင် B12 ချို့တဲ့ခြင်း

၆) Folic acid ချို့တဲ့ခြင်း

၇) ဗီတာမင် B6 ချို့တဲ့ခြင်း

၈) ဆီးချိုရောဂါရှိခြင်း

၉) ရေသောက်နည်းခြင်း

၁၀) အောက်ဆီဂျင်မ၀ခြင်း

အရက်သောက်နေသူဖြစ်ပါက မှတ်ဥာဏ် ပြန်ကောင်းလာစေဖို့အတွက် အရက်ဖြတ်ရမှာဖြစ်ပြီး ရေသောက်နည်းသူဖြစ်ပါက ရေများများ သောက်ပေးရမှာဖြစ်ပါတယ်။ အဆုတ်အားနည်းသူ၊ အဆုတ်ရောဂါရှိသူတွေအနေနဲ့လည်း အောက်ဆီဂျင်များများရရှိအောင် အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ လေကောင်းလေသန့် များများရရှိတဲ့နေရာများတွင် နေထိုင်ခြင်း၊ ထိုနေရာများကို သွားရောက်လည်ပတ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ရောဂါကြောင့် မှတ်ဥာဏ်ချို့ယွင်းသူများ၊ ရောဂါအတွက်သောက်ရတဲ့ဆေးကြောင့် မှတ်ဥာဏ်ချို့ယွင်းသူများကတော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ရမှာဖြစ်ပါတယ်။ ဗီတာမင် B12 ချို့တဲ့ခြင်း၊ Folic acid ချို့တဲ့ခြင်းနဲ့ ဗီတာမင် B6 ချို့တဲ့ခြင်းတို့အတွက်ကတော့ ဗီတာမင် B6၊ B12 နဲ့ Folic acid တို့ကို တစ်နေ့နှစ်ကြိမ် ပုံမှန်သောက်သုံးပေးခြင်းဖြင့် တစ်နှစ်အတွင်း သိသိသာသာ မှတ်ဥာဏ် ပြန်ကောင်းလာနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။


Credit: yangonlife

No comments:

Post a Comment