Monday, August 17, 2015

"ရုံးတွင်းမှာ ကိုယ့်ဘော့စ် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်နဲ့ ချစ်ကြိုက်တဲ့အခါ သိထားသင့်တဲ့ အချက် (၃) ချက်"


"ရုံးတွင်းမှာ ကိုယ့်ဘော့စ် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်နဲ့ ချစ်ကြိုက်တဲ့အခါ သိထားသင့်တဲ့ အချက် (၃) ချက်"

သင်ဟာ အလုပ်ခွင်မှာ ချစ်သူရည်းစား ထားမိတဲ့အခါ ဘယ်လိုအချက်မျိုးတွေ ရှောင်ရှားပြီး ဘယ်လိုအချက်မျိုးတွေ လိုက်နာရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းလေးတွေ ရှိနေပါတယ်။ အထူးသဖြင့် ကိုယ့်ထက်ရာထူးကြီးတဲ့သူ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ဘော့စ်နဲ့ ချစ်ကျွမ်းဝင်တဲ့အခါ ပိုလို့တောင် သတိထားရပါဦးမယ်။ အဲ့ဒီအချက်တွေကတော့

၁။"နိုး" လို့ ငြင်းဆန်ဖို့ ၀န်မလေးပါနဲ့။

တစ်ချို့အရာတွေ၊ အလုပ်တွေက သင်နဲ့မဆိုင်ဘူး၊ မပတ်သက်သလို၊ သင်လုပ်ဆောင်ရမယ့်အရာတွ မဟုတ်ဘူးဆိုရင် ကိုယ့်ချစ်သူမို့လို့ လုပ်ပေးတာမျိုး မဖြစ်ပါစေနဲ့။ ငြင်းဆိုသင့်တဲ့အရာကို ပြတ်ပြတ်သားသား ငြင်းဆိုပါ။ လုပ်ငန်းသဘောသဘာဝအတိုင်းသာ လုပ်ဆောင်သွားပါ။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားထားလိုက်ပါ။

၂။အလုပ်ထဲမှာ ဟိုထိ၊ ဒီထိ၊ ဖက်တာမျိုးတွေ မလုပ်မိပါစေနဲ့။

လုပ်ဖော်ကိုင်ဖက်တွေ မရှိတဲ့အချိန်မို့ သူ့နားကပ်ပြီး ရွှတ်ခနဲ နမ်းတာမျိုး၊ နှစ်ဦးသား လက်တွဲပြီး ကြည်နူးနေတာမျိုး၊ မထိတထိ စနောက်တာမျိုးတွေဟာ အလုပ်ခွင်အတွင်း ဘယ်လိုမှ အမြင်မသင့်တော်တဲ့ အရာတွေပါ။ ဒါ့ကြောင့် ပခုံးကို တစ်ချက်တို့လိုက်တာမျိုးက ကိစ္စမရှိပေမယ့် သူ့ပခုံးကို တစ်ချိန်လုံးကိုင်ထားပြီး စကားပြောတာမျိုးတွေတော့ မလုပ်မိပါစေနဲ့။ လုပ်ဖော်ကိုင်ဖက်တွေအတွက် ပြောစရာတွေ ဖြစ်လာရင် သင့်အလုပ်ကိစ္စတွေအထိပါ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေ ပါဝင်ဆက်နွယ်လာပါလိမ့်မယ်။

၃။အလုပ်စကားပြောတဲ့အခါ သေချာသတိထားပါ။

အလုပ်ကိစ္စတွေ ရှိလာတဲ့အခါ သေချာဆွေးနွေးပါ။ နှစ်ကိုယ်ကြားပြောဖူးတဲ့ စကားတွေ အလုပ်ဆွေးနွေးပွဲ၊ အစည်းအဝေးပွဲတွေ လုပ်တဲ့အခါ ထည့်ပြောမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ချို့ကိစ္စတွေမှာ တစ်ဦးနဲ့တစ်ဦး ငြင်းခုန်စရာတွေ ပါလာရင်လည်း သေချာပြောဆို ဆွေးနွေးပါ။ အလုပ်မှာ အခြေအတင်ဖြစ်ရပေမယ့် ရုံးပြင်ပအချိန်တွေမှာတော့ သာယာအောင် နေနိုင်ပါတယ်။ အလုပ်က အလုပ်၊ အခြားလူမှုရေးတွေနဲ့ မရောပါနဲ့။ ဒါ့အပြင် လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်ချစ်သူကို ပြောချင်တဲ့စကားတွေရှိရင် သင်ကတစ်ဆင့် သူ့နားထဲပြန်ရောက်အောင် လုပ်တာမျိုးတွေကိုလည်း သင်က ဖယ်ချပြီး သူနဲ့ သင့်ကြား အလုပ်ကိစ္စကသပ်သပ်၊ အချစ်ရေးက သပ်သပ်ဆိုတာ သူတို့သိအောင် ပြောပြပါ။

မေသော်

Credit: Trend Myanmar

No comments:

Post a Comment