Friday, March 27, 2015

" တပ်မတော်နေ့ကို ဘယ်သူကသတ်မှတ်ခဲ့သလဲ "

" တပ်မတော်နေ့ကို ဘယ်သူကသတ်မှတ်ခဲ့သလဲ "

တပ်မတော်နေ့နှင့် ပတ်သက်ပြီး ပြည်ပအသံလွှင့် ဌာနများမှ လည်းကောင်း၊ အင်တာနက် စာမျက်နှာများ၌ လည်းကောင်း ဆွေးနွေးမှုများ ကြားခဲ့ရပါသည်။

ထိုဆွေးနွေးချက်များထဲတွင် ဦးတင်ဦးလို ဦးစီးချုပ်အဆင့်အထိ တာဝန်ယူခဲ့သူလည်း ပါသည်။ သူတို့၏ ပြောဆိုချက်များကို နားထောင်သည့်အခါ မတ်လ ၂၇ ရက်နေ့ကို ဖက်ဆစ် တော်လှန်ရေးနေ့ အဖြစ်သာ သတ်မှတ်သင့်ကြောင်း၊ တပ်မတော်နေ့အဖြစ် သတ်မှတ်ခြင်းသည် ဦးနေ၀င်းသဘောဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောဆိုနေသည်ကို တွေ့ရသည်။ တပ်မတော်နေ့အမည် ပြောင်းလဲသည့်နှစ်နှင့် ပတ်သက်ပြီး ပြောရာတွင်မူ ၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်ဟု ပြောသလို ၁၉၆၂ ခုနှစ် နောက်ပိုင်း တော်လှန်ရေးကောင်စီ လက်ထက်ဟု ပြောဆိုသည်ကိုလည်း တွေ့ရသည်။

တပ်မတော်နေ့ သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုသူ အားလုံးလောက် နီးနီးမှာ လက်ရှိ တပ်မတော် အစိုးရကို ဆန့်ကျင်နေသူ ဦးစီးချုပ်ဟောင်း ဦးတင်ဦးလို လူမှအစ မနေ့တစ်နေ့က တပ်မတော်ကို စွန့်ခွာသွားခဲ့သူ စိုင်းသိန်းဝင်းတို့ နေမျိုးဇင်တို့အထိ ပါနေသည်ကို တွေ့ရသည်။ သို့သော် ပြောဆိုသူများ အနေဖြင့် အာဃာတကို ရှေ့ထားပြီး သမိုင်းအချက်အလက်မှန်ကို မှားယွင်းစွာ ပြောဆိုနေသည်ကို တွေ့ရသည်။

တကယ်တော့ တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ဦးနုက ၀န်ကြီးချုပ်၊ ဦးဗဆွေက ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန်ယူ အုပ်ချုပ်နေသည့် ပါလီမန် ဒီမိုကရေစီခေတ် ၁၉၅၅ ခုနှစ်တွင် ဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံသည် တရုတ်ဖြူ ကျူးကျော်မှုနှင့် အကြီးအကျယ် ရင်ဆိုင်နေရချိန် ဖြစ်ပါသည်။ ၁၉၅၄ ခုနှစ်တွင် ဘုရင့်နောင် စစ်ဆင်ရေးကို ဆင်နွဲသည်။ ၁၉၅၅ ခုနှစ်ဆန်းတွင် ရန်ကြီးအောင် စစ်ဆင်ရေးကို ဆင်နွဲသည်။ ထိုစစ်ဆင်ရေးကြီးများ အပြီးတွင် တရုတ်ဖြူတပ်များ မြန်မာ့မြေပေါ်ရှိ အခိုင်အမာ စခန်းအားလုံးကို စွန့်လွှတ်ပြီး ဆုတ်ခွာသွားခဲ့ရသည်။

ထို့ကြောင့် ၁၉၅၅ မတ်လဆန်းတွင် ပြုလုပ်သည့် ဦးနု၏ ၀န်ကြီးအဖွဲ့ အစည်းအဝေးတွင် မြန်မာနိုင်ငံတွင် တပ်မတော်ကို ဂုဏ်ပြုသည့် တပ်မတော်နေ့ ရှိသင့်ကြောင်း၊ ထိုနေ့ကို သတ်မှတ်ရာတွင် ဖက်ဆစ် ဂျပန်တို့အား အသက်ကို ပဓာန မထားဘဲ စွန့်လွှတ်စွန့်စား တိုက်ခိုက်ခဲ့သည့် ဗမာ့တပ်မတော်သားများကို ဂုဏ်ပြုသောအားဖြင့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်သင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ အောင်ဆန်းကွင်းတွင် ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားတွင် စတင်ပြီး တပ်မတော်နေ့အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဘီအိုင်အေ စတင် ဖွဲ့စည်းခဲ့သည့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ (အချို့က ၂၆ ရက်ဟု ဆိုသည်။) ကို တပ်မတော်နေ့ သတ်မှတ်ရန် သင့်မသင့် စဉ်းစားခဲ့ဖူးသည်။ သို့သော် ဘီအိုင်အေ တပ်မတော်သည် ဂျပန်အကြံပေး အရာရှိများ၏ လက်အောက်တွင် ဖွဲ့စည်းခဲ့ပြီး ၎င်းတို့၏ ကွပ်ကဲမှုဖြင့် တိုက်ပွဲဝင်ခဲ့ရသဖြင့် လွတ်လပ်သော တပ်မတော် မဟုတ်၊ ဖက်ဆစ်တော်လှန်ရေး လုပ်ချိန်မှသာ ဂျပန် အကြံပေးများကို ဖယ်ရှားပြီး လွတ်လပ်သော မျိုးချစ်တပ်မတော်ကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သောကြောင့် မတ်လ ၂၇ ရက် ကိုပင် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ထိုအကြောင်းကို ထိုခေတ် သတင်းစာများတွင် ဖော်ပြသကဲ့သို့ တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေး ဌာနမှ ထုတ်ဝေသည့် စာစောင်များတွင်လည်း ဖော်ပြခဲ့သည်။ ထိုအချိန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒုဗိုလ်ဘ၀သာ ရှိသေးသည်။ ကျွန်တော်တို့က အလယ်တန်း ကျောင်းသားဘ၀၊ အခု တပ်မတော်နေ့ မဖြစ်ထိုက်ဟု ပြောနေသည့် ဦးတင်ဦးက ဒုဗိုလ်မှူးကြီး ဖြစ်နေပြီ။ နောင် တပ်မဟာမှူး၊ တိုင်းမှူး၊ ဒုကာကွယ်ရေး ဦးစီးချုပ်မှ ဦးစီးချုပ် ဖြစ်လာတော့ သူကိုယ်တိုင် စစ်ရေးပြ အခမ်းအနားမှာ မိန့်ခွန်းတွေ ပြောခဲ့သည်။ ၁၉၆၅- ၆၆ အလယ်ပိုင်းတိုင်း တိုင်းမှူး (ယခု ရန်ကုန်တိုင်း) ဘ၀နဲ့ ပါတီတပ်တွင်း ပညာပေး သင်တန်းမှာ လာပြီး သြ၀ါဒစကား ပြောတော့ ကျွန်တော်တို့က အရာရှိပေါက်စ သင်တန်းသားတွေ ဖြစ်သည်။ ထိုအချိန်ကတော့ ဆိုရှယ်လစ် သဘောတရား၊ တပ်မတော် အစဉ်အလာ၊ ဖက်ဆစ် တော်လှန်ရေး၊ တပ်မတော်နေ့၊ ပါတီ ဦးဆောင်မှုကို ခံယူသော တပ်မတော်၊ အရင်းရှင်ကို အရင်ရှင်းကြစို့ ဆိုသည့် မိန့်ခွန်းများကို ဦးတင်ဦးထံမှ မှတ်သားခဲ့ရသည်။

ထိုအချိန်က သူတကယ် ယုံကြည်၍ ပြောခဲ့သလား၊ ဘ၀ကောင်းစားရေး အတွက် ပြောခဲ့သလား ဆိုတာတော့ ကာယကံရှင်သာ သိပေလိမ့်မည်။ အခုတော့ ဦးတင်ဦး တစ်ယောက် အသက်ကြီးလို့ မှတ်ဉာဏ်တွေ ချို့ယွင်းပြီ ထင်သည်။ သူပြောခဲ့သည့် သမိုင်းကိုပင် ပြန်ပြင်ပြောနေတာကို တွေ့ရသည်။ ထို့ကြောင့် လူငယ်တွေ အမှန်သိအောင် ထောက်ပြ လိုက်ခြင်း ဖြစ်ပါသည်။

အဏ္ဏ၀ါစစ်သည်



lutawlupyaw

No comments:

Post a Comment