Sunday, March 29, 2015

"ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ အမှိုက်ကောက်"

"ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ အမှိုက်ကောက်"

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေသည် ရန်ကုန်မြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုတစ်ခုတွင် ကိုယ်တိုင် အမှိုက်ကောက်ခဲ့ကြောင်း သတင်းရရှိသည်။

အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်များရှိ မြို့နယ်အချို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုအနေဖြင့် မတ်လ ၂၈ ရက် နံနက်၌ အမှိုက်ကောက်ခဲ့ကြောင်း ခရိုင်စည်ပင်သာယာရေး ကော်မတီဝင် ဒေါက်တာတင်ထွန်းက ပြောသည်။ ‘‘ရာထူးကြီးတဲ့သူက အခုလို အမှိုက်ကောက်စံပြအနေနဲ့ လူထုလှုံ့ဆော်တဲ့ သဘောပါပဲ။ လမ်းမတော်မြို့နယ်မှာတော့ မနက် ၇ နာရီ လောက်ကတည်းက စပြီး ကောက်တယ်’’ ဟု ၎င်းက ပြောသည်။ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ စည်ပင်သာယာရေး ကော်မတီဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ပါဝင်ခဲ့ကြောင်း ဒေါက်တာတင်ထွန်းက ပြောသည်။

‘‘သူက စလုပ်တော့ သူ့ထက် ရာထူးနိမ့်တဲ့လူ မခိုရဲတော့ဘူးပေါ့။ ဒါလေးသိစေချင်လို့ လုပ်တာဖြစ်မယ်’’ ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူ မညိုညိုလွင်က မှတ်ချက်ပြုသည်။

ဦးမြင့်ဆွေ အမှိုက်ကောက်နေသော ဓာတ်ပုံမှာ ဖေ့စ်ဘွတ်ခ်၌ ပျံ့နှံ့ခဲ့ပြီး ချီးကျူးသူအချို့ရှိသကဲ့သို့ နာရေးကူညီမှုအသင်း အမှိုက်ကောက်ခွင့် တောင်းစဉ်က ခွင့်မပြုဘဲ ရွေးကောက်ပွဲနီး၍ အမှိုက်ကောက်ခြင်းဖြစ်သည်ဟု ဝေဖန်မှုအချို့လည်း ရှိသည်။

Credit : 7Day Daily

ဦးမြင့်ဆွေ အမှိုက်ကောက်နေစဉ် (Thiha Min Wai FB)



lutawlupyaw

No comments:

Post a Comment