Tuesday, March 24, 2015

" အင်အားကြီးတဲ့ပညာ "

" အင်အားကြီးတဲ့ပညာ "

"Education is the most powerful weapon we can use to change the world"
(Nelson Mandela)

တောင် အာဖရိကခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား ပြောသွားခဲ့တဲ့ စကားပါ။

အဲဒီအခါ အဲဒီခေတ်မှာ တောင်အာဖရိကဟာ အတော် ဆင်းရဲနွမ်းပါးပြီး ပညာရေးလည်း အတော် နိမ့်ကျ ခဲ့တယ်။ အသားရောင် ပြဿနာရှိတယ်။ အုပ်ချုပ်သူ လူတန်းစားက အဖြူ၊ အဖိနှိပ်ခံတွေက အာဖရိက အမည်းရောင်တွေ။ နယ်လ်ဆင်မင်ဒဲလားဟာ ထောင်ထဲမှာ ဆယ်စုနှစ်များစွာ အကျဉ်းကျ ခံနေရသူ ဖြစ်ပြီး အဖြူတွေအောက်က ရုန်းထွက်နိုင်အောင် ဦးဆောင်မှုကောင်းနဲ့ ကြိုးပမ်းနိုင်ခဲ့သူ ဖြစ်တယ်။

ပညာရေး နိမ့်ကျလွန်းတဲ့ အာဖရိက သားတွေအတွက် အသိ တစ်စုံတစ်ရာ မြင့်မားမှသာ တော်လှန်ရေး အောင်မြင်နိုင်ရုံမက နိုင်ငံကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မယ်လို့ အခြေခံကျကျ လက်တွေ့ကျကျ သိထားခဲ့သူ ဖြစ်လို့ အဲဒီအဆိုအမိန့်ကို ပြောသွားခဲ့သူလည်း ဖြစ်ပါတယ်။

သူ့စကားက သွေးထွက်အောင် မှန်တယ်လို့ ပြောရပါလိမ့်မယ်။

ကမ္ဘာကြီးကို ပြောင်းလဲနိုင်ဖို့ ပညာရေးဟာ အကောင်းဆုံးသော လက်နက်ဖြစ်တယ်ဆိုတာ ကမ္ဘာ့တိုးတက်မှု ဖြစ်စဉ်ကို လေ့လာရင် ကွဲကွဲပြားပြား တွေ့ရမှာလည်း ဖြစ်ပါတယ်။

မှန်ကန်တဲ့ ပညာစစ် (Convinving Knowledge) ဖြစ်ဖို့အတွက် စာသင်ခန်းထဲက စရတဲ့ (Book Knowledge) နဲ့ စခဲ့ကြရပါတယ်။ မြန်မာလို ပြောရင်တော့ “စာသိ” ပေါ့။ “ငါသိ” ဖြစ်အောင်လို့ အဲဒီ စာသိကို ဦးနှောက်က အစာချေဖျက်ရပါသေးတယ်။ လက်တွေ့နယ်ပယ်ထဲက ရလာတဲ့ အတွေ့အကြုံတွေ အရ ပြုပြင်ပြောင်းလဲမှုတချို့ကို လုပ်ပြီးမှ “ငါသိ” ဆိုတဲ့ တကယ့် ပညာ ဖြစ်လာတာပါ။

Knowledge is not silo. It is an action.

ဆိုတဲ့ သတိပေးစကားတစ်ခုကို သွားအမှတ်ရမိပါသေးတယ်။ ကျောင်းစာသင်ခန်းထဲက ရလာတဲ့ ကျောင်းပညာတွေကို စုစည်းထားရုံနဲ့ မှန်ကန်တဲ့ ပညာ ဖြစ်မလာသေးပါဘူး။ "It is an action" ဆိုတဲ့ လက်တွေ့ အသုံးချနိုင်တဲ့ အခါကျမှသာ ပညာအစစ်အမှန်ဆိုတာ ထွက်ပေါ်လာတတ်တဲ့ သဘောကို သတိပေးထားတာပါ။

တစ်ချိန်တုန်းက မြန်မာတွေဟာ သူများနောက်လိုက် မဟုတ်ခဲ့ကြဘူး။ လွတ်လပ်ရေးရပြီး (၁၄) နှစ် ကာလအတွင်း အာရှမှာရော ကမ္ဘာမှာပါ ထူးချွန်တဲ့ မြန်မာအချို့ ထွက်ပေါ်လာခဲ့ဖူးတယ်။ ၁၉၆၂ ခုနှစ် ပြည်သူပိုင်တွေ သိမ်းလိုက်မှုဟာ ယှဉ်ပြိုင်နိုင်စွမ်း (Competitiveness) ကို သင်းသတ်သလို ဖြစ်သွားခဲ့တယ်။ မြန်မာတွေ နောက်ကျန်ရစ်ခဲ့တာဟာ ယှဉ်ပြိုင်မှု အခွင့်အလမ်း ဆုံးရှုံးသွားစေခဲ့တာက အရင်းခံ အကြောင်းတစ်ခု ဖြစ်တယ်လို့ ပြောလို့ရတယ်။ သူ့ထက်သာအောင် ပြိုင်ခွင့်ပေးမှ တိုးတက်မှုကို ရစေမှာ ဖြစ်ပါတယ်။ အရင်းရှင်စနစ်ကြောင့် တိုးတက်ကြတယ်ဆိုတဲ့နေရာမှာ ယှဉ်ပြိုင်မှုကို အဓိက အားပေးထားတာကြောင့် ဆိုတာ တွေ့ရပါလိမ့်မယ်။

ဒီကနေ့ ထင်ရှားတဲ့ လက်ကိုင်ဖုန်းတွေကိုပဲ ကြည့်လိုက်ပါ။ အမှတ်တံဆိပ် အမျိုးမျိုးကနေ ပုံစံအမျိုးမျိုးဟာ အစီအတန်း ထွက်လာနေပါတယ်။ တီထွင်ဆန်းသစ်မှုနဲ့ ယှဉ်ပြိုင်နေကြတယ်။ မပြိုင်ဆိုင်နိုင်တဲ့ သူက ဒေ၀ါလီ ခံကြရပြီး ပြိုင်ဆိုင်နိုင်စွမ်း ရှိတဲ့သူက ကြီးကြီးမားမား မြတ်စွန်းနိုင်ခဲ့ကြတယ်။ အကျိုးရလဒ်ကတော့ ကုန်ပစ္စည်း ထုတ်လုပ်သူလည်း ကြီးပွားနိုင်ပြီး သုံးစွဲတဲ့သူတွေလည်း အရည်အသွေးကောင်းကို ပိုင်ဆိုင်နိုင်လာခဲ့ကြတဲ့အတွက် "win - win" ပုံစံရတဲ့ အောင်မြင်မှုကို ဖြစ်ပေါ်စေခဲ့တာ တွေ့ရပါလိမ့်မယ်။

ယေဘုယျအားဖြင့် ကျောင်းသင်ပညာရေး အားကောင်းဖို့လိုတယ်။ ပြီးတော့မှ လုပ်ငန်းခွင်မှာရတဲ့ အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီး “ငါသိ” ပညာဖြစ်အောင် ပြောင်းလဲနိုင်ကြပါ့မယ်။

အခြေခံဖြစ်တဲ့ ကျောင်းသင်ပညာရေးပိုင်းမှာ မြန်မာတွေ အားနည်းခဲ့ကြတာ တွေ့ရတယ်။ စားဝတ်နေရေး မပြေလည်တာကြောင့် ကလေးအားလုံး မူလတန်းပညာကိုတောင် ဖြောင့်ဖြောင့်တန်းတန်း မသင်နိုင်ခဲ့ကြတာ တွေ့ရတယ်။ ၂၀၁၅ နှစ်ဦးပိုင်းမှာ ထွက်လာခဲ့တဲ့ Asia Foundation ရဲ့ သုတေသနအရ မူလတန်းပညာ သင်ကြားနိုင်သူ (၂၆%) ပဲရှိပြီး၊ အလယ်တန်း (၂၀%) နဲ့ အထက်တန်း (၈%) ပဲရှိတာ တွေ့ရတယ်။ အတော်အားနည်းတဲ့ ကိန်းဂဏန်းတစ်ခုလို့ ပြောလို့ရပါတယ်။ အစိုးရသစ်လက်ထက်မှာတော့ ပညာရေးဘတ်ဂျက်ကို ပိုပြီးသုံးလာတာ တွေ့ရတယ်။ ပညာရေး၊ ကျန်းမာရေးကို အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပါတယ်။ ချက်ချင်း တစ်နှစ်၊ နှစ်နှစ်အတွင်း လုပ်လို့ရတာမျိုးတော့ မဟုတ်ပါဘူး။ ဆယ်စုနှစ်တစ်ခုစာ လောက်တော့ စောင့်ရပါဦးမယ်။ ဘာပဲပြောပြော ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်လာပြီ ဆိုတာကြောင့် အလားအလာကောင်းတစ်ရပ် ရှိပြီဆိုတာကိုတော့ နိုင်ငံသားကောင်း တစ်ယောက်အနေနဲ့ ၀မ်းသာပေးရပါလိမ့်မယ်။

တက္ကသိုလ်ဘွဲ့ရ (၇%) ပဲရှိတာ တွေ့ရတယ်။ အရေအတွက်အားဖြင့် အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အလွန် နည်းပါးလွန်းလှပါတယ်။ အရည်အချင်းအရ တိုင်းတာရင် ဘယ်လောက် ကြံ့ခိုင်သန်စွမ်းဦးမလဲဆိုတာ မသိရသေးပါဘူး။ သေချာတာတစ်ခုကတော့ သာလိကာ နှုတ်အံတဲ့ ပညာရေးနဲ့ ကြီးပြင်းလာခဲ့ကြတဲ့ ပတ်ဝန်းကျင်မှာ “ငါသိပညာ” အဆင့်ဖြစ်ဖို့ အတော် အလှမ်းဝေး နေဦးမယ်လို့ ယေဘုယျအားဖြင့် မှန်းဆလို့ ရပါတယ်။
ငယ်ငယ်တုန်းက ရွတ်ခဲ့တာလေးတွေ ပြန်ပြီး အမှတ်ရမိပါသေးတယ်။

ပညာရဲရင့် ပွဲလယ်တင့်
ပညာရွှေအိုး လူမခိုး
ပညာတန်ဖိုး အဖိုးမဖြတ်နိုင်

မှန်ပါတယ်။ ပညာကြီးရင် ခြင်္သေ့တစ်ကောင်လို ရဲရင့်လာတယ်။ ဘယ်သွားသွား မျက်နှာလည်း မငယ်ရဘူး။ ပညာအားနည်းရင် လူ့အသိုင်းအ၀န်းထဲမှာ မျက်နှာ အတော်ငယ်ရတယ်။ အထူးသဖြင့် တံခါးဖွင့်ထားတဲ့ အခုလို ခေတ်သစ် အခါကြီးမျိုးမှာ အလုပ်ရုံဆွေးနွေးပွဲတွေ၊ အတွေ့အကြုံဖလှယ်ပွဲတွေဟာ အမြဲမပြတ် ရှိနေတယ်။ ကိုယ့်ပညာကို ယုံကြည်စိတ်ချကြတဲ့ သူတွေအတွက် ပွဲလယ်တင့်ကြပေမဲ့ ပညာနည်းခဲ့ကြ သူတွေအတွက် ပွဲလယ်တင့်ဖို့ မလွယ်လှပါဘူး။

ဥစ္စာပစ္စည်း ဘယ်လောက် ချမ်းသာချမ်းသာ၊ ပြည်သူပိုင်သိမ်းရင် ကုန်သွားရပါတယ်။ ဓားပြတိုက်၊ သူခိုး ခိုးခံရရင် ပါသွားရပါတယ်။ ကိုယ်ပိုင်တဲ့ ပညာကို ပြည်သူပိုင် သိမ်းလို့ မရသလို သူခိုးခိုး၊ ဓားပြတိုက်ယူ လို့လည်း မရပါဘူး။ ပညာရှိသူတွေ အနေနဲ့ကတော့ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံအတွက် တတ်ခဲ့တဲ့ ပညာကို စေတနာအရင်းခံပြီး ဖြန့်ဝေပေးဖို့တော့ လိုတာပေါ့လေ။

ပညာတန်ဖိုး အဖိုးမဖြတ်နိုင်တာကတော့ အသေအချာပါပဲ။ ပညာကြီးတာဟာ တစ်ဦးချင်း တိုးတက်ဖွံ့ဖြိုးစေတဲ့အပြင် တစ်မျိုးသားလုံးကိုလည်း ဖွံ့ဖြိုးတိုးတက်စေနိုင်ပါလိမ့်မယ်။ အထူးသဖြင့် ခေါင်းဆောင်အဖြစ် တာဝန် ထမ်းဆောင်နေကြတဲ့သူတွေမှာ တကယ့် ပညာစစ်စစ်ကို ပိုင်ဆိုင်ထားသင့်ကြပါတယ်။ ပညာကို အတိုဆုံး၊ အလွယ်ဆုံး အဓိပ္ပာယ်ဖွင့်ရရင် ““အမှားအမှန်ကို ကောင်းစွာ ခွဲခြားသိမြင်ခြင်း”” ဆိုတဲ့ အဓိပ္ပာယ်ထွက်ပါတယ်။ ခေါင်းဆောင်တွေ ပညာမဲ့ရင် နိုင်ငံနဲ့လူမျိုး နိမ့်ကျတတ်ပြီး ခေါင်းဆောင်တွေ ပညာကြီးရင်ကြီးသလောက် နိုင်ငံနဲ့လူမျိုး မြင့်မားနိုင်ပါတယ်။ ပညာဟာ အင်အား အလွန်ပဲ ကြီးမားတယ်။ မြော်မြင်မှုရှိရတယ်။ စာသင်ခန်းထဲကပေးတဲ့ ဘွဲ့လက်မှတ်ကို အခြေခံတယ်ဆိုပေမဲ့ အဲဒီထက် ပိုလွန်ပါတယ်။ ဘွဲ့လက်မှတ်ထက် အများကြီး ပိုပြီး ဖြည့်ဆည်းရတဲ့ သဘောတွေရှိနေပါတယ်။

ဒီဘက်ခေတ် အပြောင်းအလဲမှာ တတ်နိုင်သမျှ လူ့စွမ်းအားအရင်းအမြစ်ကို ဖြည့်ဆည်းပေးဖို့ သင်တန်းတွေ ဖွင့်ဖြစ်တယ်။ နိုင်ငံရေး စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုသင်တန်း၊ စီးပွားရေး စီမံခန့်ခွဲမှု သင်တန်း စသည်အားဖြင့် သင်တန်းလာတက်ကြတဲ့သူတွေရဲ့ နောက်ခံကတော့ အမျိုးမျိုးပါပဲ။ လက်တွေ့နယ်ပယ်မှာ အလုပ်ကြီးကြီး လုပ်ကိုင်ကြတဲ့သူတွေရော၊ ၀န်ထမ်းအနေနဲ့ အလုပ်လုပ်ကြတဲ့သူတွေရော၊ လက်တွေ့နယ်ပယ်နဲ့ ထိတွေ့မှု မရှိနိုင်ကြသေးတဲ့သူတွေရော အစုံပါပဲ။ သတိကောင်းကောင်း ထားမိတဲ့ အချက်တစ်ခုက “တွေးခေါ်မြော်မြင်မှု အားနည်းခြင်း” ဆိုတာပါပဲ။ အားလုံး ဘွဲ့ရခဲ့ကြသူတွေမှန်ပေမဲ့ ပြဿနာတစ်ခုအပေါ် ရှုမြင်ပုံ၊ ရှုမြင်နည်းမှာ အင်မတန် ရိုးစင်းကြတာ တွေ့ရတယ်။ ပြဿနာ ဖြေရှင်းနည်းကို ခပ်လွယ်လွယ် စဉ်းစားတတ်ကြပြီး၊ အဲဒီ ဖြေရှင်းနည်းကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေ အပေါ်မှာ မြော်မြော်မြင်မြင် မရှိနိုင်ကြတာ တွေရပါတယ်။

အကျိုးဆက်တိုင်းရဲ့ အရင်းခံက အကြောင်းတရားပါ။

အကြောင်းတရားကြောင့် အကျိုးဖြစ်ကြသေးတယ်။ လွယ်လွယ်ပြောရင် "Cause & Effect" ပေါ့။ ဖြစ်လာမယ့် အကျိုးဆက်ကို မြင်အောင် မကြည့်နိုင်ကြဘူး။ ကိုယ်လိုချင်တဲ့ အကျိုးဆက်မျိုးကို ပုံမဖော်နိုင်ကြဘူး။ ပညာအားနည်းတာကို ပြတာလို့ပဲ မြင်ပါတယ်။ ပြီးတော့ မြန်မာတွေ တော်တော်များများက သီအိုရီကို အလွန်အကျွံ အားကိုးကြတာလည်း သတိထားမိတယ်။ သီအိုရီကို ပစ်ပယ်ခိုင်းတာ မဟုတ်ဘူး။ သီအိုရီကို သာလိကာလိုမသုံးစွဲဖို့ ပြောချင်တာပါ။ သီအိုရီ ဘာကြောင့်ဖြစ်လာတယ် ဆိုတာကို စဉ်းစားရင် နောက်ကွယ်က သဘောတရားရေးရာ (Concept) ကို လှမ်းပြီး မြင်နိုင်ပါတယ်။ Concept ကို သေသေချာချာ စေ့ငု သွားနိုင်ခဲ့ရင် ကိုယ်ကိုယ်တိုင်က သီအိုရီတစ်ခု ပြန်ထုတ်ပေးလို့ရတယ်ဆိုတဲ့ သဘောကို မြန်မာတွေ အတော်လေးအလှမ်းဝေး နေတုန်းပဲဆိုတာ မြင်လာရတယ်။

ဥပမာအားဖြင့် ပြောရရင် ဆိုရှယ်လစ်စနစ်မှာ လူတွေရဲ့အတ္တကို မေ့ထားကြတယ်။ အဲဒီအတ္တ (မလွန်ကဲစေဘဲ) နဲ့ ယှဉ်ပြိုင်မှုကို လမ်းကြောင်းအမှန်ပေါ် တင်ပေးနိုင်ရင် အောင်မြင်နိုင်တယ်။ စနစ်ရဲ့ သဘောတရားနဲ့ စနစ်အတွင်း ရှင်သန်ရမယ့် လူပုဂ္ဂိုလ်တွေရဲ့ သဘောတရားကို ပေါင်းစပ် မကျင့်သုံးနိုင်လိုက်ခဲ့ကြဘူး။

ငယ်ငယ်တုန်းက မိဘ၊ ဆရာကို အားကိုးလွန်းရင် Spoon Feeding ဖြစ်တယ်လို့ ပြောခဲ့ကြဖူးတယ်။ လူကြီးအရွယ်မှာလည်း Adult Spoon Feeding ဖြစ်တတ်တာကို တော်တော်များများ မရိပ်မိကြပါဘူး။ သီအိုရီကို ဖက်တွယ်လွန်းရင်း အထက်ကပေးတဲ့ အမိန့်၊ ခိုင်းစေမှုမရရင် မလုပ်တတ်တာတွေက လူကြီးတွေရဲ့ Spoon Feeding ဖြစ်ပါတယ်။ အကောင်းအဆိုး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်ပြီး ဖြစ်လာမယ့် အကျိုးဆက်တွေကို ပုံဖော်နိုင်အောင် ကိုယ့်သုံးသပ်ချက်နဲ့ ဆောင်ရွက်နိုင်သူတွေဟာ ပညာကြီးတဲ့ သူတွေလို့ ယေဘုယျ ပြောလို့ရပါတယ်။ အဲဒီလိုလူတွေများများ ပေါ်ထွက်လာပါစေလို့ပဲ ဆန္ဒ ပြုရပါတယ်။ ဒါမှလည်း မြန်မာတွေ နစ်နေတဲ့ နွံထဲကထွက်နိုင်မှာပါ။

နေဇင်လတ်
၂-၂-၂၀၁၅ (၁၄၅၇)
JOB seekers Journal, Vol.3, No.40



lutawlupyaw

No comments:

Post a Comment