Saturday, March 28, 2015

"ခေတ်သစ် လူနေမှုစတိုင်က ယာဉ်မောင်းတွေ ပိုအာရုံနောက်၊ ပိုအန္တရာယ်များအောင် လုပ်နေ"

"ခေတ်သစ် လူနေမှုစတိုင်က ယာဉ်မောင်းတွေ ပိုအာရုံနောက်၊ ပိုအန္တရာယ်များအောင် လုပ်နေ"

နည်းပညာ တိုးတက်မှုများကြောင့် ယာဉ်မောင်းသူများသည် ယာဉ်မောင်းနေစဉ်အတွင်း လုပ်စရာများက ဘယ်တုန်းကနဲ့မျှ မတူအောင် ပို၍များလာနေသည်။ ကားမောင်းနေတုန်း ဖုန်းပြောခြင်း၊ မက်ဆေ့ဂ်ျပို့ခြင်းမှသည် အဆင့်မြင့် ဖန်သားပြင် ထိတို့စနစ်သုံး ကတ်ဆတ်မှာ သီချင်းရွေးနေတာ အဆုံး လုပ်စရာတွေက များလှသည်။ နည်းပညာမြင့်သော ကားဖြစ်လေ ကားမောင်းရင်း ကလိချင်စရာတွေက များလေဖြစ်ကာ လမ်းပေါ်ကို အာရုံစိုက်ဖြစ်နှုန်းက နည်းသထက်နည်းလာလေ ဖြစ်သည်။

လမ်းပေါ်ကနေ အာရုံ (၂)  စက္ကန့် ခွာလိုက်ခြင်းသည်ပင် ယာဉ်တိုက်မှု  ဖြစ်နိုင်ခြေ (၂၄) ဆ ပိုများလာစေနိုင်သည်ဟု ပညာရှင်များက တွေ့ရှိထားရာ ယနေ့ လူမှုစတိုင်သည် မည်မျှအန္တရာယ်များမည်ကို မှန်းကြည့်နိုင်သည်။

သုတေသနကို အမေရိကန် အော်ရီဂွန်ပြည်နယ် တက္ကသိုလ်မှ သုတေသနအဖွဲ့က ပြုလုပ်ပြီး  Transportation Safety and Security ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။ အထူးသဖြင့် ဖုန်းများနှင့် ကားတွင်း လုပ်ဆောင်ချက်များအတွက် အာရုံနောက်ခြင်းက အမေရိကန်တွင် ၂၀၁၃ တစ်နှစ်တာအတွင်း ယာဉ်တိုက်မှု (၂၃) ရာခိုင်နှုန်း၏ လက်သည်ဖြစ်ကြောင်း တွေ့ထားရသည်။

““လမ်းပေါ်ကနေ (၂) စက္ကန့်လောက် မျက်စိ ခွာလိုက်ရုံနဲ့တင် ယာဉ်တိုက်မှု ဖြစ်နိုင်ခြေ (၂၄) ဆ ပိုများလာတာ တွေ့ရတယ်”” ဟု သုတေသန အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒေးဗစ်ဟားဝစ်က ပြောသည်။ ကားမောင်းရင်း ဖုန်းနဲ့စာရိုက် မက်ဆေ့ဂ်ျပို့ခြင်းကြောင့် ယာဉ်တိုက်မှု ဖြစ်ခြင်းသည် မူးပြီးမောင်းလို့ တိုက်ခြင်းနဲ့ ဆတူလောက် ရှိကြောင်းလည်း အခြားသော စစ်တမ်းတစ်စောင်အရ သိရသည်။

““ကားမောင်းနေတုန်း ဖုန်းနဲ့စာရိုက် မက်ဆေ့ဂ်ျပို့ချိန်မှာ မျက်စိက လမ်းပေါ်ကနေ ဖုန်းဆီရောက်တယ်။ ဦးနှောက်ကလည်း ယာဉ်မောင်းလုပ်ငန်းကနေ စာရိုက်လုပ်ငန်းဘက် ပြောင်းတယ်။ ကားမောင်းခြင်း အာရုံကနေ အလုံးစုံ စွန့်ခွာလိုက်ရာ ရောက်တဲ့အတွက် ယာဉ်တိုက်နိုင်ခြေ သိပ်များတယ်”” ဟု ဒေါက်တာ ဟားဝစ် က ထောက်ပြ ပြောကြားသည်။

 ကားမောင်းရင်း စာရိုက်ခြင်းသာမက ကားမောင်းရင်း မုန့်စားခြင်း၊ အအေးသောက်ခြင်း၊ ဖုန်းပြောခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ရေဒီယိုအသံ အတိုးအကျယ်ညှိခြင်း၊ ကတ်ဆတ်ထိတို့ဖန်သားပြင်မှာ လက်နဲ့တို့ သီချင်းရွေးခြင်း၊ မြေပုံကြည့်ခြင်း များသည်လည်း အာရုံကို လမ်းပေါ်က ဆွဲဖယ်လိုက်ရာ ရောက်သဖြင့် သူ့အချိုးအစားနှင့်သူ အန္တရာယ်ပေးနိုင်စွမ်း ရှိကြကြောင်းလည်း စစ်တမ်းက သတိပေးသည်။

မကြာသေးမီက လုပ်ထားသော စစ်တမ်းတစ်ရပ်အရလည်း အမေရိကန်ယာဉ်မောင်း (၂၇) ရာခိုင်နှုန်းထိသည် ကားမောင်းရင်း အ၀တ်အစား လဲဝတ်ဖူးကြသလို၊ ရုံးနှင့် ကျောင်းဆိုင်ရာ စာရွက်စာတမ်းများလည်း ကြည့်ရှုစစ်ဆေးလေ့ ရှိကြောင်း သိရသည်။

အမျိုးသမီးများက ကားမောင်းစဉ် ဖုန်းအသုံးဆုံးဖြစ်ပြီး၊ အမျိုးသားများက ကားထဲပါလာသူများနဲ့ စကားလှည့်ပြောသောကြောင့် ယာဉ်မောင်းရာတွင် အာရုံအလွတ်ဆုံး ဖြစ်ကြောင်းလည်း စစ်တမ်းက ဖော်ထုတ် တွေ့ရှိရသည်။


Credit : messenger



lutawlupyaw

No comments:

Post a Comment