Monday, March 30, 2015

"သေသော်လည်း မမေ့အပ်သည့် တာဝန်ကို အလေးထားတဲ့ မြန်မာအမျိုးသမီး သူရဲကောင်း ဒေါ်နွယ်လင်းရှိန်"

"သေသော်လည်း မမေ့အပ်သည့် တာဝန်ကို အလေးထားတဲ့ မြန်မာအမျိုးသမီး သူရဲကောင်း ဒေါ်နွယ်လင်းရှိန်"

သူမသေဆုံးခဲ့တာ ၂ နှစ် ကျော်ခဲ့ပြီ။ သူမကို လူတွေမေ့လျော့နေတော့မယ်။ ဒါကို လုံးဝ ကျွန်တော့်အနေနဲ့ လက်မခံနိုင်ပါဘူး။ သူမက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်။

ဒေါ်နွယ်လင်းရှိန်။ သူမက (Freelance Tourist Guide) သီးသန့်ဧည့်လမ်းညွှန်တစ်ဦးပါ။ (Diethelm Travel & Tours Co. Ltd.American CEO Tours) အစီအစဉ်နဲ့ လိုက်ပါလာတဲ့ အမေရိကန် အဖိုးအဖွားဧည့်သည်နှစ်ဦးကို မြန်မာနိုင်ငံအနှံ့ လိုက်လံပြသဖို့ ငှားရမ်းခံရပါတယ်။ ၁၉.၂.၂၀၁၂ ရက်နေ့မှာ မင်္ဂလာဒုံလေဆိပ်ကနေ သွားရောက်ကြိုဆိုခဲ့ပြီး၊ ၂၀ ရက်နေ့ကနေ ၂၄ ရက် နေ့အတွင်း မြန်မာ့ဂုဏ်ယူဖွယ်ရာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွေဖြစ်တဲ့ ပုဂံ၊ ညောင်ဦးနဲ့ မန္တလေးမြို့တဝိုက်ကို
လိုက်လံပြသခဲ့ပါတယ်။ ၂၅ ရက် နေ့မှာတော့ ပင်းတယ၊ အင်းလေးကို လိုက်ပါပို့ဆောင်ဖို့ Air Bagan လေကြောင်းလိုင်းနဲ့အတူ ခရီးသည် အမေရိကန်လင်မယားကို လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဟဲဟိုးလေဆိပ်အဆင်းမှာ မတော်တဆမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီမှာ မြေပြင်က ဆိုင်ကယ်တစ်စီးပေါ်က လူတစ်ဦးနဲ့ လေယာဉ်စီးခရီးသည်တစ်ဦး သေဆုံးခဲ့ပါတယ်။

လေယာဉ်အပျက်စီးထဲက အလောင်းတစ်လောင်းကို ကယ်ဆယ်ရေးတွေက ရခဲ့တယ်။ မီးလောင်ထားလို့ ဘယ်သူ့အလောင်းဆိုတာ မသဲကွဲပါဘူး။ အင်တာနက် သတင်းစာမျက်နှာတွေကနေ ၁၁ နှစ် သားအရွယ် ကလေးအလောင်းလို့ဆိုပါတယ်။ လေယာဉ်ဝန်ထမ်းအပါအဝင် ခရီးသည် ၇၁ ဦး လိုက်ပါလာရာမှာ ၁၁ နှစ်သား ခရီးသည်မပါဝင်ပါ။ ဆေးရုံက ခရီးသည်တွေထဲ ခရီးသည်စာရင်းအရ ဒေါ်နွယ်လင်းရှိန် မပါလာလို့ ဒေါ်နွယ်လင်းရှိန်ရဲ့ အလောင်းလို့ ယာယီခန့်မှန်းထားကြပါတယ်။ အဲဒီနေ့ညနေ (၅) နာရီမှာ တောင်ကြီး စဝ်စံထွန်းဆေးရုံကို သယ်လာတဲ့ အလောင်းကို ဒေါက်တာနန်းထက်ဝေယံက မီးမလောင်သေးတဲ့ တင်ပါးဆုံကနေ သားအိမ်ကိုတွေ့ရှိမှ အမျိုးသမီးအလောင်းမှန်း သေချာပြီး ဒေါ်နွယ်လင်းရှိန် အလောင်းအဖြစ် အသိအမှတ်ပြုခဲ့ရပါတယ်။

နောက်ဒေါ်နွယ်လင်းရှိန် တာဝန်ယူပို့ဆောင်ပေးခဲ့ရတဲ့ အမေရိကန် အဖိုးနဲ့အဖွားရဲ့ပြောကြားချက်အရ လေယာဉ်မတော်တဆဖြစ်တော့ ပေါက်ကွဲမှုမဖြစ်ခင် ထွက်ပေါက်ကို သွားကြတော့ ခရီးသည်တွေကို ရှေ့ကတန်းစီခိုင်းပြီး သူမက နောက်ဆုံးကနေ တန်းစီခဲ့တယ်လို့ဆိုပါတယ်။ သူမနောက်ဆုံးအထိ သူမရဲ့ဧည့်သည်တွေကို လမ်းညွှန်ပြသခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ လေယာဉ်ပေါက်ကွဲမှုဖြစ်လို့ ဒဏ်ရာရသူရနဲ့ သူမကို မတွေ့တော့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အမေရိကန် အဖိုးနဲ့အဖွားကတော့ မြန်မာဧည့်လမ်းညွှန် အမျိုးသမီးကို ဘယ်တော့မှမေ့ပါဘူးလို့ မျက်ရည်တွေကြားက ဖြေခဲ့ပါတယ်။

၂၇. ၁၂.၂၀၁၂ မွန်းလွဲ ၂ နာရီ မှာတော့ ဒေါ်နွယ်လင်းရှိန်ရဲ့ ရုပ်ကလာပ်ကို သူမဇာတိ ရပ်စောက် သုသာန်မှာ မီးသဂြိုဟ်ခဲ့ပါတယ်။ ၂၉.၁၂.၂၀၁၂ မှာတော့ ရပ်စောက်မြို့ ဈေးတန်းကျောင်းတိုက်မှာ သူမ ရက်လည်ဆွမ်းကျွေးကို Air Bagan ပိုင်ရှင် ဦးတေဇ လာရောက်ပြီး ကျန်ရစ်သူမိသားစုကို အားပေးခဲ့ပါကြောင်း။ ။

"သူမပြေးရင်လွတ်တယ်။ ဒါပေမယ့် သူမ မြန်မာဆိုတာ တာဝန်ယူတတ်တဲ့လူမျိုး၊ အမျိုးသမီးပေမယ့် နောက်ဆုံးအချိန်ထိ သတ္တိကောင်းတဲ့ လူမျိုးဖြစ်ကြောင်း အသေခံပြသသွားလို့ အတုယူရင်း မြန်မာအမျိုးသမီးထုကိုယ်စား ဂုဏ်ပြုရေးသားပါသည်။

(လူသေသော်လည်း နာမည်မသေသူပါ ဒေါ်နွယ်လင်းရှိန်။ ဂုဏ်ယူပါတယ် )


Credit:Lu Myanmar



lutawlupyaw

No comments:

Post a Comment