Tuesday, March 31, 2015

"၂၀၁၅ ရွေးကောက်ပွဲမှာ ဗေလုဝနဲ့ ဦးလှဆွေ ဘယ်သူ့ကိုမဲပေးမလဲ"


သရုပ်ဆောင် လူရွှင်တော် ဗေလုဝ
(ဓာတ်ပုံ -ကောင်းမြတ်မင်း)

မကြာသေးခင်လောက်က လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေတယောက် ရုပ်ရှင်သရုပ်ဆောင်၊ လူရွှင်တော်တဦးဖြစ်တဲ့ ဗေလုဝကို Facebook ကနေပြီး တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလို ဦးလှဆွေရဲ့ပြောဆိုမှုတွေဟာ လွှတ်တော် ကိုယ်စားလှယ်တဦးအနေနဲ့ မပြောသင့်တာကို ပြောဆိုခဲ့ခြင်းဖြစ်ပြီး၊ ထပ်မံတိုက်ခိုက်မှုတွေ ပြုလုပ်လာရင်လည်း တရားစွဲဆိုဖို့ စီစဉ်ထားတယ်လို့ ဗေလုဝက ပြောပါတယ်။
ဗေလုဝက ၂၀၁၅ ရွေးကောက်ပွဲမှာ ဦးလှဆွေနဲ့အပြိုင် ကြိုက်တဲ့မြို့နယ်မှာ ယှဉ်ပြိုင် အရွေးခံရဲတယ်လို့ ပုတီးကုန်းမြို့ ဗိုလ်ချုပ်အောင်ဆန်းရာပြည့် စာပေဟောပြောပွဲမှာ ဟောပြောဖို့ ရောက်ရှိနေတဲ့ ဗေလုဝက ပြောဆိုလိုက်ပါတယ်။
“အဲဒီဘူးလတ်နဲ့ ပတ်သက်ရင် ဘယ်သူကဘာလဲဆိုတာ သန်းငါးဆယ်ကျော် ပြည်သူတွေသိပါတယ်။ facebook ကနေပဲ အာချောင်မနေနဲ့ လူထုရဲ့မေတ္တာနဲ့ ထောက်ခံမှုကို ယုံကြည်တယ်ဆိုရင် လာမယ့် ရွေးကောက်ပွဲမှာ ကြိုက်တဲ့မြို့နယ်ကနေ စိန်ခေါ်လို့ရတယ်။ ကိုယ့်အခြေအနေကို ကိုယ်သိဖို့လိုတယ်။” လို့ သူကပြောပါတယ်။

နောက်ပြီး ဗေလုဝက သူ့အနေနဲ့ facebook သုံးစွဲမှု မရှိကြောင်း၊ သူကိုဦးလှဆွေမှ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို အသိမိတ်ဆွေတွေက ဖုန်းဆက်ပြောဆိုမှသာ သိရခြင်းဖြစ်ပြီး၊ Facebook မှာ အပြန်အလှန် ပြောဆိုနေခြင်းဟာ သူပြောဆိုရေးသားနေခြင်း မဟုတ်ဘူးလို့ ဆိုပါတယ်။
“ကျနော်က facebook မသုံးဘူး။ ပတ်ဝန်းကျင်က မခံမရပ်နိုင်တဲ့လူတွေက ဖုန်းဆက်တော့မှ ကျနော်သိတာ။ ဗေလုဝဆိုတဲ့ facebook ကနေလည်း ဘယ်လိုတုန့်ပြန်တယ်ဆိုတာ ကျနော်မသိဘူး။ ကျနော်ကို တိုက်ခိုက်လို့ ပြောနေတာမဟုတ်ဘူး၊ ကျနော်ကို တိုက်ခိုက်မယ်ဆိုရင် ကျနော်အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်သိဖို့လိုတယ်။ လူရွှင်တော်လုပ်တာလောက်ကိုပဲ ကြည့်လို့မရဘူး။ ကျနော်မျိုးရိုးကဘာလဲဆိုတာ သူသိရမှာပေါ့။” လို့ သူကဆက်ပြောပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ လွှတ်တော်ထဲမှာ လုပ်ကိုင်ရမယ့်အလုပ် များစွာရှိကြောင်းနဲ့ သာမန်လူတွေလို ပေါက်ပန်းလေးဆယ် ပြောဆိုနေဖို့မသင့်ဘူးလို့ သူက ဆက်ပြောပါတယ်။
“လွှတ်တော်မှာ အလုပ်မရှိတော့ဘူးလား။ ပေါက်ပန်းလေးဆယ် လျှောက်ပြောနေတာက အလုပ်ရှိရင် သူ ဒီစကားတွေမပြောဘူးဗျ။ သူလူတိုင်းကို သူပြောချင်တာ လျှောက်ပြောနေတယ်။ သီတဂူဆရာတော်ကြီး ပြောသလိုသာ ပါးစပ်မှာ ခဲဖျက်ပါရင် သူပါးစပ်က စုတ်ပျက်နေလောက်ပြီ။” လို့ သူက ဆက်ပြောပါတယ်။

လူထုရဲ့ချစ်ခင်မှုတွေ၊ ထောက်ခံမှုတွေကြောင့်သာ အနုပညာရှင်တဦးအနေနဲ့ ရပ်တည်နိုင်ခြင်း ဖြစ်တဲ့အပေါ်မှာ ယုံကြည်မှု အပြည့်ရှိတဲ့ ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော်ဗေလုဝကတော့ လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ မြန်မာပြည်ရဲ့ ဘယ်မြို့နယ်ကနေမဆို ဦးလှဆွေနဲ့အပြိုင် အမတ်နေရာကို ဝင်ရောက်ယှဉ်ပြိုင် အရွေးခံရဲတယ်လို့ ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။


ကောင်းမြတ်မင်း
ဧရာဝတီ

lutawlupyaw


No comments:

Post a Comment