Saturday, March 28, 2015

" ပေးကမ်းခြင်းဆိုတာ မျိုးစေ့ချခြင်းတစ်မျိုးပါ "

" ပေးကမ်းခြင်းဆိုတာ မျိုးစေ့ချခြင်းတစ်မျိုးပါ "

လူမှုဘဝမှာ လူတွေဟာ သိခြင်းထက် မသိခြင်းရဲ့ လွှမ်းမိုးမှုအောက်မှာ ထွက်ပေါက် ပိတ်မိနေတတ်ကြတာများပါတယ်။ မသိတဲ့အခါ မိမိလုပ်ဆောင်တဲ့အရာတွေကို ရှင်းလင်းစွာ ခွဲခြားနိုင်စွမ်းမရှိဖြစ်တတ်ကြပါတယ်။ တကယ်တော့ မိမိလုပ်ဆောင်လိုက်တဲ့ အဆိုး၊ အကောင်းဟာ မိမိအတွက် မျိုးစေ့ချလိုက်ခြင်းတစ်မျိုးဘဲဖြစ်ပါတယ်။ အဲဒီအခါ မိမိချလိုက်တဲ့မျိုးစေ့အပေါ် မူတည်ပြီး မိမိရဲ့ အကျိုးခံစားခွင့်ဟာလည်း ကွာခြားသွားပါတယ်။ လောကကြီးဟာ မမျှတဘူးလို့ တစ်ချို့လူတွေက ပြစ်တင်တတ်ကြပါတယ်။ တကယ်တော့ လောကကြီးက လူသားအားလုံးအပေါ်မှာ မျှတပြီး မိမိရဲ့လုပ်ဆောင်ချက်တွေက မိမိရဲ့ ဘဝကို စီရင်နေတယ်ဆိုတာ နားမလည်မိလို့ဘဲဖြစ်ပါတယ်။

တစ်ချို့လူတွေဟာ အဆင်ပြေ ကြွယ်ဝချမ်းသာတဲ့ လူတွေကိုကြည့်ပြီး လူဖြစ်ရကျိုးနပ်လိုက်တာဆိုပြီး အားကျတာရှိပြီး အဲဒီလူတွေ ဘယ်လိုကျင့်ကြံ့ နေထိုင်သလဲဆိုတာ လေ့လာသူနည်းပါတယ်။ ကံရဲ့ အကျိုးကို ယုံကြည်သူတွေအနေနဲ့ကတော့ ကြွယ်ဝချမ်းသာမှုတွေဟာ အတိတ်ဘဝက မျိုးစေ့ချကောင်းခဲ့သလို အခုဘဝမှာလည်း အားထုတ်မှုကောင်းတာကြောင့်လို့ သုံးသပ်ကြပါတယ်။

လူတွေမှာတစ်ချို့ ဟာ အပေးအကမ်း ရက်ရောကြပြီး တစ်ချို့က သူတစ်ပါးကို ပေးရမှာကို အလွန်နှမျောတတ်ကြတာရှိပါတယ်။ မိမိမှာ ချွေးနဲ့သွေးနဲ့ရင်းပြီး ကြိုးစားထားရတဲ့ ပစ္စည်းဥစ္စာ စည်းစိမ်ကို သူတစ်ပါးအား မရက်ရောလိုတာဟာ လူ့သဘာဝပါ။ ဒါပေမယ့် မိမိရဲ့ ရက်ရောမှုတစ်ခုဟာ မိမိရဲ့ အခုဘဝအတွက်သာမက နောင်ဘဝအတွက်ပါ မျိုးစေ့ချခြင်းတစ်မျိုး ဖြစ်တယ်ဆိုတာ နားလည်မိလာတဲ့အခါမှတော့ သူ့ရဲ့အတွေးအမြင်မှာ နှမျောတွန့်တိုခြင်းဆိုတာ အလိုအလျောက် ဝေးလွင့်သွားနိုင်ပါတယ်။ အခုဘဝမှာလို နောင်ဘဝမှာလည်း အေးအေးချမ်းချမ်း နေထိုင်နိုင်ဖို့အတွက် ပေးကမ်းစွန့်ကြဲခြင်းဖြင့် မျိုးစေ့ချနိုင်ဖို့ အားထုတ်လာနိုင်ပါတယ်။

ရှင်သန်နေထိုင်ကြတဲ့လူတွေထဲမှာ လူတန်းစားအလွှာပေါင်းစုံရှိရာ လူတွေဟာ မိမိတို့နဲ့ တတ်နိုင်ရာကို လှူ ဒါန်းကြတာရှိပါတယ်။ တကယ်တော့ ဘယ်အရာမဆို လှူ ဒါန်းမှုဟူသည် နည်းသည်များသည်မရှိပါ။ မိမိ လှူလိုက်တဲ့ သဒ္ဒါတရား စွမ်းအားအပေါ်မူတည်ပြီး ရလာဒ်ထွက်ပေါ်ခြင်းဘဲဖြစ်ပါတယ်။ အဓိကတော့ လူတွေအတွက် စေတနာသုံးတန် ပြတ်တဲ့ စွန့်ကြဲမှုဟာ အကောင်းဆုံးဘဲဖြစ်ပါတယ်။ ဒါဟာ မိမိစွန့်ကြံလှူ ဒါန်းမှုရဲ့ ကုသိုလ်အားကို အပြည့်အဝ ရရှိစေတာကြောင့် ဖြစ်ပါတယ်။ ကြီးကြီး၊ ငယ်ငယ် ပဓာနမထားဘဲ မိမိသွားလာရာအရပ်မှာ ဒုက္ခရောက်နေသူတွေကို ပေးကမ်းစွန့်ကြဲခြင်းဟာလည်း မျိုးစေ့ချခြင်းတစ်မျိုး ဖြစ်ပါတယ်။ ဥပမာ- လမ်းဘေးမှာ တောင်းရမ်းစားသောက်သူတွေကို စေတနာ ရှိစွာနဲ့ ပေးကမ်းစွန့်ကြဲခြင်းဟာလည်း မျိုးစေ့ချခြင်းတစ်မျိုး ဖြစ်ပါတယ်။

မိမိပေးကမ်းစွန့်ကြဲခဲ့တဲ့ စေတနာအကျိုးဟာ မိမိလိုအပ်လာချိန်မှာ သူ့အလိုလို ပေါ်ထွက်လာကြပါတယ်။ မိမိရဲ့အခက်အခဲတွေဟာ နည်းတစ်မျိုးမျိုးနဲ့ အဆင်ပြေသွားတတ်ကြပါတယ်။ ဒါဟာ မိမိချခဲ့တဲ့မျိုးစေ့ရဲ့ အကျိုးရလဒ်ဘဲဖြစ်ပါတယ်။ လူတွေရဲ့စိတ်ထဲမှာ စေတနာကောင်းလေ အကျိုးရလာဒ်ကို အပြည့်အဝ ရရှိလေဖြစ်ပါတယ်။ နောင်ဘဝကူးမြောက်တဲ့အခါမှာလည်း မိမိချခဲ့တဲ့ မျိုးစေ့လေးတွေဟာ မိမိအတွက် အဆင်သင့် ပေါက်ရောက်နေကြမှာ ဖြစ်ပါတယ်။

တကယ်တော့ လူတွေဟာ ဒါတွေကို နားလည်သဘောပေါက်မှု မရှိကြတဲ့အခါ မိမိတို့ရဲ့ ဘဏ္ဍာတိုက်မှာ ငွေကြေးတွေဟာ အလဟဿ ဖြစ်ပြီး ကျန်ရစ်ခဲ့ကြတာများပါတယ်။ ကျန်ရစ်သူ မိသားစုက အလှူ ဒါနပြုလို့ အမျဝေကြပေမယ့် အမျအတန်းကို ယူဖို့ မကြားနိုင်တဲ့ ဘုံဘဝကိုရောက်ရှိသွားခဲ့ရင် ဒါဟာ တကယ့်ကို နောင်တရစရာဘဲဖြစ်ပါတယ်။ လူပြန်ဖြစ်ခဲ့ရင်လည်း အတိတ်ဘဝမှာ ပေးကမ်းစွန့်ကြဲမှု ကေင်းမှုကုသသိုလ် မရှိခဲ့တာကြောင့် ဆင်းရဲမွဲတေခြင်းဆိုတာကို ခံစားကြရခြင်းဘဲ ဖြစ်ပါတယ်။

ဟောလိဝုဒ်အဆိုကျော်တေးသံရှင်မလေး Taylor Swift ကို ကမ္ဘာတစ်ဝန်းလုံးက သိကြပါတယ်။ သူမရဲ့ ချစ်စဖွယ်ရုပ်ရည်လေးနဲ့ တေးသံသာချိုချိုတို့ကြောင့် သူမကိုချစ်ခင်တဲ့ ပရိသတ်များလှပါတယ်။ ချစ်စဖွယ်ရုပ်ရည်လေးနဲ့ ပြည့်စုံသူတစ်ယောက်ဖြစ်တဲ့ Taylor Swit ဟာ ကမ္ဘာပေါ်မှာ ပရဟိတလုပ်ငန်းတွေအပေါ် အလှူငွေအထည့်ဝင်ဆုံး ထိပ်တန်းအလှူ ရှင်တစ်ယောက်အဖြစ် ကမ္ဘာက မှတ်တမ်းတင်ခံရသူဖြစ်ပါတယ်။ သူမအနေနဲ့ လူသားအချင်းချင်း ကူညီပေးကမ်းလှူဒါန်းခြင်းဟာ သူမဘဝအဖြစ် ပျော်ရွှင်အေးချမ်းရသလို နောင်ဘဝအတွက်လည်း အခုဘဝလို နေထိုင်နိုင်ဖို့ ပြင်ဆင်ပြီး ဖြစ်ပါတယ်။

လူတွေအနေနဲ့ တစ်ဦးတစ်ယောက်အပေါ် ပေးကမ်းစွန့်ကြဲမှုတွေဟာ အလဟဿ ကုန်ဆုံးသွားစေမျိုး မဟုတ်ဘဲ မိမိအတွက် မျိုးစေ့ချလိုက်ခြင်းဆိုတာ နားလည်ဖို့ အရမ်းအရေးကြီးပါတယ်။ မိမိမှာပေးနိုင်လေ၊ စွန့်ကြဲနိုင်လေ မိမိအတွက် နောင်ဘဝမှာ ဥစ္စာစည်းစိမ်ဟာ ပိုလို့ ထုထည်ကြီးလေ ဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။ ရွက်ဟောင်းကြွေပြီး ရွက်သစ်တွေဝေလာသလို တစ်ခုလောက် ပေးကမ်းလှူ ဒါန်းလိုက် နောက်တစ်ခု အသစ်က မိမိထံကိုရောက်ရှိလာလိုက်နဲ့ ပေးကမ်းမှုနဲ့အတူ မျိုးစေ့တွေဟာ သူ့အလိုလို ပေါက်ပွားလာပါတယ်။

ကံတရားရဲ့ စီမံမှုအောက်မှာ လူတွေဟာ မိမိရဲ့ ရှင်သန်မှုကို စီရင်ပိုင်ခွင့်မရှိပါ။ မမျော်လင့်တဲ့အချိန်မှာ မမျော်လင့်ဘဲ မိသားစုတွေကို ထာဝရ စွန့်ခွာသွားရမှုတွေဟာ လူတိုင်းအတွက် အချိန်မရွေးဖြစ်နိုင်ပါတယ်။ မသေချာတဲ့ ဘဝရဲ့ ရရှိတုန်းအချိန်လေးမှာ သူတစ်ပါးအပေါ် စေတနာရှိရှိ စွန့်ကြဲပေးကမ်းကြခြင်းဖြင့် မိမိအတွက် တစ်ခုခုကို အရယူသွားနိုင်ဖို့ အခွင့်အရေးရှိကြပါတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Credit : Yangon Life



lutawlupyaw

No comments:

Post a Comment