Saturday, March 28, 2015

"ဈေးမ၀ယ်ပဲ မနေနိုင်သူများ ဆောင်ရန်၊ ရှောင်ရန်များ"

"ဈေးမ၀ယ်ပဲ မနေနိုင်သူများ ဆောင်ရန်၊ ရှောင်ရန်များ"

Shopping ဆိုတဲ့ စကားလုံးဟာ မိန်းကလေးတွေရဲ့ နားထဲမှာ အလွန်ကို နားဝင်ပီယံဖြစ်စေပါတယ်။ Shopping ဆိုရာမှာ မနက်ခင်း မီးဖိုချောင်အတွက် လိုအပ်တဲ့ အသီးအရွက်၊ သားငါး ၀ယ်တာတွေကို ပြောတာမဟုတ်ပါဘူး။ ကျော့ကျော့လေးဝတ်ပြီး ကိုယ့်စိတ်ကူးရှိသလို ပစ္စည်းလေးတွေ လိုက်ရှာရင်း စိတ်ကြိုက်ဈေးဆစ်ပြီး ၀ယ်ယူရတဲ့ Shopping ကို ပြောတာဖြစ်ပါတယ်။

Shopping ထွက်ရတာကို မိန်းကလေးတွေ ဘာဖြစ်လို့ အသည်းစွဲကြသလဲဆိုရင် ပထမအချက်ကတော့ ကိုယ့်ရဲ့ပျိုပြစ်နုနယ်မှုကို လှစ်ဟပြသခွင့်ရတယ်။ ဒုတိယအချက်ကတော့ အများသူငှာလို ၀တ်နိုင်၊ စားနိုင်တယ်ဆိုတဲ့ ပုံရိပ်ကို ဖော်ဆောင်ခွင့်ရတယ်။ တတိယအချက်ကတော့ ကိုယ်ကပဲ အိမ်ရှေ့စံမင်းသမီးကလေးလို ဈေးသည်မှန်သမျှက ဖူးဖူးမှုတ်ဆက်ဆံကြတာကို သဘောကျကျေနပ်တယ်။ စတုတ္ထအချက်ကတော့ ပယ်ပယ်နှယ်နှယ်ဈေးဆစ်ရခြင်းဖြင့် မိမိရဲ့ ကိုယ်ပိုင်တန်ဖိုး၊ ကိုယ်ပိုင်မာန်မာနတွေ ပိုပြီး ခိုင်မာလာတယ်။ ပဉ္စမအချက်ကတော့ ပစ္စည်းအသစ်တွေ ၀ယ်ရမှတော့ဖြင့် မိန်းကလေး မပြောနဲ့ ယောက်ျားလေးတွေတောင် ပျော်ကြပါတယ်။

ဒါပေမယ့် ဒီဈေးဝယ်ရတာကို စွဲလန်းနှစ်ခြိုက်မိလို့ သူများဝတ်တာ စားတာကို လိုက်ကြည့်ပြီး ပြိုင်ချင်မိလို့ ဘ၀ပျက်ခဲ့ရတဲ့ မိန်းကလေးတွေ ရှိတယ်လို့ပြောရင် လွန်တယ်လို့ ဆိုကြမလားပဲ။ တစ်ကယ်တော့ ဈေးဝယ်ရတာကို စွဲလန်းတဲ့ Shopaholic တွေရှိပါတယ်။ အရက်ကို alchohol လို့ ခေါ်ပြီး အရက်စွဲလန်းသူကို alchoholic လို့ ခေါ်ဆိုရာကနေ တစ်ခုခုကို စွဲလမ်းတယ် ဆိုရင်ကိုပဲ alchoholic နေရာမှာ အစားထိုး အသုံးပြုတဲ့ အင်္ဂလိပ် စကားလုံးဖြစ်ပါတယ်။ ဒါဆိုရင် Shopaholic ရဲ့ ဆိုလိုရင်းကို စာဖတ်သူများ သဘောပေါက်လောက်ပါပြီ။

သင်ဟာ Shopaholic တစ်ယောက်ဖြစ်တယ်ဆိုရင် ပစ္စည်းတစ်ခုမ၀ယ်ခင် ကိုယ့်ကိုယ်ကိုယ် မေးရမယ့်မေးခွန်းတွေကတော့ ဒီပစ္စည်းကို ငါတစ်ကယ်လိုလို့လား၊ ဒီပစ္စည်းဟာ ငါ့အတွက် ဘယ်လောက်ကြာကြာ အသုံးဝင်မှာလည်း၊ ဒီပစ္စည်းဝယ်ဖို့ သုံးရတဲ့ပိုက်ဆံကို ငါ ဘယ်လောက်ကြာကြာ ပြန်ရှာရမှာလဲ ဆိုတာတွေပဲ ဖြစ်ပါတယ်။

ဒီပစ္စည်းကို ငါတစ်ကယ်လိုလို့လား လို့ ဘာကြောင်းမေးရသလဲဆိုရင် များသောအားဖြင့် မိန်းကလေးတွေဟာ ချစ်စရာကောင်းလို့ ၀ယ်လာရတာနဲ့၊ ဈေးပေါလို့ ၀ယ်လာရတာနဲ့၊ လက်ဆောင်ရလို့ယူခဲ့တာနဲ့ အကြောင်းအမျိုးမျိုးနဲ့ ကိုယ်ဘယ်တော့မှမသုံးမယ့် ပစ္စည်းလေးတွေကို ၀ယ်လာတတ်ကြပါတယ်။ သူတို့အနေနဲ့ကတော့ ကိုယ်လုပ်ချင်တာလေးတွေကို လုပ်လိုက်ရလို့ ကျေနပ်ပျော်ရွှင်တဲ့ သဘောပေါ့။ ဒါပေမယ့် မရင့်ကျက်တဲ့သဘောတော့ ဖြစ်နေတာပေါ့။ အဲဒီပစ္စည်းတန်ဖိုးဟာ ကိုယ့်စီးပွားကို နင့်ခနဲနေအောင် ကိုင်မလှုပ်နိုင်တဲ့ ပမာဏဆိုရင်တော့ တော်ပါ သေးရဲ့။

ဒီပစ္စည်းဟာ ငါ့အတွက် ဘယ်လောက်ကြာကြာ အသုံးဝင်မှာလည်း။ ကိုယ်ကိုယ်တိုင်ကဖြစ်စေ၊ ကိုယ့်ကို ဘယ်လောက်ဂရုစိုက်တယ် ဆိုတာကို စမ်းချင်လို့ဖြစ်စေ ခဏတဖြုတ်သုံးဖို့ အရေး ငွေအကုန်ခံပေးမှ ကျေနပ်တတ်ကြသူတွေ ရှိပါတယ်။ ကိုယ့်အတ္တ၊ မာနကို ထုတ်ကြွားဖို့ကလွဲရင် လူတွေကကိုယ့်ကို အထင်မကြီးပဲ အတော် ‘အ’ တယ် လို့ ထင်ကြမှာဖြစ်သလို ကိုယ့်အပေါ် ငွေတွေထုတ်သုံးပေးရသူကလည်း သူတို့ကို အသုံးချသွားတယ်ဆိုတာ သတိထားမိပြီး သင့်ကို သဘောကျမှာမဟုတ်ပါဘူး။ ဒါမှမဟုတ် သူတို့ သုံးလိုက်ရတဲ့ငွေနဲ့ တန်အောင် သင့်ဆီက အခွင့်အရေးတွေ ယူသွားပါလိမ့်မယ်။

ဒီပစ္စည်းဝယ်ဖို့ သုံးရတဲ့ ပိုက်ဆံကို ငါဘယ်လောက်ကြာကြာ ပြန်ရှာရမှာလဲ။ ဥပမာအားဖြင့် မိန်းကလေးတွေဟာ Shopping အပြင် Travelling ကို အလွန်စိတ်ဝင်စားကြပါတယ်။ ရေချောင်း၊ ရေတံခွန်၊ မြစ်၊ ပင်လယ်ကမ်းခြေ စတာတွေကို ကြားလိုက်ရင် ခြေဖနောင့်ကလေး မြောက်ကာမြောက်ကာနဲ့ အူယားပြကြပါတယ်။ ဘယ်လောက်ကုန်ကုန် သွားချင်ကြပါတယ်။ ဒါပေမယ့် ကိုယ်စဉ်းစားရမှာက အဲဒီငွေတွေရဖို့ ကိုယ်ဘယ်လောက်ကြာအောင် အလုပ်ပြန်လုပ်ရမလည်း ဆိုတာပါပဲ။

တစ်လကို ကျပ် ၁ သိန်းခွဲ ၀င်ငွေရှိတဲ့ဝန်ထမ်းဟာ တစ်လကို ကျပ် ၅ သောင်းစုမိပြီး ၃ ရက်အတွင်း ၅ သိန်း ကုန်ကျ မယ့် ခရီးကို သွားချင်တယ်ဆိုပါစို့။ ၃ ရက်တာပျော်ရွှင်ဖို့ ၁၀ လကြာ အလုပ်လုပ်ရမယ် ဆိုတာကို သူသဘောပေါက်ဖို့ လိုအပ်ပါတယ်။

Shopping ထွက်တာလည်း ဒီလိုပါပဲ။ လက်စွပ်တစ်ကွင်းကို လိုချင်တယ်ဆိုရင် အဲဒီငွေပမာဏ ရဖို့ ကိုယ်ဘယ်လောက်ကြာကြာ အလုပ်လုပ်ရမလည်း၊ ကိုယ် တစ်ကယ်လိုလို့လား၊ ဘယ်လောက်ကြာကြာ အသုံးဝင်မှာလည်း ဆိုတာတွေနဲ့ ဆင်ခြင်သင့်ပါတယ်။

Shopping ကို အမျိုးသမီးတိုင်းလိုလို နှစ်သက်ကြပြီး အချို့ အမျိုးသမီးတွေဟာ Shopaholic ဖြစ်ကြတာမို့ မိမိကိုယ်ကို ထိန်းနိုင်အောင် အခုလို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

 Lashio News Diary



lutawlupyaw

No comments:

Post a Comment