Saturday, March 28, 2015

" တိမ်တွေဖြန့်ခင်းတဲ့ကောင်းကင် "

" တိမ်တွေဖြန့်ခင်းတဲ့ကောင်းကင် "

တိမ်တွေနေတဲ့အရပ်ဆီမှာ
တို့နှစ်ယောက်အိပ်မက်တွေကို အတူဖြန့်ခင်း
နှင်းတွေကို ရေတွက်ကြမယ်

ချစ်သူရေ
တိမ်တွေဖြန့်ခင်းတဲ့ကောင်းကင်ဆီမှာ
ကံကောင်းခြင်းတွေ ဆောင်ယူလာလှည့်

လောကဓံဆိုတာ နိမ့်တစ်ခါမြင့်တစ်လှည့်
အေးတစ်ခါ ပူတစ်လှည့်
နုတစ်ခါ ကြမ်းတစ်လှည့်မို့
မျက်ရည်ဆိုတာ ခွန်အားတွေပါ
ဒုက္ခဆိုတာ သင်ခန်းစာတွေပါ

ဟိုး ...မှာ ကြည့်စမ်း
ကောင်းကင်နဲ့မြေပြင်ဟာ နီးစပ်လို့

(တို့) ခရီးလမ်းဘယ်လောက်ရှည်ရှည်
ဘာကိုမှ တွေဝေမနေပါနဲ့
ကိုယ့်လက်ကိုသာတွဲ
ဒုက္ခဆိုတာ (တစ်ခါတစ်ခါ )
စွဲမက်စရာပါပဲကွယ်။

( ယုံကြည်မှုနဲ့သာ ရဲရင့်လိုက်စမ်း )

ကိုယ့်လက်တစ်စုံမှာ ကြင်နာခွင့်လွှတ်တတ်ခြင်းတွေနဲ့
ကိုယ့်နှုတ်ခမ်းတွေမှာ ရိုးသားမှန်ကန်ခြင်းတွေနဲ့
မခွဲဘူးဆိုတဲ့ ကတိကို အထပ်ထပ်ပြု
တောင်းဆုတစ်ခုကို ပြုပါရစေ /

ရောင့်ရဲငြိမ်သက်ခြင်းဟာ ရေအလျဉ်လို
တည်ငြိမ်အေးချမ်းခြင်းဟာ နှင်းစက်တွေလို
နွေးထွေးကြင်နာတတ်ခြင်းဟာ နေရောင်ခြည်တွေလို
ကြင်နာသူသို့ သက်ရောက်ပါစေသား။

သက်တန့်ချို



lutawlupyaw

No comments:

Post a Comment