Thursday, March 26, 2015

"မှန်ကန်တဲ့အမြင် ရှိတဲ့သူဟာ အင်အားကြီးတဲ့သူ"

"မှန်ကန်တဲ့အမြင် ရှိတဲ့သူဟာ အင်အားကြီးတဲ့သူ"
                          
ကုသိုလ်ထဲမှာ သမ္မာဒိဠိက အားအကြီးဆုံးပဲ။ မှန်ကန်တဲ့အမြင်ဟာ စိတ်ရဲ့အဆင့်အတန်းကို ပိုပြီးမြင့်စေတယ်။ စိတ်ဓာတ်အင်အားကို ပိုပြီးကြီးစေတယ်။ ဒါကြောင့် မှန်ကန်တဲ့အမြင် ရှိတဲ့သူဟာ အင်အားကြီးတဲ့သူလို့ ဆိုရမယ်၊၊

တရားအားထုတ်တာဟာ မှန်ကန်တဲ့အမြင်ကိုရဖို့ အားထုတ်တာ။ တရားအားထုတ်လို့ဖြစ်လာတဲ့ အသိဥာဏ်က ပိုပြီးတော့ စိတ်ရဲ့စွမ်းအားကို ကြီးအောင် လုပ်ပေးနိင်တယ်။ ဒါသေချာတယ်။ လက်တွေ့စမ်းကြည့်လိုက်၊ ကိုယ်တွေ့သိသွားမှာဘဲ။

ကုသိုလ်မှန်း သိပြီးတော့ အဲဒီကုသိုလ်ကို လုပ်ရင်းနဲ့ စိတ်ဓာတ်အင်အားကို ကြီးသည်ထက် ကြီးလာအောင်၊ မြင့်သည်ထက် မြင့်လာအောင် မြှင့်တတ်တဲ့လူဟာ ပညာတတ်ပဲ။

ဖြစ်ဖို့ မသေချာတဲ့ကိစ္စ၊ ဒါပေမဲ့ ဖြစ်နိုင်တဲ့ အလားအလာတော့ နည်းနည်းရှိတယ်- အဲဒါကို အစွမ်းကုန်ကြိုးစားပြီး နေတဲ့သူဟာ စိတ်ဓာတ်အင်အား ကြီးတဲ့သူ။ ဖြစ်မှာ သေချာတာကိုမှ လုပ်ချင်တဲ့သူဟာ စိတ်ဓာတ်အင်အား နည်းတဲ့သူ။

စိတ်ဓာတ် ခိုင်မာတဲ့သူ၊ စိတ်ကျန်းမာရေး ကောင်းနေတဲ့သူဟာ လုပ်စရာရှိတာ စိတ်ဝင်စားတာကို လုပ်နေတတ်တယ်။ သူ့စိတ်က သောကဖြစ်စရာကို ရှာကြံပြီး တွေးမနေတတ်ဘူး။

တရားသတိနဲ့နေတဲ့ အလေ့အကျင့် ရနေတဲ့သူဟာလည်း စိတ်ကို ပစ္စုပ္ပန်မှာဖြစ်နေတာ၊ လုပ်နေတာကို သိပြီးနေတယ်။ အတွေးထဲမှာ မျောမနေဘူး။ သတိနဲ့နေတတ်ရင် စိတ်ကြည်လင်ပေါ့ပါးတယ်။ အတွေးများလာရင် စိတ်ပင်ပန်းတယ်။ စိတ်ဟာ စိတ်ကူးယဉ်ပြဿနာတွေကို ဖန်တီးတတ်တယ်။ ဒါကိုတော်တော် သတိထားဖို့ လိုတယ်။

အဆင်မပြေတဲ့ အခြေအနေတွေနဲ့ ကြုံတဲ့အခါ ကိုယ့်စိတ်ကို ကိုယ် ခိုင်ခိုင်မာမာ ထားနိုင်တဲ့သူဟာ ကိုယ့်ဘဝကို ကိုယ့်လက်ထဲမှာ ထားနိုင်တဲ့သူလို့ ပြောလို့ရတယ်။

ဆရာတော်ဦးဇောတိက
Credit to စိတ်ပြူတင်းပေါက်

K.K(ကနောင်)



lutawlupyaw

No comments:

Post a Comment