Monday, March 30, 2015

" လွတ်လပ်မှု "

" လွတ်လပ်မှု "

ကိုယ်က လွတ်လပ်မှုကို ပိုပြီးလိုချင်ရင် သူများကို လွတ်လပ်မှုပိုရှိအောင် အတတ်နိုင်ဆုံး အကူအညီပေးပါ။ သူများ လွတ်လပ်မှု ဆုံးရှုံးနေတာကို ငါနဲ့ မဆိုင်ဘူးလို့ သင် သဘောထားရင် သင့်လွတ်လပ်မှုလည်း မကြာခင် ဆုံးရှုံးသွားမှာ သေချာတယ်။

ကိုယ့်လွတ်လပ်မှုကို တန်ဖိုးထားရင် သူတစ်ပါးရဲ့ လွတ်လပ်မှုကိုလည်း တန်ဖိုးထားမှ ဖြစ်မယ်။

ကိုယ့်လွတ်လပ်ခွင့်ဟာ သူတို့လွတ်လပ်ခွင့်ကို အန္တရာယ်ဖြစ်အောင် မလုပ်ရဘူး။

လွတ်လပ်မှုဆိုတာ ဘာလဲဆိုရင် ပညာဥာဏ်နဲ့ ယှဉ်ပြီးတော့ လုပ်သင့်တာကို လုပ်တာ လွတ်လပ်မှုလို့ ပြောလို့ရတယ်။ ကိုယ့်အကျိုးရှိဖို့ သူတစ်ပါးအကျိုး ထိခိုက်တဲ့ အလုပ်တွေကို စည်းမဲ့ကမ်းမဲ့ လုပ်တာဟာ လွတ်လပ်မှု မဟုတ်ဘူး။ လူ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက် အကျိုးရှိတာကို သိပြီး လုပ်နိုင်တဲ့သူဟာ လွတ်လပ်မှုရှိတဲ့လူ ဖြစ်တယ်။ ကိုယ်လည်းပဲ အကျိုးရှိအောင်၊ အများလည်းပဲ အကျိုးရှိအောင် စဉ်းစားပြီးလုပ်မယ်။ ကိုယ်ပဲ အကျိုးရှိအောင်လို့ ဆိုတဲ့ အတ္တစွဲကြီးနဲ့ မလုပ်တော့ဘူး။ အဲဒီလိုလူဟာ ပျော်လည်း ပျော်တယ်၊ ကြည်လင်ရွှင်လန်းတဲ့ စိတ်လည်း ရှိတယ်။

တစ်ကိုယ်ကောင်းဆန်ဆန် သူများကို ဒုက္ခပေးပြီး ကိုယ်ကျိုးရှာတဲ့သူဟာ လွတ်လပ်တဲ့သူ မဟုတ်ဘူး။ တကယ် လွတ်လပ်တဲ့သူဟာ အတ္တစွဲကို လွန်မြောက်ခဲ့ပြီ။ ဒါကြောင့် တစ်ကိုယ်ကောင်း မဆန်ဘူး။

မပြည့်ဝတဲ့သူဟာ ကရုဏာ မထားနိုင်ဘူး။ မပြည့်ဝတဲ့သူဟာ သူ့မှာ ဘယ်လောက်ရှိရှိ လိုသေးတယ်လို့ပဲ ထင်နေတယ်၊၊ နည်းသေးတယ်လို့ပဲ ထင်နေတယ်။ သူများရမှာကို မလိုလားဘူး။ အခု ကရုဏာမရှိ တစ်ကိုယ်ကောင်းဆန်ဆန် လုပ်နေကြတာတွေဟာ ဘာကြောင့်လဲ။ မပြည့်ဝလို့။ ချို့တဲ့နေတဲ့စိတ်ရှိလို့။ ပြည့်စုံတဲ့စိတ် မရှိလို့။ လွတ်လပ်တဲ့စိတ် မရှိလို့။

လွတ်လပ်မှုဆိုတာ လူ့အခွင့်အရေးလို့ ပြောကြပါတယ်။ မှန်ပါတယ်။ ဒါပေမဲ့ ပိုပြီး အဆင်မြင့်တဲ့ လွတ်လပ်မှုကို စဉ်းစားကြည့်တော့ ကိုယ့်ကိုယ်ကို ကိုယ်လွတ်လပ်တဲ့သူ ဖြစ်အောင် လုပ်ရမှာ လူတိုင်းရဲ့ အခွင့်အရေးနဲ့ တာဝန် ဖြစ်တယ်။

အခွင့်အရေးဆိုတာ ကိုယ့်ဘဝကို ကိုယ်တာဝန်ယူနိုင်တဲ့သူအတွက်ပဲ ဖြစ်တယ်၊၊ တာဝန်မဲ့နေတဲ့သူ၊ စည်းမဲ့ကမ်းမဲ့ နေတဲ့သူဟာ လွတ်လပ်မှုနဲ့ မတန်တဲ့သူ ဖြစ်တယ်။

ငါဟာ လွတ်လပ်တဲ့သူ ဖြစ်ရမယ်။ အဲဒီလို လွတ်လပ်တဲ့သူဖြစ်ဖို့ တာဝန်ကို ငါယူတယ်။ လွတ်လပ်တဲ့သူဖြစ်ဖို့ လိုအပ်တဲ့ စိတ်ဓာတ်အင်အား ငါ့မှာရှိတယ်၊ အရည်အချင်း ငါ့မှာရှိတယ်၊ သတ္တိ ငါ့မှာရှိတယ်၊ စည်းကမ်း ငါ့မှာရှိတယ်၊ ဇွဲ ငါ့မှာရှိတယ် လို့ ရဲရဲဝံ့ဝံ့ ပြောနိုင်တဲ့သူ ဖြစ်ရမယ်။ အဲဒီလို ပြောနိင်တာကိုက လွတ်လပ်မှုတာဝန်ကို ယူတာပဲ။ ငါ့မှာ အရည်အချင်းရှိဖို့၊ သတ္တိရှိဖို့၊ စည်းကမ်းရှိဖို့၊ ဇွဲရှိဖို့ ပညာတတ်ဖြစ်ဖို့ ငါတာဝန်ယူတယ် လို့ ပြောနိုင်တဲ့စိတ်ဟာ လွတ်လပ်တဲ့ စိတ်ဖြစ်တယ်။

ကိုယ့်ကိုယ်ကိုကိုယ် လွတ်လပ်တဲ့သူဖြစ်ဖို့ တာဝန်ကို ယူထားတဲ့သူဟာ ကိုယ့်အရည်အချင်းတွေကို ကိုယ် အမြဲတမ်း မြှင့်တင်နေရမယ်။ ကိုယ့်ရဲ့ တွေးခ်ါပုံ၊ စဉ်းစားပုံကို ပိုပြီး သဘာဝကျအောင် တိကျအောင်
လေ့ကျင့်နေရမယ်။ ကိုယ့်စိတ်ဓာတ်ကို ခိုင်မာအောင် ရင့်ကျက်အောင် လေ့ကျင့်နေရမယ်။ ငါဟာ ဥာဏ်ရှိတဲ့သူ၊ သတ္တိရှိတဲ့သူ၊ 'အမှား အမှန်၊'
'အကောင်း အဆိုး'၊ 'တရားတယ်၊ မတရားဘူး'၊ ဆိုတာကို ခွဲခြားပြီး သိတဲ့သူ ဆိုတာကို ဖေါ်ပြနိုင်ရမယ်။။

➖➖➖➖➖➖

ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊

စိုးပိုင် (FB)



lutawlupyaw

No comments:

Post a Comment