Saturday, March 28, 2015

" 'နတ်' 'လူငယ်' နှင့် မျောက်ငါးကောင်ပုံပြင် "

" 'နတ်' 'လူငယ်' နှင့် မျောက်ငါးကောင်ပုံပြင် "

အခုခေတ် ပညာတတ် ဗုဒ္ဓဘာသာဝင် လူငယ်တွေ “နတ်” ကိုးကွယ်နေတာမြင်တော့ “မျောက် ၅ ကောင် ပုံပြင်” ကို သွားပြီး သတိရမိတယ်။ တစ်ခါက… သိပ္ပံပညာရှင်တစ်စုဟာ မျောက် ၅ ကောင်ကို လှောင်အိမ်ထဲထည့်ပြီး စမ်းသပ်မှုတစ်ခုကို ပြုလုပ်ကြပါတယ်။ လှောင်အိမ်ရဲ့  အလယ်မှာတော့ လှေခါးတစ်ခုကိုထောင်ထားပြီး လှေခါးထိပ်မှာ ငှက်ပျောသီးတစ်ဖီးကို တင်ထားပါတယ်။ မျောက်တစ်ကောင်ကောင်ဟာ လှေခါးထိပ်က ငှက်ပျောသီးကို တက်ယူတဲ့အခါတိုင်း မျောက်လှောင်အိမ်ကို အပေါ်ကနေ ရေခဲရေနဲ့လောင်းချပါတယ်..။

မျောက်တစ်ကောင်ကောင်က ငှက်ပျောသီးယူဖို့ ကြိုးစားတိုင်း မျောက်အားလုံး ရေခဲရေ အလောင်းခံရတာပေါ့။ ခဏကြာမှာတော့ မျောက်တွေဟာ ငှက်ပျောသီးတက်ယူရင် ရေခဲရေ လောင်းချခံရတာကို သတိထားမိလာကြပါတယ်။ ငှက်ပျောသီးကိုယူဖို့လည်း လက်လျော့လိုက်ကြတယ်..။ သူတို့ထဲက တစ်ကောင်ကောင်က လှေခါးပေါ်တက်တိုင်း ကျန်မျောက်တွေက ဆွဲချ.. ထုကြထောင်းကြသတဲ့။
သိပ္ပံပညာရှင်တွေဟာ လှောင်အိမ်ထဲက မျောက်တစ်ကောင်ကို ထုတ်ပြီး မျောက်အသစ်တစ်ကောင်ကို အစားထိုးထည့်လိုက်ပါတယ်..။ မျောက်အသစ်က ရေခဲရေအကြောင်းကိုမသိတော့ ငှက်ပျောသီးမြင်တာနဲ့ တက်ယူဖို့ကြိုးစားတာပေါ့။ (အဒီအချိန်မှာ ရေခဲရေနဲ့ မလောင်းတော့ပါ) ဒါပေမယ့် သူလှေခါးပေါ်တက်တိုင်း ကျန်တဲ့မျောက်တွေက ဆွဲချရိုက်နှက်ကြပါတော့တယ်..။ ဒီတော့ နောက်ရောက်လာတဲ့မျောက်ကလည်း ငှက်ပျောသီးယူရင် အထောင်းခံရတယ်ဆိုတာသိပြီး လက်လျော့လိုက်တယ်။ နောက်တစ်ခါ မျောက်အဟောင်းထဲက တစ်ကောင်ကို အခြားမျောက်သစ် တစ်ကောင်နဲ့ လဲလိုက်ပြန်တယ်..။ အလားတူပဲ ဒီမျောက်သစ်လည်း ငှက်ပျေားသီးတက်ယူတာနဲ့ အထောင်းခံရတာပါ။
စိတ်ဝင်စားစရာကောင်းတာက ပထမဆုံးအလဲခံရတဲ့ မျောက်ကလည်း ဒုတိယမျောက်သစ်ကို ဝင်ဆော်ပါသတဲ့..။ ဘာလို့လည်းဆိုတော့ သူ့တုန်းကလည်းဒီလိုပဲ အထောင်းခံရလို့ သူကလည်း ပြန်ထောင်းတာပါ။

ဒီလိုနဲ့မျောက်တွေကို တစ်ကောင်ချင်း အစားထိုးလိုက်တာ..နောက်ဆုံးမှာ မျောက်အသစ်တွေချည်းပဲ ကျန်ပါတော့တယ်။ သူတို့ဟာ ရေခဲရေအကြောင်းကို မသိပါဘူး။
ဒါပေမယ့် "ငှက်ပျောသီးကိုမယူရ၊ ယူတဲ့မျောက်ကို ထုထောင်းရမယ်" ဆိုတဲ့ အယူကိုတော့ ဆက်လက်ကျင့်သုံးနေမြဲပါပဲတဲ့။

ပုံပြင်ကတော့ဒါပါပဲ။ ဒီပုံပြင်ထဲကအတိုင်းပဲ အခုခေတ်လူငယ်တွေဟာ တထေရာထဲတူနေကြတယ်။ နတ်ကိုးကွယ်မှုဟာ ကျွန်တော်တို့ ဘိုး/ဘွား တွေ လက်ထက်ကတည်းက ကိုးကွယ်လာကြတဲ့ ဓလေ့ထုံးတမ်းတစ်ခုပဲ။ ဒါပေမယ့် အဲဒီအဘိုး/အဘွားတွေဟာ သူတို့ဘာလို့ နတ်ကိုးကွယ်တယ်ဆိုတာကို ကျွန်တော်တို့ အဖေ/အမေ တွေကို မရှင်းပြသွားနိုင်ကြဘူး။ သူတို့ကိုယ်တိုင်ကလည်း ဘာလို့ကိုးကွယ်နေမှန်း မသိကြဘူးလေ။ အဲဒီတော့ ကျွန်တော်တို့ အဖေ အမေ တွေကလည်း လိုက်ကိုးကွယ်ကြတယ်။ မယုံရင်သူတို့ကို သွားမေးကြည့် 70% သောမိဘတွေ မသိကြဘူး/ မရှင်းလည်း မရှင်းပြနိုင်ကြဘူး။ သူတို့ရဲ့အဖြေ အများစုက
၁) နတ်နှင့်နဂါး မလှည့်စားကောင်းဘူး။
၂) နင်တို့မယုံရင်နေ နတ်ကိုတော့သွားမစော်ကားနဲ့။ “နတ်” ကိုင်လိမ့်မယ်။
၃) နင်တို့ဘာသိလို့လဲ။ နတ်မကိုးကွယ်ရင် ဗုဒ္ဓဘာသာဝင်မဟုတ်ဘူး။
4) တခြားနတ် မကိုးကွယ်ရင်နေ အိမ်းတွင်းနတ်တော့ ကိုးကွယ်ရမယ်။ အဲဒါမှအိမ်လုံခြုံမှာ။
၅) ဒါ အဖေ/အမေတို့ရဲ့ ရိုးရာ မပယ်ကောင်းဘူး။
စသဖြင့် ဓလေ့ထုံးတမ်းစဉ်လာ/ ကြောက်စိတ်ပါသေ ဖြေကြားချက်များပဲ ကြားရပါလိမ့်မည်။

ကျွန်တော်တို့မိဘတွေ မသိမှတော့ ကျွန်တော်တို့ ယခုခေတ်လူငယ်တွေပိုဆိုးပြီပေါ့။ နတ်သာကိုးကွယ်နေရတယ် ဘူမသိကိုးမသိနဲ့။ မျောက်တွေလိုပေါ့ ငှက်ပျောသီးကလည်းစားချင် တက်ယူရင်လည်း အထုအထောင်းခံရတယ် ၊ ဘာလို့ဝိုင်းဆော်ကြမှန်းလည်းမသိ ဆိုသလိုဖြစ်နေပြီ။ တချို့ဆို သူရဿတီဟာ ပိဋကတ်သုံးပုံကို စောင့်ရှောက်တယ်လို့ ထင်လိုထင်၊ ရေငံပိုင် ဦးရှင်ကြီးမတင်ရင်ပဲ ရေနစ်သေရတော့မယ့်အတိုင်း ပြောလိုပြော၊ အိမ်းတွင်း စင်မထားလို့ပဲ အိမ်ပေါ်သရဲတတ်တယ် ဆိုတဲ့သူကဆို။ ပေါက်တတ်ကရ အတွေးအမြင်တွေနဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် လူငယ်တွေ အယုံကြည်မှား အကိုးကွယ်မှားနေလိုက်ကြတာ။ နတ်ကိုးကွယ်နေတဲ့ မိသားတစ်စုကနေ တစ်ယောက်ယောက်က ဖောက်ထွက်ပြီး သရဏဂုံတည်သော ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်ကို ခံယူမယ်ဆိုပြန်တော့လည်း ကျန်တဲ့သူတွေက မျောက်ငါးကောင်ပုံပြင်ထဲကလို ၀ိုင်းကန့်ကွက်/ ခြိမ်းခြောက်ကြ / အပျော့ဆွဲနဲ့နတ်ကို ပြန်ကိုးကွယ်အောင်လုပ်ကြနဲ့ ပြန်ပါသွားတာပဲ။

အဲဒီတော့ ကျွန်တော်တို့လူငယ်တွေဟာ မျောက်ငါးကောင်ပုံပြင် ကိုသင်ခန်းစာ ယူကြရမယ်။ မျောက်ငါးကောင်လို ဘာမှန်းမသိပဲ ငှက်ပျောသီး တက်မယူရဲတဲ့အဖြစ်မျိုး မဖြစ်ရအောင် စာတွေဖတ်ကြရမယ်။ ကိုယ် ကိုးကွယ်နေတဲ့ ဘာသာဟာ ဘယ်လိုဘာသာလဲဆိုတာကို လေ့လာကြရမယ်။ သူများယောင်လို့သာ လိုက်ယောင်ရတယ်။ အမောင် တောင်မှန်းမသိ မြောက်မှန်းမသိ မဖြစ်ကြပါစေနဲ့။ ကြောက်သင့်တာကငရဲ၊ မကြောက်သင့်တာက ”နတ်” ။ ဘယ်အရာကိုကြောက်ရမလဲဆိုတာ ခွဲခြားသိဖို့လိုပါတယ်။ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ချင်ရင် သရဏဂုံတည်ရပါတယ်။ နတ်ကိုးကွယ်ရင် သရဏဂုံ ပျက်ပြီး ဒိဌိဖြစ်သွားပါတယ်။ ဒိဌိဖြစ်ရင် အပယ်ကျပါမယ်။ ကြောင်းကျိုးဆက်စပ်မှုကို ပြတာပါ။ နောက်ဆုံးကုန်ကုန်ပြောမယ်ဗျာ ခင်ဗျားတို့ယုံကြည်တဲ့ “နတ်” တွေ သူတို့မယုံကြည်လို့ ကျွန်တော့်ကိုသတ်ရင် ဒီတစ်ဘ၀ပဲသေမယ်။ သူတို့သတ်မှာကြောက်ပြီး သူတို့ကို ကိုးကွယ်လိုက်ရင် “ဒိဌိ” ဖြစ်ပြီး ဘ၀ပေါင်းများစွာ အပါယ်ငရဲကြမှာ။ ကဲ ကျွန်တော့် ညီငယ်၊ ညီမငယ်၊ အကို၊ အမတို့ ဘယ်လမ်းကိုရွေးကြမှာလဲ။ ကျွန်တော်ကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ် လမ်းကိုလျှောက်လှမ်းနေပါပြီခင်ဗျာ။


သင်ကြားလေ့လာဗုဒ္ဓဘာသာ
Mrsoe Thuaung



lutawlupyaw

No comments:

Post a Comment