Monday, March 30, 2015

" ဆုံးရှုံးခဲ့ရတဲ့အရာလေးတွေ "

" ဆုံးရှုံးခဲ့ရတဲ့အရာလေးတွေ "

ဒီနေ့ဒီချိန်ထိ ကျွန်မတို့တွေအားလုံးဆီမှာ ဆုံးရှုံးခဲ့ရတဲ့အရာတွေ အများကြီးရှိပါလိမ့်မယ်။
ပျောက်ဆုံးသွားတဲ့ အရာဝတ္ထုတွေ၊ ကုန်ဆုံးသွားတဲ့ အချိန်တွေ၊ လမ်းခွဲလိုက်ရတဲ့ ချစ်သူတွေ၊
ရန်သူဖြစ်သွားရတဲ့ သူငယ်ချင်းတွေ၊ေ၀၀ါးဆိတ်သုဉ်းသွားတဲ့ အချစ်စစ်တွေ … အစရှိသဖြင့် အကြောင်းရင်းပေါင်းမျိုးစုံ ပုံစံမျိုးစံတွေနဲ့ ဆုံးရှုံးသွားကြရပါတယ်။

ဘာတွေဘယ်လောက်ပဲ ပျောက်ဆုံးသွားပျောက်ဆုံးသွား။ ပျောက်ဆုံးသွားတဲ့ အရာတွေကို စောင့်စားရှာဖွေရင်းနဲ့ ကောင်းမွန်တဲ့ သင်ခန်းစာတစ်ချို့နဲ့ အမြင်မှန်တစ်ချို့ကို ထပ်မံရှာဖွေရရှိခဲ့ရပါတယ်။ 

ဒါနဲ့ပဲ ကျွန်မတို့တွေ ကြီးပြင်းလာကြရတယ်။ အတွေးခေါ်တွေ ရင့်ကျက်လာကြရတယ်။
သင်ခန်းစာတွေကြောင့် ဦးနှောက်ကပိုပြီး အလုပ်လုပ်လာကြရတယ်။  နှလုံးသားထဲမှာတော့ Filter လေးတွေနဲ့ အထပ်ထပ်စစ်ထုတ်ပြစ်ရင်း လူမှန်သူမှန်တွေပဲ နေရာမှန်မှာ ကျန်ရှိလာရတော့တယ်။ 

အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးလာရင်း ကျွန်မတို့အားလုံးဟာလည်း တဖြည်းဖြည်းနဲ့ လက်တွေ့ကျလာကြပါတယ်။

တစ်ချိန်ကတော့ ကိုယ့်ကိုယ်ကို သူများကြိုက်နှစ်သက်မဲ့ ပုံစံမျိုး မရမကဖြစ်အောင် ဖန်တီးနေထိုင်ရတဲ့အတွက် အရမ်းကို ပင်ပန်းခဲ့ရပါတယ်။

တဖြည်းဖြည်းနဲ့ ဟန်ဆောင်မျက်နှာဖုံးတွေ ခွာချလိုက်တဲ့အခါ အရမ်းကို ပေါ့ပါးသွားတာကို တွေ့ရပါတယ်။ အများကြိုက်မဲ့ပုံစံထက် ကိုယ့်ရဲ့ ပုံစံကိုပဲ အများလက်ခံအောင် ကောင်းတဲ့အချက်တွေနဲ့ cover ဖြစ်သွားအောင်ပဲ ဖြည့်ဆီးဖို့ပဲ ပိုပြီးအားသန်လာပါတော့တယ်။

သူများတွေကတော့ ဘယ်လိုစဉ်းစားလဲမသိပေမဲ့ ကျွန်မကတော့ အတိတ်တွေ အဆုံးရှုံးခံနိုင်တယ် အသိဥာဏ်တွေ ခံစားမှုတွေကိုတော့ အတိတ်မှာ ချန်မထားခဲ့နိုင်ဘူး။

တစ်ခါတစ်လေကျရင် အရမ်းချစ်ရတဲ့သူတစ်ယောက် ဒဏ်ရာတွေလက်သင့်ခံရင်း လက်လွှတ်ဆုံးရှုံးလိုက်ရလို့ နာကျင်ခံစားကြရပါတယ်။

တအုံနွေးနွေးနဲ့ ပြန်တမ်းတလွမ်းဆွတ်လို့ မပြီးကြတဲ့သူတွေလည်း ရှိပါတယ်။ ၀မ်းနည်းလွန်းလို့ ငိုကြွေးနေရတဲ့သူတွေလည်း ရှိပါတယ်။

တကယ်တမ်းက ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်ကို လက်လွှတ်လိုက်ရတာက ၀မ်းသာစရာပါ။
ကိုယ့်ကိုတကယ်မြတ်နိုးတဲ့သူက ကိုယ့်ကိုဘယ်တော့မှ အထိခိုက်ခံမှာ မဟုတ်ဘူးဆိုတာကို အသက်ရွယ်ရလာတဲ့အခါ သိလာကြပါတယ်။

အမြင်မှန်ရသွားတဲ့အချိန်မှာ သူနဲ့လမ်းခွဲရတာကိုပဲ ပျော်စရာလို့ ထင်မှတ်သွားရပါလိမ့်မယ်။
ဆုံးရှုံးတယ် မဆုံးရှုံးဘူးဆိုတာက အပြင်ပန်းသတ်မှတ်ချက်တစ်ခုပါပဲ။
ပိုင်ဆိုင်ရလာပြီဆိုကတည်းက တစ်ချိန်မှာတော့ ဆုံးရှုံးရမှာပါပဲ။

လူတစ်ယောက်လက်ကို ဆုပ်ကိုင်ထားနိုင်ရင် ဆုပ်ကိုင်ခွင့်ရရင်လည်း တစ်ချိန်တော့ ဖြုတ်ရမှာပဲလေ။ တကယ်တမ်းက ကိုယ့်ရဲ့ အသိတရားတွေ၊ ပညာတွေ၊ ခံယူချက်တွေ၊ ရည်မှန်းချက်တွေ ဆုံးရှုံးသွားတာလောက် ဘယ်အရာကမှ အရေးမကြီးနေပါဘူး။

အသက်ဆက်ရှင်နေသမျှကတော့ နေ့စဉ်နေ့တိုင်း ဆုံးရှုံးမှုတစ်ခုမဟုတ် တစ်ခု ကြုံတွေ့ရမှာပါပဲ။
တစ်ချို့လူတွေကတော့ ဒီအတွက် ငိုကြမယ်၊ တစ်ချို့တွေကတော့ ရီမောပျော်ရွှင်နေကြပါလိမ့်မယ်။
ဒီထဲမှာ ကိုယ်ကတော့ ၀မ်းနည်းတဲ့အထဲမှာ မပါဝင်ပဲ သင်ခန်းစာယူပြီး ပြုံးပြုံးရွှင်ရွှင် ရှေ့သို့ဆက်နိုင်အောင်ပဲကြိုးစားလိုက်ပါ။


Credit :  ချစ်တဲ့... မနုဿ



lutawlupyaw

No comments:

Post a Comment