Tuesday, May 12, 2015

"ကလေးတွေ ပြောရဲဆိုရဲ ဖြစ်လာစေဖို့"


"ကလေးတွေ ပြောရဲဆိုရဲ ဖြစ်လာစေဖို့"

ကလေးဘ၀တုန်းက ကျွန်မအလွန်ရှက်တတ်သည်။ ရှက်တတ်တာမှ အတော်လေးကို ရှက်တာပါ။ ကျွန်မမသိသောသူများနှင့် ကောင်းကောင်းမွန်မွန် စကားပြောဖို့ဆိုတာက ကျွန်မအတွက် အတော်လေး ခက်ခဲခဲ့သည်။

ကျွန်မငယ်ငယ်က ကလေးတွေကို ဆူဆူညံညံ  စကားပြောခွင့်မပြုသော အိမ်မျိုးမှာ ကြီးပြင်းခဲ့ရသည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်နည်းပါးပြီး ကိုးရိုးကားရားနှင့် သူများတွေနှင့် စကားမပြောတတ်၊ မဆိုတတ်တော့။  ကျွန်မက  မိသားစုထဲမှာတောင်  စကားပြောခဲလှသည်။ ကျွန်မ  စကားပြောလျှင်လည်း အမေ၊ ဆရာ၊ ဆရာမများနှင့် တခြားသူတွေက  ကျွန်မကို ကျယ်ကျယ်ပြောရန်  အော်ငေါက်တာ ခံခဲ့ရသည်။

တစ်ခါမှ မသိသူ၊ သူစိမ်းတွေနှင့် တွေ့ရပြီဆိုလျှင်တော့ ကျွန်မအတော်အဖြစ်ဆိုးခဲ့သည်။ တစ်ယောက်ယောက်ကို နေကောင်းလား ဘာညာနှုတ်ဆက်ရလျှင် ကျွန်မမျက်နှာတွေ နီရဲပြီး မထားတတ်အောင် ဖြစ်ခဲ့ရသည်။ တခြားသူတွေနှင့် ဘယ်လိုဆက် ဆံပြောဆိုရမည်ဆိုတာကို ကျွန်မ မသိ။ လူတွေကို ကျွန်မကြောက်သည်။ သူတို့က ကျွန်မကို လက်မခံမှာကိုလည်း ကြောက်သည်။
စိတ်ပညာရှင်နှင့် စာရေး ဆရာအန်တိုနီဂန်က လူတွေက လက်မခံမှာကို စိုးရွံ့ခြင်းသည် အရွယ်ရောက်သူများ၏  နံပါတ် (၁)   ကြောက်ရွံ့မှု ဖြစ်သလို ကလေးတွေမှာလည်း အတူတူပင် ဖြစ်သည်ဟု ဆိုသည်။ ကလေး များသည် (၂) နှစ်လောက် အရွယ်ကတည်းက ယင်းကြောက်ရွံ့စိုးရိမ်မှုမျိုး ရှိသည်ဟုဆိုသည်။

သည်လို ဖြစ်တာက ကလေးတွေ၏ သဘာဝဆိုတာကို မိဘတွေအနေနှင့် နားလည်ရမည်ဟု ဂန်က ပြောပါသည်။ ကလေးကလူတွေနှင့် မပြောချင်၊ မဆိုချင်တာဟာ တစ်ခုခုမှားနေခြင်း မဟုတ်ပါဟု ဆိုပါသည်။

‘‘ကလေးက လူတွေနဲ့ တွေ့ထိ ဆက်ဆံတဲ့အခါ စိတ်လှုပ်ရှား မနေသင့်ဘူးလို့ တွေးကြတာ မှားယွင်းတဲ့ အယူအဆပါ’’။ လူမှုရေးအရ  လက်မခံမှာကို  ကြောက်ခြင်းသည် သဘာဝပင်ဖြစ်၏။ ကလေးကို အပြုသဘော ဆောင်လာစေချင်ပါက  ဘ၀ကို ကျေနပ် ပျော်ရွှင်လာအောင်  သင်ကြားပေးဖို့ပင် ဖြစ်သည်။ ကိုယ့်ကလေး၏ လူမှုရေးဆိုင်ရာ စိုးရွံ့မှုကို ဖယ်ရှားပေးရန် အကောင်းဆုံးနည်းမှာ ကလေးတွေကို ကောင်းကောင်းစကားစပြီး ပြောတတ်သူတွေ ပြောရဲဆိုရဲဖြစ်လာအောင် သင်ကြားပေးခြင်းဖြစ်၏။

 ကလေးက ရှက်ပါသည်၊ လူတွေကို စကားပြောဖို့ ကြောက်နေပါသည်ဆိုကာမှ သည်လို ကလေးကို စကားကောင်းကောင်း စပြောတတ်၊ ဆိုတတ်ဖြစ်လာအောင် ဘယ်လိုသင်လို့ ဖြစ်နိုင်မလဲဟု တွေးကောင်းတွေးကြလိမ့်မည်။

တခြားအရာတွေလိုပင် ဘယ်လိုလုပ်ရမလဲ ဆိုတာကတော့ အလေ့အကျင့်ကနေ စရပါလိမ့်မည်။ ထိုအခါ ကလေးက လူမှုဆက်ဆံရေးမှာ ယုံကြည်မှုတွေ ရှိလာပါလိမ့်မည်။
အိမ်ပွဲစားတစ်ဦးဖြစ်သည့် တီဂန်ဒီကလပ်အတွက် လူတွေကို ချဉ်းကပ်တာ၊ စကားပြောတာက အကြောင်းမဟုတ်။ သို့သော် သူ၏ (၄) နှစ်သမီးလေးက လူတွေကို စကားပြောဖို့ ကြောက်တာကို သူမြင်ရတော့ အံ့အားသင့်ရသည်။

‘‘ဒါသူ့ရဲ့ သဘာဝမဟုတ်ဘူး။ ဒါကြောင့် ကျွန်မက သူ့ကို လူတွေနဲ့ စကားပြောခိုင်းတယ်။ အထူးသဖြင့် ဈေးဆိုင်မှာပေါ့။ တစ်ခုခုကို ဘယ်လောက်ကျလဲ သူသိချင်တယ်ဆိုရင် ဈေးဆိုင်ကလူကို သူ့ဘာသာ မေးခိုင်းတယ်။ ကျွန်မက ကြားထဲက ၀င်မပြောဘူး။ လူတွေနဲ့ အခြေအနေအမျိုးမျိုးမှာ ဆက်ဆံရတဲ့အခါ သူ့ဘာသာသူ ယုံကြည်မှု  ရလာစေချင်တယ်’’
တစ်ခါတလေ သမီးကလေးက ဒီကလပ်ကို သူ့ကိုယ်စားမေးပေးဖို့ တောင်းဆိုတာမျိုး ရှိသည်။ သူ့အနေနှင့်  သည်အချက်ကို လိုက်လျောပါက သမီးကလေး၏ ရှက်တတ်သည့် အကျင့်ကို မဖျောက်ပေးနိုင်ဘူးဆိုတာ သူကသိသည်။

‘‘တစ်ခါတလေတော့ ကျွန်မက သူ့အစား မမေးပေးတော့ သူက မကြိုက်ဘူးပေါ့။ ကျွန်မကလည်း  တမင်တင်းထားတာ။ နောက်ဆုံးတော့ သူ့ဘာသာပဲ လိုချင်တာကို  မေးရတော့တာပေါ့။ နောက်တစ်ခါကျတော့  သူ့အတွက် မေးရဲသွားပြီလေ’’
 စိတ်ပညာရှင်ဂန်ကတော့ ဈေးဝယ်ခြင်းသည် ကလေးများကို လူမှုဆက်ဆံတတ်ရန် အကောင်းဆုံး သိမ်မွေ့စွာ သင်ကြားသည့် နည်းတစ်ခုဟု  ဆိုပါသည်။ ကလေးတွေက ဆုချီးမြှင့်တာကို ကြိုက်ကြသည့်အတွက် ဈေးဝယ်သွားလျှင်  သကြားလုံးတစ်လုံးလောက်တော့ ပေးသင့်သည်ဟု ဆိုပါသည်။

‘‘ကလေးတွေက အရမ်းကို ရိုးသားကြပါတယ်။ သူတို့အများဆုံး လုပ်တာတွေအတွက် ဆုချပေးပါ။ မူကြိုအရွယ်မှာ ကလေးတွေကို ဈေးမေးခိုင်းတာတို့၊ ပေးတာတို့ လုပ်ခိုင်းပါ။ နည်းနည်းကြီးလာရင် ကိုယ်က ဈေးဆိုင်ပေါက်ဝကနေ သူတို့ဝယ်တာကိုသာ စောင့်ကြည့်နေပါ။ ကလေးတွေ ဈေးဆိုင်မှာ သူ့ဘာသာ ပြောဆို ဆက်ဆံတတ်လာတာကို တွေ့ရပါမယ်’’
ကလေးတွေကို ပြောရဲဆိုရဲ ရှိလာစေဖို့ မိဘတွေက သင်ပေးနိုင်တဲ့ နည်းနှစ်ခု ရှိပါသည်။ ကလေးတွေကို ပျော်စရာဖြစ်လာအောင်လုပ်ဖို့နဲ့ သူတို့ကိုယ်စား နေရာတကာ ၀င်ပါပြောနေတာမျိုး မလုပ်ဖို့ပင် ဖြစ်ပါသည်။

‘‘မိဘအတော်များများက သူတို့အနေနဲ့ ကလေးတွေအတွက် ၀င်ပါပြီး ကလေးတွေအစား ၀င်ပြောပေးရမယ်လို့ ထင်ကြတယ်။ ဒါဟာ တကယ်တော့ ကလေးရဲ့ လူမှုရေးကဏ္ဍကို ၀င်နှောင့်ယှက်နေတာပါ။ ကိုယ်ဝင်ပြောချင်လာရင် မပြောခင် စိတ်ထဲမှာ ၁၊ ၂၊ ၃၊ ၄- ၁၀ အထိ ဆိုနေလိုက်။ ကလေးကို သူ့ဘာသာ ပြောပလေ့စေ’’ ဟု ဂန်က အကြံပေးပါသည်။

ကလေးက ရှက်သည်ဖြစ်စေ၊ မရှက်သည်ဖြစ်စေ ယခုလို စကားပြောခြင်းက လူမှုရေးအတွက် အကျိုးရှိစေပါသည်။ ကလေးစကားပြော ပညာရှင် လော်ရင်းအိုင်လင်ကမူ စာအုပ်တွေကိုအသုံးချပြီး ပုံပြင်များ ပြောစေခြင်းကလည်း ကလေးတွေ၏ စကားပြောစွမ်းရည်ကို အားပေးသည်ဟု ဆိုပါသည်။
‘‘ကျွန်မကတော့ မိဘတွေကို စာအုပ်ဖတ်ပြခိုင်းတာကို လုပ်ခိုင်းတယ်။ ကလေးတွေကို စာအုပ်ထဲက ဇာတ်လမ်းအကြောင်း ပြန်ပြောပြတာက ဘာဖြစ်မလဲဆိုတဲ့ သူတို့ရဲ့ သိလိုစိတ်ကို နှိုးဆွပေးတယ်။ ပုံပြောနေတုန်း ခဏခဏရပ်ပြီး ကလေးတွေကို မေးခိုင်းတာ၊ ပြီးတော့ ဆက်ပြောစေတာမျိုးက ကလေးတွေအနေနဲ့  ဘာသာစကားကို သူ့ဘာသာ ပြောတတ်လာစေတယ်’’ ကလေးတွေက စကားတွေ စပြောလာအောင် မိဘတွေကလည်း ခေါင်းစဉ်တွေ ရှာပေးရမည် ဟု ဆိုပါသည်။ ဥပမာ သူတို့ ကျောင်းအကြောင်း၊ ရုပ်ရှင်အကြောင်း၊ ကစားနည်းတွေအကြောင်း အစလုပ်ကာ မေးပေးရမည်ဟုလည်း စိတ်ပညာရှင် ဂန်က ရှင်းပြသည်။

‘‘ပြီးတော့ ကလေးကိုလည်း သူများတွေ ပြောတာ နားထောင်ခိုင်းပြီး သူတို့ဘာတွေ ပြောကြသလဲဆိုတာ သိအောင်လုပ်ခိုင်းပါ။ အဲဒီလို လုပ်တာက ကလေးရဲ့ အသိအမြင်ကို ကြွယ်ဝလာစေတယ်။ စကားပြောကောင်းသူ တစ်ယောက် ဖြစ်လာတယ်ဆိုတာကလည်း တခြားသူတွေ ဘာစိတ်ဝင်စားတယ်ဆိုတာ သိလာတာကနေ စတာပဲ။ ဒါကြောင့် ကလေးကို တခြားသူပြောရင်လည်း အာရုံစိုက်နားထောင်ခိုင်းပါ’’

စကားမပြောရဲသော ကလေးတစ်ယောက်ဖြစ်သည့် ကျွန်မသည် လူတွေနှင့် နေ့တိုင်းပြောဆို ဆက်ဆံလာရန် တွေးတောင်မတွေးရဲပါ။ သည်နေ့အထိ လူမှုရေးနယ်ပယ်မှာ ကိုယ်ကစပြီး စကားစပြောဖို့ ခက်နေပါသေးသည်။

ယခုအချိန်မှာ ကျွန်မကို လူတစ်ယောက်ယောက်က စကားပြောကောင်းသူ တစ်ယောက်လို့ ချီးကျူးပြောဆိုပါ သိပ်ကောင်းပါလိမ့်မည်။ ကျွန်မက ကလေးကို ဒီအကြောင်းပြောပြကာ အားပေး နိုင်ပါလိမ့်မည်။


Credit : 7day Daily

No comments:

Post a Comment