Tuesday, May 26, 2015

"သကြားကို ပိုမိုစားသုံးခြင်းကြောင့် ရရှိနိုင်သောဆိုးကျိုးများ"


"သကြားကို ပိုမိုစားသုံးခြင်းကြောင့် ရရှိနိုင်သောဆိုးကျိုးများ"

သကြားသည် စွဲလမ်းစေနိုင်သည်။ သို့သော် သကြားကို လွန်ကဲစွာ စားပါက ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် သကြားကို လိုအပ်သည့် ပမာဏထက် ပို၍မစားမိစေရန် ရှောင်နိုင်သမျှ ရှောင်ရှားသင့်သည်။

သကြားအလွန်အကျွံစားသုံးခြင်း၏ ဆိုးကျိုးများကို အာဟာရပညာရှင်နှင့် ကိုယ်အလေးချိန်လျှော့ချရေး အတိုင်ပင်ခံ ဒေါက်တာ ဆမ်ရန်ဆိုင်နီက ရှင်းပြထားသည်။ အမျိုးသမီးများအနေဖြင့် တစ်နေ့လျှင် သကြားကို လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းထက်ပို၍ မစားသင့်ဘဲ အမျိုးသားများ ကိုးဇွန်းထက် ပို၍ မစားသင့်ဟု ကျွမ်းကျင်သူများက အကြံပေးထားသည်။

ကျွန်တော်တို့အများစုမှာ သကြား၏ဆိုးကျိုးများကို (သို့မဟုတ်) စားသင့်သောပမာဏကို စဉ်းစားခြင်းမရှိဘဲ အလွန်အကျွံ စားသုံးတတ်ကြသည်။ အရသာကောင်းအောင်၊ တာရှည်ခံအောင် ဖန်တီးထားသော အစားအစာများတွင် သကြားပမာဏ များစွာပါဝင်သည်။ အအေးသံဘူးတစ်ဘူးတွင် သကြားခုနစ်ဇွန်းအထိ ပါဝင်သည်။ အအေးခွက်ကြီးတစ်ခွက်တွင် သကြား လက်ဖက်ရည်ဇွန်း ၄၄ ဇွန်းအထိ ပါဝင်နိုင်သည်။

ချောကလက်များ၊ မုန့်ချိုများ၊ သကြားလုံးများ၊ အမြန်ပြင်အစားအစာများ၊ နံနက်စာအဖြစ် စားသောက်သော နှံစားပင်ထွက်ပစ္စည်းဖြင့် ပြုလုပ်ထားသည့် ချိုသောအစားအသောက်များ၊ ရေခဲမုန့်များ၊ စည်သွတ်သစ်သီးဖျော်ရည်များ၊ စွပ်ပြုတ်များ၊ အရက်ပါသော ဖျော်ရည်များနှင့် အချိုပွဲများတွင် သကြားပါဝင်မှုမြင့်မားသည်။

သကြားတွင် ကယ်လိုရီပါဝင်သော်လည်း ခန္ဓာကိုယ်အတွက် လိုအပ်သည့် ဗီတာမင်များ (သို့မဟုတ်) သတ္တုဓာတ်များ မပါဝင်ပေ။ ခန္ဓာကိုယ်ထဲတွင် သကြားဓာတ်လွန်ကဲနေပါက အဝလွန်ခြင်း၊ သွားများပျက်စီးခြင်း၊ ဆီးချိုရောဂါနှင့် ကိုယ်ခံအားစနစ်အားနည်းစေခြင်း တို့ကဲ့သို့ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်သည်။

သကြားဓာတ်လွန်ကဲမှုကြောင့် ကိုလက်စထရောမြင့်မားခြင်း၊ အင်ဆူလင် ထုတ်လုပ်မှု မရှိခြင်းနှင့် သွေးတိုးခြင်းတို့ကဲ့သို့ ဇီဝဖြစ်ပျက်မှုနှင့်ဆက်စပ်သည့် ရောဂါများလည်း ဖြစ်လာနိုင်သည်။ သကြားကို မစားရမနေနိုင် စွဲလမ်းနေသူများအနေဖြင့် သကြားအစားထိုးပစ္စည်းများကို စားသုံးသင့်သည်။ ယင်းပစ္စည်းများမှာ သကြားကဲ့သို့ အရသာရှိသော်လည်း ကယ်လိုရီမပါသလောက် နည်းပါးသည်။

ဆီးချိုရောဂါရှင်များ၊ အဝလွန်နေသူများနှင့် အခြားကျန်းမာရေး ပြဿနာရှိသူများအနေဖြင့် သကြားအစားထိုးပစ္စည်းများကို စားသုံးသင့်သည်။ သကြားအစားထိုးပစ္စည်းများကို စားသုံးသူများအနေဖြင့် ဆာလောင်မှုကို မခံစားရဘဲ ကယ်လိုရီစားသုံးမှုကို သိသိသာသာ လျှော့ချနိုင်မည်ဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ ပြင်းထန်သော ကျန်းမာရေးမူမမှန်မှုများကို ရှောင်ရှားရန်နှင့် ကျန်းကျန်းမာမာရှိနေစေရန် နေ့စဉ် သကြားစားသုံးမှုကို လျှော့ချရန် အရေးကြီးသည်။ သကြားအစားထိုးပစ္စည်းများမှာ ချိုသော်လည်း ကျန်းမာရေးကို မထိခိုက်စေဘဲ အန္တရာယ်ကင်းစွာဖြင့် အချိုဓာတ်စားသုံးလိုမှုကို ပြေပျောက်စေမည် ဖြစ်သည်။      


Credit : 7Day Daily

No comments:

Post a Comment